စစ်တွေမြို့ ရှိ ရခိုင်ယူနိုက်တက်အသင်း အားပေးသူ ပရိသတ်များနှင့် မြန်မာနေရှင်နယ်လိဂ် တာဝန်ရှိသူများ တွေ့ဆုံခဲ့

April 9, 2018
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပလျက်ရှိသော မြန်မာနေရှင်နယ်လိဂ် အမှတ်ပေး ဘောလုံးပြိုင်ပွဲအား ပရိသတ်များ ယခုထက်ပိုမို စိတ်ဝင်တစား အားပေးလာစေရန် မြန်မာနေရှင်နယ်လိဂ်မှ ကြိုးပမ်းမှု အနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ သွားရောက်၍ သက်ဆိုင်ရာ ကလပ်အသင်းတာဝန်ရှိသူများ ၊ ဒေသခံ ဘောလုံးပရိသတ်များ(Fan Leaders)၊ ဒေသဆိုင်ရာ ဘောလုံးအဖွဲ့ချုပ်များမှ တာဝန်ရှိသူများနှင့် သွားရောက်တွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်လျှက် ရှိရာ ယနေ့ ဧပြီ ၈ ရက် ညနေပိုင်းက ရခိုင်ယူနိုက်တက်အသင်း အားပေးသူ ဖန်အဖွဲ့ဝင်များနှင့် မြန်မာနေရှင်နယ်လိဂ်မှ တာဝန်ရှိသူများ တွေဆုံ ခဲ့ကြသည်။
 
မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင် ဦးဆောင်သည့် အဖွဲ့သည် ရခိုင်ယူနိုက်တက် ဖန်ကလပ် ခေါင်းဆောင်များနှင့် စစ်တွေမြို့ရှိ ရခိုင်ယူနိုက်တက် အသင်းအိမ်ကွင်းဖြစ်သည့် ဝေသာလီ ကွင်းရှိ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
 
ယင်းသို့တွေ့ဆုံရာတွင် မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်က ဖန်ကလပ်၏ ရပ်တည်မှုများ၊ လုပ်ဆောင်သင့်သည်များကို ရှင်းလင်းပြောကြားခဲ့ပြီး ရခိုင်ယူနိုက်တက် အသင်း ဖန်ကလပ် အဖွဲ့ဝင်များကလည်း သိလိုသည်များ၊ လုပ်ဆောင်ရန် ရှိသည်များကို ပြန်လည် ဆွေးနွေး ခဲ့သည်။ ယင်းနောက်တွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်မှ ကျင်းပသွားရန် ရှိနေသည့် MFF-MPT Grassroots Football Festival 2018 နှင့် MPT U-14 Football Tournament 2018 ပြိုင်ပွဲများနှင့် ပတ်သက်၍ ဖန်အဖွဲ့များမှ ကူညီဆောင်ရွက်ပေးနိုင်မည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
 
ရခိုင်ယူနိုက်တက် အသင်းသည် ပြီးခဲ့သည့် ၂၀၁၇ ဘောလုံးရာသီမှ စတင်ကာ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အိမ်ကွင်းစတင် ကျင်းပခဲ့ခြင်း ဖြစ်ပြီး မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများအနက် အိမ်ကွင်း အမာဆုံး အသင်းတစ်သင်းအဖြစ် မှတ်ကျောက် တင်ထားနိုင်ခဲ့ပြီး ယခုရာသီ ကစားထားသည့် အိမ်ကွင်း သုံးပွဲလုံး ရာနှုန်းပြည့် နိုင်ပွဲ ရယူထားနိုင်သည့် အသင်းဖြစ်သည်။ ရခိုင်ယူနိုက်တက် အသင်း အမာခံ ပရိသတ်အဖွဲ့ (Fan Club) ကို ဒုတိယအကျော့ ပွဲများမတိုင်မီ ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သိရပြီး စည်းကမ်းတကျဖြင့် အားပေးသွားကြမည် ဖြစ်ကြောင်း သိရသည်။
 
မြန်မာနေရှင်နယ်လိဂ် အနေဖြင့် ပုသိမ်၊ ပဲခူး၊ စစ်ကိုင်း၊ ရှမ်း၊ မန္တလေး၊ မော်လမြိုင် စသည့် မြန်မာနေရှင်နယ်လိဂ် ကိုယ်စားပြု အသင်းများ ပါဝင်ကစားလျက်ရှိသည့် ဒေသများသို့ သွားရောက်၍ မြို့နယ်ဘောလုံးအဖွဲ့ချုပ်များ၊ ကလပ်အသင်း တာဝန်ရှိသူများ၊ ဖန်အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံညှိနှိုင်းမှုများ ပြုလုပ်လျက်ရှိပြီး ကျန်ရှိသည့် ဒေသများသို့ သွားရောက်ကာ တွေ့ဆုံညှိနှိုင်းမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။
 
မြန်မာနေရှင်နယ်လိဂ် အနေဖြင့် သက်ဆိုင်ရာကလပ်အသင်းများ အလိုက် စနစ်တကျ ဖွဲ့စည်းထားသည့် အသင်းအမာခံ ပရိသတ်များ(Fan Club)အဖွဲ့များကို ဖွဲ့စည်းပြီးပါက အဘက်ဘက်မှ ပူးပေါင်းဆောင်ရွက်မှုများအပြင် ပွဲစဉ်တိုင်း၌ ပိုမိုတက်ကြွ သက်ဝင်စွာ အားပေးနိုင်ရန် လိုအပ်သော ဘင်ခရာနှင့် တူရိယာပစ္စည်းများ ၀ယ်ယူနိုင်ရန် အတိုင်းတာတစ်ခုထိ ပံ့ပိုးကူညီ ပေးသွားရန်လည်း စီစဉ်ထားသည်။