MPT U-14 Football Tournament 2018 (ပဲခူး) အတွက် အသက်စစ်ဆေးမှု ပြုလုပ်ရာတွင် ကစားသမား ၁၄ ဦး အသက်ကျော်လွန်နေကြောင်း တွေ့ရှိခဲ့ရ

August 14, 2018

သြဂုတ်လ ၁၅ ရက်တွင် စတင်ကျင်းပတော့မည့်  MPT U-14 Football Tournament 2018 (ပဲခူး) ပြိုင်ပွဲအတွက် အသက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် စုစုပေါင်း ကစားသမား ၁၄ ဦးမှာ  အသက်ကျော်လွန်နေကြောင်း  စစ်ဆေးတွေ့ရှိရသဖြင့်  ပြိုင်ပွဲကျင်းပရေးမှ ပါဝင်ယှဉ်ပြိုင်ခွင့် မပေးခဲ့ဘဲ သက်ဆိုင်ရာ ဒေသများသို့ ပြန်လည် စေလွှတ်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ ကြီးမှူးပြီး မြန်မာနေရှင်နယ်လိဂ်နှင့် အဓိကမိတ်ဖက် MPT တို့၏ ပံ့ပိုးမှု၊ Myanmar Care ၏ ကူညီမှုတို့ဖြင့် ကျင်းပပြုလုပ်လျှက် ရှိသည့် MPT U-14 Football Tournament များကို မြန်မာ့ဘောလုံးလောကအား အထောက်အပံ့ပေးနိုင်ရေး အတွက် ရည်ရွယ် ကျင်းပနေခြင်းဖြစ်သည်။ ထို့ကြောင့်  အသက်ကျော် ကစားသမားများ ပါဝင်လာခြင်း မရှိစေရေး အတွက် မုံရွာပြိုင်ပွဲမှ စတင်ကာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ  ဆေးမှူးချုပ် ဒေါက်တာအောင်ကျော်ဦး ဦးဆောင်သည့် အသက်စစ်အဖွဲ့မှ  စစ်ဆေးခဲ့ခြင်းဖြစ်သည်။

မုံရွာမြို့တွင် ကျင်းပနေသည့် MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲတွင် ကစားသမား ၁၃ ဦးမှာ အသက်ကျော်လွန်နေသဖြင့် အိမ်ပြန်စေလွှတ်ခဲ့ရပြီး ယခုပဲခူးမြို့တွင် ကျင်းပမည့် ပြိုင်ပွဲတွင်လည်း အသက်စစ်ဆေးမှုများ ပြုလုပ်ရာတွင် အသက်ကျော်ကစားသမား ၁၄ ဦးအထိ ထပ်မံတွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ယနေ့ အသက် စစ်ဆေးရာခဲ့တွင် ကနဦးအဆင့်အဖြစ် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများ ဖြစ်သည့် အရိုး၊ သွားနှင့် အမွှေးအမြှင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး သံသယရှိသူများကို ရွေးထုတ်ကာ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများ ထပ်မံပြုလုပ်ခဲ့သည်။ ယင်းနောက် ရုပ်ပိုင်းဆိုင်ရာအရ ခွဲခြားရ ခက်သူ ကစားသမား ၂၀ ဦးကို ဓာတ်မှန်ရိုက်စစ်ဆေးမှု ထပ်မံပြုလုပ်ကာ စစ်ဆေးခဲ့သည်။ ထိုသို့ စစ်ဆေးမှု ပြုလုပ်ရာတွင် ကစားသမား ၆ ဦးသာ အောင်မြင်ခဲ့ပြီး ကျန်ကစားသမား ၁၄ ဦးမှာ အသက်ကျော်လွန်နေကြောင်း စစ်ဆေးတွေ့ရှိခဲ့ရခြင်းဖြစ်သည်။

ယနေ့အသက်စစ်ဆေးမှုများ ပြုလုပ်ရာတွင် မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်မှ ယခုကဲ့သို့ အသက်စစ်ဆေးမှုများ ပြုလုပ်ရသည်မှာ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်နစ်နာစေလို၍ ပြုလုပ်ရခြင်း မဟုတ်ဘဲ မြန်မာ့ဘောလုံးလောက အနာဂတ်ကောင်းမွန်ရေးအတွက် ယခုအဆင့်မှ စတင်ကာ အသက်မှန်ကန်ေ်ရး အလေးထား  ဆောင်ရွက်ရခြင်းကြောင်း ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်၊နည်းပြများနှင့် ကစားသမားများအား တွေ့ဆုံအားပေးစကားပြောကြားခဲ့သည်။

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်တို့ အနေဖြင့် ယခုနှစ်အတွင်း  MPT ယူ-၁၄ ဘောလုံးပြိုင်ပွဲများကို မော်လမြိုင်၊ စစ်တွေ၊ပုသိမ်၊ ရန်ကုန်နှင့် တောင်ကြီးမြို့များတွင်  ကျင်းပသွားဦးမည် ဖြစ်ရာ အဆိုပါ ပြိုင်ပွဲများတွင်လည်း ကစားသမားများ အသက်မှန်ကန်ရေးကို အလေးထား စစ်ဆေးသွားမည် ဖြစ်ပါသည်။


MNL ပွဲစဉ်တွေရဲ့  အကြောင်းအရာစုံလင်စွာသိရှိဖို့နဲ့ ပွဲစဉ်တွေရဲ့ ရလဒ်တွေကို အချိန်နဲ့တစ်ပြေးညီသိနိုင်ဖို့ MPT MNL application ကို သင့်ရဲ့  ဖုန်းထဲမှာဒေါင်းလုတ်ရယူထားလိုက်ပါ။ ရယူချင်တယ်ဆိုရင် ဒီလင့်ခ်လေးမှာ https://bit.ly/2shTc5R ဒေါင်းလုတ်ရယူနိုင်သလို *3101# ကို ခေါ်ဆိုပြီးတော့လည်း ဒေါင်းလုတ်ဆွဲလို့ရပါတယ်။ Google Play Store မှာလည်း MPT MNL လို့ ရိုက်ပြီး ရှာလို့ရသေးတယ်နော်။