ရန်ကုန် အသင်းကို အနိုင်ကစားမည်ဟု ရတနာပုံအသင်း နည်းပြချုပ် ဦးအောင်ကျော်မိုး ဖွင့်ဟ

July 7, 2018

ဇူလိုင်လ ၈ ရက် ညနေတွင် မဟာပြိုင်ဘက် ရန်ကုန်ယူနိုက်တက်နှင့် ရင်ဆိုင်ကစားရမည့် မြန်မာဒါဘီ ပွဲစဉ်တွင် ပြိုင်ဘက်
ရန်ကုန်ယူနိုက်တက် အသင်းကို အိမ်ကွင်းပရိသတ်များ ရှေ့မှောက်၌ အကောင်းဆုံး စွမ်းဆောင်ပြကာ
အနိုင်ကစားသွားမည်ဟု ရတနာပုံ အသင်း နည်းပြချုပ် ဦးအောင်ကျော်မိုးက ပြောကြားခဲ့သည်။ ရတနာပုံ အသင်းသည်
မဟာပြိုင်ဘက် ရန်ကုန်ယူနိုက်တက် အသင်းကို MPT Myanmar National League 2018 အမှတ်ပေးဘောလုံး ပြိုင်ပွဲ
ပွဲစဉ် (၁၉) အဖြစ် အိမ်ကွင်း မန္တလာသီရိ ကွင်းကြီးတွင် လက်ခံကစားရမည် ဖြစ်သည်။

ဦးအောင်ကျော်မိုးက “ကျွန်တော်တို့ ဒီပွဲကို အနိုင်ရအောင် လုံးဝ ကြိုးစားသွားမှာပါ။ ပြီးခဲ့တဲ့အပတ် နိုင်ပွဲက ကျွန်တော်တို့
အတွက် တစ်ကယ့်အားပါ။ ဒါကြောင့်မို့ ဒီပွဲအတွက် အကုန်လုံးက အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ ကျွန်တော်တို့
အင်ကုန်အားကုန် အကောင်းဆုံး ကြိုးစားသွားမှာပါ။ ပရိသတ်တွေရှေ့မှာ အကောင်းဆုံး လုပ်ပြနိုင်မယ်လို့လည်း
ယုံကြည်ပါတယ်” ဟု ယနေ့ နံနက်ပိုင်းက မန္တလာ သီရိကွင်းတွင် ပြုလုပ်ခဲ့သည့် ရတနာပုံ အသင်း၏ လေ့ကျင့်ခန်း
အစီအစဉ် အပြီးတွင် မြန်မာနေရှင်နယ်လိဂ်သို့ ပြောကြားခဲ့သည်။

ရတနာပုံ အသင်းသည် ယခုနှစ် ဘောလုံးရာသီတွင် နိုင်ငံခြားကစားသမား အသုံးပြုခြင်း မရှိဘဲ ပြည်တွင်း ကစားသမား
များနှင့်သာ ပြိုင်ပွဲဝင်ခဲ့သည့် အသင်းဖြစ်ပြီး ရာသီအဖွင့်ပွဲများတွင် ရလဒ်များ ကောင်းမွန်ခဲ့သော်လည်း နောက်ပိုင်းပွဲများတွင်
ရလဒ်ကောင်းများ ရရှိရန် ရုန်းကန်နေခဲ့ရသည့် အသင်း ဖြစ်သည်။ အထူးသဖြင့် ပွဲစဉ် ၁၅ မှ စတင်ကာ သုံးပွဲဆက်
နိုင်ပွဲပျောက်ခဲ့ပြီး ရမှတ် ၁ မှတ်သာ ရယူနိုင်ခဲ့သည့်နောက် ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကစားခဲ့သည့် ဆောက်သမ်း
မြန်မာနှင့် ပွဲစဉ်တွင်မှ ရလဒ်ကောင်း ပြန်လည် ရယူနိုင်ခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့် ဦးအောင်ကျော်မိုးက ဆောက်သမ်းနှင့်
ပွဲမှ အနိုင်ရလဒ်ကို ရည်ညွှန်းကာ ပြီးခဲ့သည့် အပတ်က နိုင်ပွဲမှာ မိမိတို့အတွက် အားဖြစ်စေခဲ့ကြောင်း ဆိုခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် ရန်ကုန်ယူနိုက်တက် အသင်းက အမှတ်ပေးဆုအတွက် ရေပန်းအစားဆုံး အသင်း ဖြစ်လျှက်ရှိပြီး အမှတ်ပေး
ဇယားထိပ်တွင် ရပ်တည်နေသည်။ သို့သော် ဒုတိယနေရာမှ ရှမ်းယူနိုက်တက်နှင့် ၂ မှတ်သာ ကွာဟနေသောကြောင့်
လက်ကျန်ပွဲများကို အမှားအယွင်းမရှိ ကစားနိုင်ရန် လိုအပ်နေသည်။ ရတနာပုံ အသင်းမှာမူ ရမှတ် ၂၇ မှတ်ဖြင့်
တတိယနေရာတွင် ရောက်ရှိနေပြီး ထိပ်ဆုံးမှ ရမှတ် ၂၉ မှတ် ရရှိထားသော ရန်ကုန်နှင့် ရမှတ် ၁၀ မှတ်မက ကွာဟနေပြီ
ဖြစ်ရာ ချန်ပီယံဆုအတွက် မျှော်လင့်ချက် ကုန်ဆုံးလု ဖြစ်နေပြီ ဖြစ်သည်။ သို့သော် ဒါဘီပွဲ ဖြစ်သည့်အတွက် အကြိတ်အနယ်
ပွဲကောင်းတစ်ပွဲ ဖြစ်လာမည်ဟု ဦးအောင်ကျော်မိုးက ထပ်လောင်း ဆိုခဲ့သည်။ “ရန်ကုန်နဲ့ ရတနာပုံတွေ့တဲ့ အခါတိုင်း၊
ပွဲတိုင်းက အကြိတ်အနယ် ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ပထမအကျော့တုန်းကလည်း ကျွန်တော်တို့ အကြိတ်အနယ်နဲ့
သရေကျခဲ့တာပါ။ ဒုတိယအကျော့မှာလည်း ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားကြမှာပါ” ဟု ဦးအောင်ကျော်မိုးက
ပြောကြားခဲ့သည်။

ရတနာပုံ အသင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့၏ ပွဲစဉ်ကို မန္တလာသီရိ ကွင်းကြီးတွင် မနက်ဖြန် ဇူလိုင် ၈ ရက် ညနေ
၎း၀၀ နာရီ အချိန်၌ ကျင်းပသွားမည် ဖြစ်ပြီး မြန်မာ့ရုပ်မြင်သံကြားနှင့် For Sports ရုပ်သံလိုင်းများမှ တိုက်ရိုက်
ပြသသွားမည် ဖြစ်သည်။ ထို့အပြင် MY SPORTS ဖေ့ဘုတ်စာမျက်နှာမှလည်း ထိုပွဲကို တိုက်ရိုက်ထုတ်လွှင့်
ပြသပေးသွားမည် ဖြစ်သည်။