MFF-MPT-MNL တို့ ပူးပေါင်းဖန်တီးသည့် Football Basic Skill Educating Program အတွက် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်

September 25, 2018

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် အဓိက မိတ်ဖက် MPT တို့ ပူးပေါင်းဖန်တီးထားသည့် ကလေးငယ်များနှင့် လူငယ် ဘောလုံးကစားသမားများ အတွက် ဘောလုံးအခြေခံ နည်းစနစ်များကို လွယ်လင့်တကူ သင်ယူနိုင်စေမည့် Football Basic Skill Educating Program အတွက် သတင်းစာ ရှင်းလင်းပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၂း၀၀ နာရီက မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဌနှင့် မြန်မာနေရှင်နယ်လိဂ် ကော်မတီ ဒုတိယ ဥက္ကဌ ဖြစ်သူ ဒေါက်တာ စိုင်းဆမ်ထွန်း၊ MPT-KSGM Joint Operations မှ C.O.O မစ္စတာ ဘန်နီနိုစံ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဦးကိုကိုသိန်း၊ မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်၊ မြန်မာနေရှင်နယ်လိဂ် စီအိုအို ဦးဆူးအောင်၊ MPT မှ အဆင့်မြင့် အရာရှိကြီးများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် အလုပ်အမှုဆောင် အဖွဲ့ဝင်များ၊ ဌာနတာဝန်ခံများ၊ မြန်မာ့လက်ရွေးစင် အမျိုးသမီး အသင်း၊ မြန်မာ့လက်ရွေးစင် ယူ-၁၉ အမျိုးသမီး အသင်းနှင့် မြန်မာ့လက်ရွေးစင် ယူ-၁၆ အမျိုးသားအသင်း၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် မီဒီယာများ တက်ရောက် ခဲ့ကြသည်။

ဦးစွာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဌနှင့် မြန်မာနေရှင်နယ်လိဂ် ကော်မတီ ဒုတိယဥက္ကဌ ဖြစ်သူ ဒေါက်တာ စိုင်းဆမ်ထွန်းက အဖွင့်အမှာစကား ပြောကြားရာတွင် “အခုပွဲလေးကို တက်ရောက်ပေးကြတဲ့သူ အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ အားလုံးဟာ ဘောလုံးလောက တိုးတက်အောင် နည်းပေါင်းစုံနဲ့ အစွမ်းကုန် ကြိုးစားနေကြပါတယ်။ ဒီနေရာမှာ အပေါ်ဘက်မှာချည်း လုပ်နေလို့ မရဘဲ အောက်ခြေမှာပါ အခြေခိုင်အောင် လုပ်ဖို့ လိုပါတယ်။ အောက်ခြေမခိုင်ဘဲနဲ့ ကျွန်တော်တို့ ဘောလုံးလောကရဲ့ အနာဂါတ် တင့်တယ်မှာ မဟုတ်ဘူး။ ခုလိုမျိုး Basic Skill ပရိုဂရမ်တွေက လူငယ်တွေ ဘောလုံးကို စနစ်တကျ နားလည် တတ်ကျွမ်းဖို့ အများကြီး အရေးပါပါတယ်။ လူငယ်ကစားသမား တွေဟာ မြန်မာ့ဘောလုံးလောက အတွက် အနာဂါတ်တွေ ဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနေရှင်နယ်လိဂ် အနေနဲ့ နောက်ပိုင်းမှာ MPT နဲ့ တွဲပြီး လှုပ်ရှားမှုတွေ အများကြီး ပြုလုပ်ထားသလို ထိုက်သင့်တဲ့ အောင်မြင်မှုတွေလည်း ရရှိထားပါတယ်။ အခုလည်း မျိုးဆက်သစ် ကစားသမားတွေ များစွာ ထွက်ပေါ်လာဖို့ ရည်ရွယ်ပြီး ဒီ Football Basic Skill Educating Program ကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအတွက် ပူးပေါင်းဆောင်ရွက်ပေးတဲ့ MPT ကို အထူးပဲ ကျေးဇူးတင်ပါတယ်” ဟု ပြောကြားခဲ့သည်။

ယင်းနောက်တွင် MPT-KSGM Joint Operations မှ C.O.O မစ္စတာ ဘန်နီနိုစံက ဆက်လက်၍ အမှာစကား ပြောကြားခဲ့သည်။ မစ္စတာ ဘန်နီနိုစံက Football Basic Skill Educating Program ကို မိတ်ဆက်ပေးရခြင်း အတွက် များစွာ စိတ်လှုပ်ရှား မိပါကြောင်း၊ ယခု ပရိုဂရမ်ကြောင့် ကျောင်းသားလူငယ် ထောင်ပေါင်းများစွာနှင့် ဘောလုံးအားကစားကို စိတ်ပါဝင်စားသည့် ကလေးငယ် ထောင်ပေါင်းများစွာအတွက် အကျိုးသက်ရောက်မှု ကြီးစွာရှိစေမည်ဟု ယုံကြည်ပါကြောင်း၊ ဘောလုံးသည် တိုင်းပြည်တစ်ပြည်၏ စည်းလုံးမှုနှင့် ခွန်အားကို ပြသနိုင်သည့် အားကစားတစ်ရပ် ဖြစ်ပါကြောင်း၊ မြန်မာ့ဘောလုံး လောကအတွင်း စတင်ဝင်ရောက်ရန် ကြံရွယ်ချိန်က မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဥက္ကဌနှင့် တွေ့ဆုံပြီးချိန်တွင် MPT အနေဖြင့် လူငယ်ကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ရွေးချယ်ခဲ့ပါကြောင်း ဆိုခဲ့သည်။ ယင်းနောက်တွင် ၎င်းက ပိရမစ် ပုံစံငယ် တစ်ခုကို ပြသကာ ပိရမစ်၏ ထိပ်ဆုံးနေရာမှာ မြန်မာ့လက်ရွေးစင် အသင်းကို ရည်ညွှန်းကြောင်း၊ ယင်းအောက် အဆင့်များမှာ မြန်မာနေရှင်နယ်လိဂ်၊ လိဂ်-၂ နှင့် လူငယ်လိဂ်များ ဖြစ်ကြောင်း၊ အဆိုပါ လိဂ်ပြိုင်ပွဲများက မြန်မာ့လက်ရွေးစင် အသင်းကို ထောက်ကန်ပေးထားခြင်း ဖြစ်ပြီး ယင်းပြိုင်ပွဲများမှ အကောင်းဆုံး ဆိုသည့် ကစားသမားများသာ လက်ရွေးစင် အဆင့်သို့ ရောက်ရှိနိုင်ကြောင်း၊ အဆိုပါ ပြိုင်ပွဲများ အောင်မြင်စေရန် တက္ကသိုလ် အဆင့် ပြိုင်ပွဲများ၊ ယူ-၁၄ ကဲ့သို့သော လူငယ်အဆင့် ပြိုင်ပွဲများနှင့် Grassroots အဆင့် ဘောလုံးပွဲတော်များ များစွာ ပြုလုပ်ပေးရန် လိုအပ်ပြီး ထိုပွဲများမှာ ပိရမစ်၏ အောက်ဆုံးအဆင့်နှင့် တူကြောင်း၊ အောက်ခြေခိုင်မာတောင့်တင်းမှသာ ထိပ်ဖျားပိုင်း ဖြစ်သည့် လက်ရွေးစင်အသင်း အနေဖြင့် အမြင့်ဆုံး အဆင့်သို့ ရောက်ရှိနိုင်မည် ဖြစ်ကြောင်း၊ မိမိအနေဖြင့် မြန်မာ့လက်ရွေးစင် အသင်းအနေဖြင့် အာရှထိပ်သီး၊ ဥရောပ ထိပ်သီးများနှင့် ရင်ဘောင်တန်းနိုင်သည့် အဆင့်သို့ ရောက်ရှိလာသည်အထိ မျှော်လင့်ထားကြောင်း၊ မိမိမှာ ဂျပန်လူမျိုး တစ်ဦး ဖြစ်သည့်အတွက် လွန်ခဲ့သည့် နှစ်တစ်ရာခန့်က ဂျပန်တို့အား ဘောလုံးပညာ သင်ကြားပေးခဲ့သည့် မြန်မာလူမျိုး ဦးကျော်ဒင်၏ ကျေးဇူးကို ပြန်လည် ပေးဆပ်ချင်ပါကြောင်း၊ ဦးကျော်ဒင် အနေဖြင့် ထိုအချိန်က ဂျပန်ပြည်တွင် နည်းပြလက်စွဲ စာအုပ်ကို ထုတ်ဝေခဲ့ဖူးပြီး ထိုစာအုပ်မှာ ဂျပန်ဘောလုံးလောက အတွက် များစွာ အထောက်အကူ ဖြစ်ခဲ့ပါကြောင်း၊ အဆိုပါ ကျေးဇူးကို ပြန်လည် ပေးဆပ်သည့် အနေဖြင့် ခေတ်နှင့်အညီ ယခုကဲ့သို့ အခြေခံဘောလုံးပညာ လေ့ကျင့်ခန်းများ ပါဝင်သည့် ဒီဗွီဒီ အခွေကို ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်း ပြည့်စုံစွာ ပြောကြားခဲ့သည်။ ထို့နောက် မြန်မာ့ဘောလုံးလောကအတွက် MPT ၏ ပံ့ပိုးဆောင်ရွက်မှုများကို အကျဉ်းရုံး ဖော်ပြထားသည့် ဗီဒီယို ကလစ်တစ်ခုကို ကြွရောက်လာသည့် ပရိသတ်များအား ပြသခဲ့သည်။

ယင်းနောက်တွင် မြန်မာနေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်က Football Basic Skill Educating Program ကို လုပ်ဆောင်ဖြစ်ခဲ့သည့် အကြောင်းရင်းများကို ရှင်းလင်းပြောကြားရာတွင် ဘောလုံးလောက အနေဖြင့် မျိုးဆက်များ တစ်ဆက်ပြီး တစ်ဆက် လိုအပ်နေသည် ဖြစ်ရာ မျိုးဆက်သစ်များ ပိုမိုထွက်ပေါ်လာစေရေး အတွက် ယခုကဲ့သို့သော ပရိုဂရမ်မျိုးကို ဖန်တီးခဲ့ခြင်း ဖြစ်ကြောင်း၊ ဘောလုံးလေ့ကျင့်ခန်းများကို ယနေ့ခေတ် အချိန်၌ အင်တာနက်ပေါ်တွင် အလွယ်တကူ ဒေါင်းလုတ် ရယူနိုင်နေပြီ ဖြစ်သော်လည်း မြန်မာဘာသာစကားဖြင့် ဖန်တီးထားသည့် ဗီဒီယိုများ မရှိကြောင်း၊ သို့ဖြစ်ရာ ဘာသာစကား အခက်အခဲကို ကျော်လွှားနိုင်ရန် အတွက် ယခုကဲ့သို့ ကိုယ်ပိုင်ဖန်တီးယူခဲ့ခြင်း ဖြစ်ကြောင်း၊ ယခု ပရိုဂရမ် ဖြစ်မြောက်ရေးအတွက် ထောက်ပံ့ပေးခဲ့သည့် MPT အား အထူးပင် ကျေးဇူးတင်ပါကြောင်း၊ အဆိုပါ Football Basic Skill Educating Program ဖြင့် ဖန်တီးလိုက်သည့် ဘောလုံးအခြေခံ လေ့ကျင့်ခန်း ဒီဗွီဒီ အခွေများကို MPT ၏ ထောက်ပံ့မှုဖြင့် ကျင်းပလျှက် ရှိသည့် ယူ-၁၄ ဘောလုံးပြိုင်ပွဲများနှင့် Grassroots ဘောလုံးပွဲတော်များတွင် ဖြန့်ဝေသွားမည် ဖြစ်သလို အခြေခံပညာ ကျောင်းများနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ်များမှ တဆင့် ကလေးငယ်များ၏ လက်အတွင်းသို့ ရောက်ရှိအောင် ဆောင်ရွက်သွားမည် ဖြစ်ကာ လပိုင်းအတွင်း တစ်ပြည်လုံးသို့ လွှမ်းခြုံသွားနိုင်ရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက်တွင် Football Basic Skill Educating Program ရိုက်ကူးရာတွင် ဝင်ရောက် ကူညီပေးခဲ့ကြသည့် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ နည်းပြဆရာများနှင့် မြန်မာ့ဘောလုံးအကယ်ဒမီ (ရန်ကုန်)မှ သင်တန်းသား ကလေးငယ်များကို MPT မှ အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသည့် မီဒီယာများ၏ မေးမြန်းမှုများကို ပြန်လည်ဖြေကြားမှု ပြုလုပ်ခဲ့ကာ အဆိုပါ အစီအစဉ် အပြီးတွင် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

Football Basic Skill Educating Program အဖြစ် ရိုက်ကူးဖန်တီးခဲ့သည့် အဆိုပါ ဘောလုံးအခြေခံ လေ့ကျင့်ခန်း ဒီဗွီဒီတွင် အခြေခံ ဘောလုံးပညာ လေ့ကျင့်ခန်းများ ဖြစ်သည့် ဂိုးကန်သွင်းခြင်း၊ ဂိုးဖမ်းခြင်း၊ ဘောလုံး ပေးခြင်း၊ ဘောလုံး ထိန်းသိမ်းခြင်း အစရှိသည့် လေ့ကျင့်ခန်းများ ပါဝင်မည် ဖြစ်ပြီး ကနဦးတွင် အချပ်ရေ ၁၅၀၀၀ ထုတ်လုပ်ထားကာ ယခုနှစ် MPT U-14 ဘောလုံးပြိုင်ပွဲများနှင့် Grassroots ဘောလုံးပွဲတော်များ ကျင်းပခဲ့ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး ၈ ခုသို့ အဆိုပါ ပြိုင်ပွဲများမှ တဆင့် ဖြန့်ဝေပေးသွားမည် ဖြစ်ကာ ယင်းဒေသများမှ ကျောင်းပေါင်း ၁၆ ကျောင်းသို့လည်း သရုပ်ပြ အစီအစဉ်များ သွားရောက် ပြုလုပ်သွားမည် ဖြစ်သည်။ ယင်းအပြင် အခြား ဒေသများသို့လည်း အခြေခံပညာ ကျောင်းများ၊ မြို့နယ် ဘောလုံးအဖွဲ့ချုပ်များမှ တဆင့် ဖြန့်ဝေသွားမည် ဖြစ်သည်။ ထို့အပြင် အဆိုပါ လေ့ကျင့်ခန်းများကို MFF၊ MNL နှင့် MPT တို့၏ တရားဝင် Facebook စာမျက်နှာများနှင့် ဝက်ဘ်ဆိုက်များ၊ MPT ၏ လိုတရ Portal ၊ MPT-MNL အက်ပလီကေးရှင်းများတွင်လည်း ကြည့်ရှုလေ့လာနိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်သည်။