စစ်တွေမြို့တွင် ကျင်းပမည့် MPT အသက် ၁၄ နှစ်အောက်ဘောလုံးပြိုင်ပွဲအတွက် အုပ်စုမဲခွဲပွဲ အခမ်းအနားပြုလုပ်

September 29, 2018
မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် မြန်မာနေရှင်နယ်လိဂ် အဓိက မိတ်ဖက် MPT ၏ ပံ့ပိုးမှု၊ ဒေသခံ ရခိုင်ယူနိုက်တက်ဘောလုံးအသင်း၏ ပူးပေါင်းပါဝင်မှုဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့၌ ကျင်းပပြုလုပ်သွားမည့် MPT U-14 Football Tournament 2018 အတွက် အုပ်စုမဲခွဲခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းက စစ်တွေမြို့ရှိ၊ ဝေသာလီကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
 
အုပ်စုမဲခွဲဝေမှုအရ ကျောက်ဖြူ(က)နှင့် ကျောက်ဖြူ(ခ)အသင်းတို့မှာ အုပ်စု(ဂ)တွင် တစ်အုပ်စုတည်း ကျရောက်လျက်ရှိသည်ကို တွေ့ရသည်။
 
မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲဝင် ရခိုင်ယူနိုက်တက်ဘောလုံးအသင်း၏ အိမ်ကွင်းဖြစ်သည့် ဝေသာလီကွင်း၌ ကျင်းပမည့် ယခုပြိုင်ပွဲတွင် ပြိုင်ပွဲဝင် စုစုပေါင်း ၁၂ သင်းကို သုံးသင်းပါ လေးအုပ်စုခွဲကာ ကျင်းပသွားမည်ဖြစ်ပြီး အုပ်စု(က)တွင် သံတွဲ(ခ)၊ မြောက်ဦးနှင့် ကျောက်တော်အသင်းတို့ ပါဝင်လျက်ရှိသည်။ အလားတူ အုပ်စု(ခ)တွင် စစ်တွေ၊မောင်တောနှင့် ရသေ့တောင်အသင်းတို့ ပါဝင်ခဲ့သည်။ ထို့အတူ အုပ်စု(ဂ)တွင် ကျောက်ဖြူ(ခ)၊ သံတွဲ(က)နှင့် ကျောက်ဖြူ(က)အသင်း၊ အုပ်စု(ဃ)တွင် မင်းပြား/မြေပုံအသင်း၊ ပေါက်တောအသင်းနှင့် ပုဏ္ဏားကျွန်းအသင်းတို့ အတူ ကျရောက်ခဲ့သည်။
 
ပြိုင်ပွဲဝင်အသင်းများအနက် အုပ်စု(ဃ)မှ မင်းပြားနှင့်မြေပုံအသင်းတို့မှာ နှစ်သင်းပေါင်း၍ ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်း သိရသည်။
 
ပြိုင်ပွဲကို ၁ ရက်လျင် ၂ ပွဲနှုန်းဖြင့် အောက်တိုဘာ ၁ ရက်မှ ၁၀ ရက်အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အုပ်စုအဖွင့်ပွဲစဉ်အဖြစ် အောက်တိုဘာ ၁ ရက်နံနက် ၈း၀၀ နာရီတွင် သံတွဲ(ခ)အသင်းနှင့် ကျောက်တော်အသင်းတို့ ယှဉ်ပြိုင်သွားကြမည်ဖြစ်သည်။
 
မြန်မာ့ဘောလုံးလောကအတွက် မျိုးဆက်သစ်ကစားသမားများ ပေါ်ထွက်လာရေး ရည်ရွယ်ကျင်းပသည့် ယခုပြိုင်ပွဲတွင် ဗိုလ်စွဲသည့်အသင်းအား တံခွန်စိုက်ဆုဖလားနှင့်အတူ ဆုငွေကျပ် ၁၀ သိန်း၊ ဒုတိယဆုရအသင်းကို ဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် ၅ သိန်း၊ တတိယဆုရအသင်းကို ဆုတံဆိပ်နှင့်အတူ ဆုကြေးငွေကျပ် ၃ သိန်း ချီးမြှင့်သွားမည်ဖြစ်သည်။
 
MPT U-14 Football Tournament 2018 ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၃၀ ရက်၊ ညနေ ၃း၀၀ နာရီအချိန်တွင် ဝေသာလီကွင်း၌ ကျင်းပသွားမည်ဖြစ်ရာ အဆိုပါ အခမ်းအနားနှင့်အတူ အားကစားနှင့် ပညာရေးပေါင်းစပ်မှုအဖြစ် MFF-MNL-MPT Grassroots Football Festival 2018 (လူငယ်ဘောလုံးပွဲတော်)ကိုပါ ပူးတွဲပြုလုပ်သွားမည်ဖြစ်သည်။
 
#MFFMPTGrassrootsFestival2018
#Sittwe#
#GrassrootsCoachingCourse
#MPTU14FootballTournament