ဒုတိယပိုင်း သွင်းဂိုးများဖြင့် နိုင်ပွဲရခဲ့သည့် ရှမ်းယူနိုက်တက်အသင်း

April 29, 2018

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-11) ပွဲစဉ်တစ်ပွဲအဖြစ် မြ၀တီအက်ဖ်စီအသင်းနှင့် ရှမ်း ယူနိုက်တက်အသင်းတို့ ယနေ့ညနေက သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ပြီး ဒုတိယပိုင်းသွင်းဂိုးများဖြင့် ရှမ်းယူနိုက်တက်အသင်းက သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

ရှမ်းယူနိုက်တက်အသင်းသည် ဦးဆောင်ဂိုးစတင်ရရှိရရန် ပွဲစတင်သည်နှင့်တစ်ပြိုင်နက် မြ၀တီအသင်းဘက်သို့ ဖိအားပေး ကစားခဲ့သည်။ မြ၀တီအသင်းသည်လည်း ရှမ်းယူနိုက်တက်အသင်း တိုက်စစ်ကို အကောင်းဆုံး ခုခံကစားကာ တန်ပြန်တိုက်စစ်ပုံစံမျိုး ဖြင့် ရှမ်းအသင်းကို ပြန်လည်အခက်တွေ့စေနိုင်ခဲ့သည်။ ပထမပိုင်းအပြီးတွင် နှစ်သင်းစလုံး ဂိုးမသွင်းနိုင်ဘဲ ဂိုးမရှိသရေကျခဲ့သည်။

ဒုတိယပိုင်း ပြန်လည်စတင်ရာတွင်လည်း ပထမပိုင်းကဲ့သို့ပင် ရှမ်းယူနိုက်တက်အသင်းမှ ဦးဆောင်ဂိုးရရန် ကြိုးပမ်းခဲ့ပြီး မြ၀တီအသင်း မှလည်း အကောင်းဆုံးပြန်လည် တုံ့ပြန်ကစားခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းသည် ပွဲချိန် ၆၆ မိနစ်တွင် ဦးဆောင်ဂိုးစတင်ရခဲ့ပြီး ဦး ဆောင်ဂိုးကို ဇင်မင်းထွန်းက သွင်းပေးခဲ့သည်။ ရှမ်းအသင်းသည် ဦးဆောင်ဂိုးရပြီး နောက်ထပ် ငါးမိနစ်အကြာတွင် ဒုတိယ ဂိုးထပ်မံရခဲ့ပြီး ဇော်လင်းက ခေါင်းတိုက်သွင်းပေးခဲ့သည်။ ရှမ်းယူနိုက်တက်အသင်းအတွက် တတိယဂိုးကို ပွဲချိန် ၉၀+၂ မိနစ်တွင် အသင်းခေါင်းဆောင် စိုးမင်းဦးက သွင်းပေးခဲ့သည်။