မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၁၃) ပွဲကျန်တွင် မကွေးအက်ဖ်စီအသင်းက မြ၀တီအက်ဖ်စီအသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိ

July 18, 2018

MPT Myanmar National League 2018 Week 13 ၏ ပွဲကျန်ပွဲစဉ်အဖြစ် ယနေ့ညနေပိုင်းက မကွေးအက်ဖ်စီအသင်းနှင့် မြ၀တီအက်ဖ်စီအသင်းတို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ မကွေးအသင်းက ၃-၁ ဂိုးရလဒ်ဖြင့်  အနိုင်ရရှိခဲ့သည်။

မကွေးအသင်းတွင် ဂိုးသမားနေရာ၌ အောင်ဝေဖြိုးက တာဝန်ယူခဲ့ပြီး နန္ဒကျော်၊ ကျော်ဇင်လွင်၊ မောင်မောင်စိုး၊ စိုးလွင်လွင်၊ အောင်မြင့်ထွန်းတို့ဖြင့် လူစုံပါဝင်ခဲ့သည်။ ထိုနည်းတူ မြ၀တီအသင်းတွင် ဝေယံဦး၊ ရဲဝေယံစိုး၊ အောင်သူ၊ သက်ဝေမိုး၊ အောင်မျိုးထွေးတို့ဖြင့် ပွဲထွက်လာခဲ့ကာ မကွေးအသင်းကို ရင်ဆိုင်ခဲ့သည်။

ပွဲအစတွင် နှစ်ဖက်အပြန်အလှန်ရှိခဲ့သော်လည်း ပွဲချိန်ကြာမြင့်လာသည်နှင့်အမျှ မကွေးအသင်းက ပွဲကို စိုးမိုးကစားနိုင်ခဲ့ပြီး နိုင်ပွဲတစ်ပွဲရယူသွားနိုင်ခဲ့သည်။

မကွေးအသင်းအတွက် ၂၄ မိနစ်တွင် နန္ဒကျော်၊ ၄၅ မိနစ်တွင် အောင်မြင့်ထွန်းနှင့် ၅၆ မိနစ်တွင် ကျော်ဇင်လွင်တို့က သွင်းဂိုးများ ရယူပေးခဲ့ပြီး မြ၀တီအသင်းအတွက် ချေပဂိုးကို ၅၁ မိနစ်တွင် ရဲဝေယံစိုးက ပြစ်ဒဏ်ဘောမှတစ်ဆင့် တိုက်ရိုက်ကန်သွင်းယူပေးခဲ့သည်။

မကွေးအသင်းသည် ပွဲစဉ်(၂၀)အပြီး ရမှတ် ၃၀ဖြင့် အဆင့်  ၄ နေရာသို့ ပြန်လည် တက်လှမ်းလာခဲ့ပြီး  မြ၀တီအသင်းမှာ ရမှတ် ၂ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် ၁၂ နေရာတွင် ရပ်တည်နေသည်။