ရခိုင်ယူနိုက်တက်အသင်းကို ၃-၁ ဂိုး ရလဒ်ဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့သည့် ဂျီအက်ဖ်အေအသင်း

June 24, 2018

ယနေ့ ညနေပိုင်းက သုဝဏ္ဏကွင်းမှာ ယှဉ်ပြိုင်ခဲ့တဲ့ MPT Myanmar National League 2018 Week 17 ဒုတိယနေ့ ပွဲစဉ်မှာ ဂျီအက်ဖ်အေအသင်းက ရခိုင်ယူနိုက်တက်အသင်းကို  ၃-၁ ဂိုး ရလဒ်နဲ့ ဂိုးပြတ်နိုင်ပွဲတစ်ပွဲကို ရယူနိုင်ခဲ့တာ တွေ့ရပါတယ်။

ဂျီအက်ဖ်အေအသင်းအနေနဲ့ ယနေ့ပွဲစဉ်မှာ ကွင်းလယ်ပိုင်းအသာစီး ရယူကစားနိုင်ခဲ့ပြီး ရရှိလာတဲ့ အခွင့်အရေးတွေကို တိုက်စစ်ပိုင်းက အသုံးချနိုင်ခဲ့တာကြောင့် နိုင်ပွဲရရှိခဲ့တာပါ။ ပထမပိုင်းမှာတင် ဂျီအက်ဖ်အေအသင်း သုံးဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး တိုက်စစ်မှူး ပြုံးချိုက ပွဲအစ ၉ မိနစ်၊ အီမန်နျူရယ်က ၄၀၊ ၄၅ မိနစ်တွေမှာ ဆက်တိုက်ရယူပေးခဲ့ခြင်းဖြစ်ပါတယ်။

နောက်ဆုံးလေးပွဲမှာ နိုင်ပွဲမရရှိသေးတဲ့ ရခိုင်အသင်းကတော့ အဝေးကွင်းနိုင်ပွဲရရှိဖို့ ပြင်ဆင်လာခဲ့ပေမယ့် ရှုံးပွဲတစ်ပွဲနဲ့သာ ရင်ဆိုင်ခဲ့ရပါတယ်။ ရခိုင်အသင်းတိုက်စစ်ကို ဆန်းဒေးမက်သရူးက ဦးဆောင်လာခဲ့တာဖြစ်ပြီး အသင်းခေါင်းဆောင် အက်ဖာကော့စကာ ဦးဆောင်တဲ့ ဂျီအက်ဖ်အေခံစစ် ကစားပုံကောင်းမွန်မှုကြောင့် အခွင့်အရေးများများ စားစားတော့ မဖန်တီးနိုင်ခဲ့ပါဘူး။

သို့သော်လည်း ၈၀ မိနစ်မှာ ရခိုင်အသင်း ပင်နယ်တီကန်သွင်းခွင့် ရရှိခဲ့ပြီး အဆိုပါ ပင်နယ်တီကို ဆန်းဒေးကပဲ အဆုံးသတ် ရယူပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ ရခိုင်အသင်းက ဆက်လက်ဖိအားပေးဖို့ ကြိုးပမ်းခဲ့ပေမယ့် ဂျီအက်ဖ်အေအသင်းက အမှားမခံဘဲ အနိုင်ရလဒ်ကို ထိန်းကစားသွားနိုင်တာကြောင့် ၃-၁ ဂိုးနဲ့ ပွဲပြီးဆုံးခဲ့ခြင်း ဖြစ်ပါတယ်။