ဂျီအက်ဖ်အေ-မကွေး၊ ရှမ်း-ရခိုင်၊ ရတနာပုံ-ဟံသာဝတီ ထိပ်တိုက်တွေ့ဆုံမှုများနှင့် MPT Myanmar National League 2018 Week 9 ပွဲစဉ်များ ယနေ့ ပြန်လည် ကျင်းပနေပြီဖြစ်

March 30, 2018
လက်ရွေးစင်အသင်း၏ နိုင်ငံတကာပွဲစဉ်တွေကြောင့် အားပေးသူပရိသတ်များနှင့် သုံးပတ်ကျော်ကင်းကွာနေခဲ့သည့် MPT Myanmar National League 2018 ပြိုင်ပွဲကြီး ပရိသတ်ရှေ့မှောက် တစ်ဖန်ပြန်လည် ရောက်ရှိလို့လာပါပြီ။ ယခုတစ်ပတ် ပွဲစဉ်(၉)မှာ ရှမ်း-ရခိုင်၊ စစ်ကိုင်း-ဆောက်သမ်း၊ ဇွဲကပင်-ဧရာဝတီ၊ ရတနာပုံ-ဟံသာဝတီတို့ ထိပ်တိုက်တွေ့ဆုံနေတဲ့အပြင် ဂျီအက်ဖ်အေ-မကွေး၊ မြ၀တီ-ရန်ကုန် စတဲ့တန်းဆင်းဇုန် ၀ဲဂယက်ကြားက နှစ်သင်းနှင့် လက်ရှိ မြန်မာနေရှင်နယ်လိဂ် ထိပ်သီးနှစ်သင်းအားပြိုင်မှု ပွဲစဉ်တွေနှင့် ချစ်သော မြန်မာနေရှင်နယ်လိဂ် ပရိသတ်တွေအတွက် အသုံးတော်ခံသွားမှာ ဖြစ်ပါတယ်။

30-3-2018

ဂျီအက်ဖ်အေအက်ဖ်စီ-မကွေးအက်ဖ်စီ(သုဝဏ္ဏ)-၄း၀၀

ယခုတစ်ပတ် ပွဲစဉ်(၉) ၏ အစောဦးဆုံးပွဲစဉ်လည်းဖြစ်ပြီး ယနေ့ညနေ ၄ နာရီအချိန် သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ကစားသွားကြမှာပါ။ ဂျီအက်ဖ်အေအသင်းက ပွဲစဉ်(၈)အပြီး (တစ်ပွဲလျော့ အနေအထား) နှင့် တန်းဆင်းဇုန် အန္တရာယ်ကြားမှာ ရောက်ရှိလို့နေတာပါ။  ပြိုင်ဘက် မကွေးအက်ဖ်စီအသင်းက ရမှတ် ၁၇ မှတ်နှင့် အဆင့် ၂ နေရာကိုမားမားမတ်မတ် ရပ်တည်နေတာဖြစ်လို့  ဒီနှစ်သင်း၏ လတ်တလော အဆင့်ရပ်တည်မှုက ကွားခြားမှု ရှိနေပါတယ်။ သို့သော်လည်း ဘောလုံးပြိုင်ပွဲဆိုသည်မှာ ပုံသေကားချပ် တွက်ဆလို့ မရသည့် အနေအထားတစ်ခုပါ။ နှစ်သင်းစလုံးကလည်း ရပ်နားထားတဲ့ ကာလတွေမှာ လေ့ကျင့်မှုတွေ ဆက်တိုက်ပြုလုပ်ထားတာ တွေ့ရပါတယ်။ ဒါကြောင့် တန်းဆင်းဇုန်းအတွင်းက ရုန်းထွက်နိုင်အောင် ကြိုးပမ်းလာမယ့် ဂျီအက်ဖ်အေနှင့် အဆင့် ၁ နေရာက ရန်ကုန်အသင်းကို ဆက်လက်ဖိအားပေးဖို့ အားထည့်လာမယ့် မကွေးအသင်းတို့၏ အားပြိုင်မှုကို ရူစားကြရမှာပါ။

31-3-2018

ရှမ်းယူနိုက်တက်-ရခိုင်ယူနိုက်တက် (တောင်ကြီး) – ၃း၃၀

လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းအတွက် လာမယ့် ပွဲစဉ်ဟာ နည်းပြချုပ်တာဝန်ယူထားတဲ့ ဦးအောင်ကျော်ထွန်းအတွက် ပထမဆုံး အမှတ်ပေးပြိုင်ပွဲလည်း ဖြစ်ပါတယ်။ ၄င်းအနေနဲ့ ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းသွားမယ်လို့ ပြောကြားထားသူပါ။ ဒါကြောင့် တာထွက်ပွဲစဉ်မှာ ရလဒ်ကောင်းနဲ့ စတင်နိုင်မလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။ ဒီနှစ်သင်း၏ နောက်ဆုံးလေးကြိမ် တွေ့ဆုံမှုမှာ တစ်ကြိမ် သရေရလဒ်ထွက်ပေါ်ထားပြီး ရှမ်းယူနိုက်တက်အသင်းက သုံးကြိမ် အနိုင်ရရှိထားပါတယ်။ ဒါ့အပြင် တောင်ကြီးကွင်းမှာ လာရောက်ယှဉ်ပြိုင်တဲ့ နောက်ဆုံးနှစ်ပွဲမှာ ရှမ်းအသင်းကပဲ အသာရထားတာ တွေ့ရပါတယ်။ ဒါပေမယ့် ရခိုင်ယူနိုက်တက်အသင်းက အတိတ်က ကွာခြားမှုရှိကြောင်း သက်သေပြဖို့ တောင်ပေါ်မြေကို ရောက်ရှိလို့နေပါပြီ။ ဒါကြောင့် မတ်လ ၃၁ ရက်မှာ ယှဉ်ပြိုင်ကစားမယ့် ပွဲစဉ်မှာ ဘယ်အသင်း အသာရသွားမှာလဲဆိုတာ..

31-3-2018

မြ၀တီအက်ဖ်စီ – ရန်ကုန်ယူနိုက်တက်

ဒီရာသီ တန်းတက်မြ၀တီအသင်း၏ ပထမဆုံးသော မြန်မာနေရှင်နယ်လိဂ်ရာသီက ထင်သလောက် ခရီးမပေါက်သေးတာ ပွဲစဉ်(၈) ကစားပြီးတဲ့အထိပါပဲ။ နှစ်ပွဲသရေ၊ ခြောက်ပွဲရှုံးရလဒ်တွေနှင့် နိုင်ပွဲမဲ့ ကာလတွေကို ဖြတ်သန်းနေရဆဲဖြစ်ပါတယ်။ ဒီအချိန်မှာ အမှတ်ပေးဇယားထိပ်ဆုံးက ရန်ကုန်ယူနိုက်တက်အသင်းနှင့် တွေ့ဆုံနေတာဟာ မြ၀တီအသင်းအတွက် ကံဆိုးမှုတစ်ခုအဖြစ် သတ်မှတ်ရမလိုဖြစ်နေပါတယ်။ တစ်ဖက်မှာလည်း ရန်ကုန်ယူနိုက်တက်အသင်းက အဆင့် ၂ နေရာက မကွေးအသင်း၏ ဖိအားပေးမှုကြောင့် ရတက်မအေး နိုင်သေးတဲ့ အနေအထားတစ်ခုပါ။ ဒါ့အပြင် ပွဲစဉ်(၁၀)မှာ အစဉ်အလာပြိုင်ဘက် ရတနာပုံအက်ဖ်စီအသင်းနှင့် တွေ့ဆုံယှဉ်ပြိုင်ရမှာဖြစ်တာကြောင့် လာမယ့်ပွဲစဉ်မှာ အမှတ်ပြည့် ရယူနိုင်ဖို့  သေချာပေါက်  ကြိုးစားလာမှာပါ။  သို့သော်လည်း  မြ၀တီအသင်းက ဒီရာသီ နိုင်ပွဲရယူထားနိုင်ခြင်း မရှိသေးပေမယ့် မကွေး၊ ရတနာပုံစတဲ့ အသင်းကြီးတွေကို သရေခံကစားထားတာကို ထည့်တွက်ရပါလိမ့်မယ်။

31-3-2018

စစ်ကိုင်းယူနိုက်တက်-ဆောက်သမ်းမြန်မာ(မုံရွာ)-၃း၃၀

ပွဲစဉ်(၄) နောက်ပိုင်း စစ်ကိုင်းယူနိုက်တက်အသင်း ပရိသတ်တွေအတွက် အသင်းရဲ့ ပွဲစဉ်တွေကို အိမ်ကွင်းမှာ ပြန်လည်အားပေးခွင့် ရရှိမယ့်  ပွဲစဉ်ပဲဖြစ်ပါတယ်။  အဆင့် ၁၀ နေရာက စစ်ကိုင်းယူနိုက်တက်အသင်းနှင့် အဆင့် ၉ နေရာက ဆောက်သမ်းမြန်မာအသင်းတို့ မတ်လ ၃၁ ရက်တွင် မုံရွာကွင်း၌ ယှဉ်ပြိုင် ကစားသွားကြမှာပါ။  စစ်ကိုင်းယူနိုက်တက်အသင်းက  ဒီရာသီ အိမ်ကွင်းသုံးပွဲ ယှဉ်ပြိုင်ထားရာမှာ တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားပါတယ်။  ရခိုင်ယူနိုက်တက်အသင်းနှင့် ဂိုးမရှိသရေ၊ ရန်ကုန်အသင်းကို သုံးဂိုး၊ တစ်ဂိုးဖြင့် အရေးနိမ့်ခဲ့တဲ့ပွဲစဉ်နှင့် ဂျီအက်ဖ်အေအသင်းကို နှစ်ဂိုး၊တစ်ဂိုး ဆိုသော ရလဒ်ဖြင့် အနိုင်ရရှိထားတဲ့ ပွဲစဉ်တွေပဲ ဖြစ်ပါတယ်။  ဧည့်သည် ဆောက်သမ်းမြန်မာအသင်း အသင်းအနေနဲ့ ရလဒ်ကောင်းတွေ ရရှိဖို့ ကြိုးစားနေရဆဲ ကာလဟု ဆိုနိုင်ပါတယ်။  နောက်ဆုံးငါးပွဲမှာ နှစ်ပွဲနိုင်၊ နှစ်ပွဲရှုံး၊ တစ်ပွဲသရေ ရလဒ်ထွက်ပေါ်ထားပြီး ခြေစွမ်းတည်ငြိမ်မှု မရှိသေးတာ ဖြစ်ပါတယ်။  သို့သော်လည်း ခြေညီတဲ့ နှစ်သင်းဖြစ်နေတာကြောင့်  ဒီတစ်ပတ်ရဲ့ ပြိုင်ဆိုင်မှုပြင်ထန်းမယ့် ပွဲစဉ်တွေထဲက တစ်ပွဲအဖြစ် စောင့်ကြည့်ရမှာပါ။

1-4-2018

ဇွဲကပင်ယူနိုက်တက်-ဧရာဝတီယူနိုက်တက်(အောင်ဆန်း)-၄း၀၀

ဒီနှစ်သင်းတွေ့ဆုံတဲ့ နောက်ဆုံးလေးပွဲမှာ ဧရာဝတီယူနိုက်တက်အသင်းက နှစ်ပွဲနိုင်ပြီး ကျန်တဲ့နှစ်ပွဲမှာ (၁-၁)၊ (၀-၀) ဆိုသော ရလဒ်တွေနဲ့  သရေရလဒ်တွေ ထွက်ပေါ်ထားပါတယ်။  သို့သော်လည်း ဧရာဝတီအသင်း အနိုင်ရခဲ့တဲ့ အဆိုပါနှစ်ပွဲမှာ ရလဒ်ပိုင်း ပြတ်ပြတ်သားသား ထွက်ပေါ်ခဲ့တာ မဟုတ်ဘဲ အကြိတ်အနယ် ကစားပြီး  ကျဉ်းမြောင်းတဲ့ ရလဒ်တွေနဲ့ပဲ အနိုင်ရခဲ့တာ တွေ့ရပါတယ်။ ဒါကြောင့်  ဒီနှစ်သင်းရဲ့ ယခုတစ်ကြိမ် အားပြိုင်မှုက အကြိတ်အနယ် ဖြစ်လာအုံးမှာ အသေအချာပဲ ဖြစ်ပါတယ်။ လက်ရှိ အဆင့် ရပ်တည်မှုအပိုင်းမှာ နည်းပြချုပ် ဦးမင်းထွန်းလင်းရဲ့ ဇွဲကပင်ယူနိုက်တက်အသင်းက အဆင့် ၇ နေရာတွင် ရှိနေပြီး ဦးကျော်လွင် ဦးဆောင်တဲ့ ဧရာဝတီယူနိုက်တက်အသင်းက အဆင့် ၈ နေရာမှာ ရပ်တည်နေတာ တွေ့ရမှာပါ။

1-4-2018

ရတနာပုံအက်ဖ်စီ-ဟံသာဝတီယူနိုက်တက်(မန္တလာသီရိ)- ၄း၀၀

ရတနာပုံအသင်းက အမှတ်ပေးဇယားကို တစ်ဖန် ဦးဆောင်ခွင့်ရဖို့ အတွက် တာစူနေတဲ့အသင်းပါ။ လတ်တလောမှာတော့ ရန်ကုန်၊မကွေးစတဲ့ အသင်းတွေရဲ့နောက် အဆင့် ၃ နေရာမှာ ရမှတ် ၁၅ မှတ်နဲ့ ရပ်တည်နေပါတယ်။ အဆင့် ၄ နေရာက ရှမ်းယူနိုက်တက်အသင်းရဲ့ ကျော်တက်ခြင်း မခံရဖို့အတွက်လည်း ကြိုးပမ်းနေရတာပါ။ နောက်ဆုံးကစားခဲ့တဲ့လေးပွဲမှာလည်း တစ်ပွဲပဲ အနိုင်ရခဲ့လို့ ဦးအောင်ကျော်မိုးရဲ့ ရတနာပုံအသင်း ခြေစွမ်းမှန် ပြန်ရဖို့ ရုန်းကန်နေရပါတယ်။ သို့သော် ဧည့်သည် ဟံသာဝတီယူနိုက်တက်အသင်း အနေနဲ့  ရတနာပုံအသင်းနှင့် ယှဉ်ပြိုင်တဲ့ အိမ်ကွင်း၊အဝေးကွင်း နောက်ဆုံး ခြောက်ပွဲမှာ တစ်ပွဲမှ အနိုင်ရခဲ့တာ မရှိဘဲ ပွဲတိုင်းက အရှုံးရလဒ်တွေချည်း ရင်ဆိုင်ခဲ့ရပါတယ်။ ဒါကြောင့် မန္တလာမြေမှာ အတိတ်က ရလဒ်ဆိုးကို ချေဖျက်ပြနိုင်မလား..သို့မဟုတ် နောက်ထပ် မှတ်တမ်းဆိုးတစ်ခု တင်ကျန်ရစ်မလား စောင့်ကြည့်ရမှာပါ။