မကွေးအသင်းကို ခြေစွမ်းပြ အနိုင်ကစားပြီး ပထမအကျော့ရှုံးကြွေးကို ပြန်ဆပ်ခဲ့တဲ့ ရတနာပုံ

June 2, 2018

ပြည်တွင်း လူငယ်ကစားသမားတွေ အားနဲ့အတူ ရာသီအစမှာ ခြေစွမ်းပြနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ ရုန်းကန်နေရတဲ့ ရတနာပုံ အသင်းက သူတို့လိုပဲ ပြည်တွင်းကစားသမားအားနဲ့ ဒုတိယနေရာထိ ရောက်နေတဲ့ မကွေးအသင်းကို (၀-၂) ဂိုးနဲ့ အနိုင်ယူပြီး ဒုတိယအကျော့ အဖွင့် နှစ်ပွဲဆက် နိုင်ပွဲရယူနိုင်ခဲ့ပါတယ်။ ရတနာပုံအတွက် အဖိုးတန် သွင်းဂိုးတွေကို ရတနာပုံရဲ့ အဓိက ကစားသမား တစ်ဦးဖြစ်တဲ့ စည်သူအောင် တစ်ဦးတည်းက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

မကွေးအသင်းမှာ အောင်မြင့်ထွန်း၊ နန္ဒကျော်၊ ကျော်ဇင်ဖြိုး၊ စိုးလွင်လွင်၊ မောင်မောင်စိုး အစရှိတဲ့ အဓိက ကစားသမားတွေ အစုံအလင် ပါဝင်ခဲ့သလို ရတနာပုံ အသင်းမှာလည်း ရဲကိုဦး၊ စည်သူအောင်၊ မြတ်ကောင်းခန့်၊ လှိုင်းဘိုဘို၊ ဝင်းနိုင်စိုး အစရှိတဲ့ လက်ရွေးစင် ကစားသမားတွေ အစုံအလင် ပါဝင်ခဲ့ပါတယ်။

ပွဲစစချင်းမှာ မကွေးက ပိုမိုအသာစီး ရခဲ့ပြီး လျှင်မြန်တဲ့ တိုက်စစ်နဲ့ ပွဲကို ဦးဆောင်ခဲ့ပါတယ်။ ပွဲအစ ၂ မိနစ်မှာတင် နိုင်နိုင်ကျော် အပိုင်ကန်ခွင့် ရတာကို ဂိုးဘေးလွဲကန်ခဲ့တာကြောင့် မကွေးအသင်း ပွဲကို ဦးဆောင်နိုင်တဲ့ အခွင့်အရေးကို လက်လွှတ်လိုက်ရပါတယ်။ ပွဲချိန် နည်းနည်းကြာလာပြီးတဲ့ နောက်မှာတော့ ရတနာပုံကလည်း ကစားပုံတည်ငြိမ်လာခဲ့ပြီး အပြန်အလှန် ထိုးဖောက်လာခဲ့ပါတယ်။ ပွဲချိန် ၁၆ မိနစ် အရောက်မှာတော့ မကွေးခံစစ်သမားတွေရဲ့ အမှားကနေ သက်နိုင်ညာခြမ်းက ခင်းပေးလိုက်တာကို စည်သူအောင်က သူ့ပုံစံအတိုင်း တစ်ချက်ထိန်းပြီး အပိုင်ကန်သွင်းခဲ့တာကြောင့် ရတနာပုံအသင်း ဦးဆောင်ဂိုး ရခဲ့ပါတယ်။ ရတနာပုံအတွက် ဒုတိယဂိုးကို ပွဲချိန် ၂၇ မိနစ်မှာ ရရှိခဲ့ပြီး ဒီဂိုးကိုတော့ ပင်နယ်တီကနေ တဆင့် စည်သူအောင်က အပိုင်ကန်သွင်းယူ ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာတော့ မကွေးက ချေပဂိုးတွေ ရဖို့အတွက် တိုက်စစ်ကို ပိုမိုဦးစားပေး ကစားလာပြီး ရတနာပုံကတော့ တန်ပြန်တိုက်စစ်ကို ပိုမိုအာရုံစိုက်ခဲ့တာကို တွေ့ရပါတယ်။ မကွေးက ဒုတိယပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှု ပိုပြီး အသာစီး ရခဲ့တယ် ဆိုပေမယ့် ဂိုးဖန်တီးရာမှာတော့ အာရုံထွေပြားနေခဲ့ဟန် ရှိပြီး တိကျတဲ့ ဖန်တီးမှုတွေ ပြုလုပ်နိုင်ခဲ့တာမျိုး မရှိသလောက် ဖြစ်ခဲ့ပါတယ်။ ဒါကြောင့်မို့ ပွဲပြီးချိန်ထိ ဘယ်အသင်းမှ ဂိုးထပ်မသွင်းနိုင်တာကြောင့် ရတနာပုံအသင်းကပဲ ပထမပိုင်းမှာ စည်သူအောင် သွင်းယူပေးတဲ့ သွင်းဂိုး ၂ ဂိုးနဲ့ပဲ အနိုင်ရသွားခဲ့ပါတယ်။ မကွေးကတော့ ဒီပွဲမှာ ပေးခဲ့ရတဲ့ ဂိုးတွေကြောင့် ပွဲမကစားရသေးတဲ့ ရှမ်းယူနိုက်တက်နဲ့ ရမှတ်တူ ဂိုးကွာခြားချက်နဲ့ တတိယနေရာကို ဆင်းပေးခဲ့ရသလို ပထမနေရာက ရန်ကုန်နဲ့လည်း (၈)မှတ်ထိ ကွာဟသွားခဲ့ပြီ ဖြစ်ပါတယ်။