ဧရာဝတီ၊ ဟံသာဝတီ၊ ရှမ်း၊ ရတနာပုံ၊ မကွေးအသင်းတို့ နိုင်ပွဲရပြီး ရန်ကုန်ရှုံးပွဲကြုံတွေ့ခဲ့သည့် ပွဲစဉ် (၁၆)

September 17, 2020

ယခုတစ်ပတ် MPT Myanmar National League 2020 ပွဲစဉ် (၁၆) တွင် ဧရာဝတီယူနိုက်တက်၊ ဟံသာဝတီယူနိုက်တက်၊ ရှမ်းယူနိုက်တက်၊ ရတနာပုံအက်ဖ်နှင့် မကွေးအက်ဖ်စီအသင်းတို့ နိုင်ပွဲရရှိပြီး နာမည်ကြီး ရန်ကုန်ယူနိုက်တက်၊ ရခိုင်ယူနိုက်တက်၊ ဆောက်သမ်းမြန်မာ၊ စစ်ကိုင်းယူနိုက်တက်နှင့် ISPE အသင်းတို့ ရှုံးပွဲကြုံတွေ့ခဲ့သည်။
ပွဲစဉ် (၁၆)အပြီး ရလဒ်များနှင့် အမှတ်ပေးဇယား ရပ်တည်မှု အနေအထားကြောင့် ရာသီကုန်ဘယ်အသင်း ချန်ပီယံဖြစ်မလဲဆိုသည်က မှန်းဆရ ခက်ခဲနေဆဲလည်းဖြစ်သည်။

ရှမ်းယူနိုက်တက်အတွက် စတုတ္ထမြောက်ဂိုးကို သွင်းယူပေးခဲ့သည့် ဇင်မင်းထွန်း

သုဝဏ္ဏကွင်း၌ ကျင်းပခဲ့သည့် ဧရာဝတီယူနိုက်တက်-စစ်ကိုင်းယူနိုက်တက် ပွဲစဉ်တွင် စစ်ကိုင်းယူနိုက်တက်အသင်း ကစားပုံတိုးတက်လာခဲ့သော်လည်း သွင်းဂိုးမရခဲ့ဘဲ ဧရာဝတီယူနိုက်တက်အသင်းက ဆာဆက်စ်၏ သွင်းဂိုးနှစ်ဂိုးနှင့်အတူ နိုင်ပွဲရရှိခဲ့ခြင်းဖြစ်သည်။
ဧရာဝတီယူနိုက်တက်အသင်းအနေဖြင့် စစ်ကိုင်းယူနိုက်တက်အသင်း၏ ရုန်းအားကြောင့် ဂိုးရရန် ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ရသော်လည်း အမှတ်ပေးဇယား ဆက်လက်ဦးဆောင်ခွင့်အတွက် လိုအပ်သည့် အနိုင်ဂိုးများကို ရယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

ဧရာဝတီမှ တင်ဝင်းအောင်၏ ထိုးဖောက်မှုကို ဟန့်တားရန် ကြိုးပမ်းနေသည့် စစ်ကိုင်းယူနိုက်တက်မှ ကျော်စွာမင်းနှင့် အောင်ဟိန်းကျော်
ရခိုင်ယူနိုက်တက် (၁-၃) ဟံသာဝတီယူနိုက်တက်ပွဲစဉ်မှ အကြိတ်အနယ်ယှဉ်ပြိုင်နေမှုမြင်ကွင်း

ထို့အတူ ပဒုမ္မာကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သော ပွဲစဉ်တွင် ဟံသာဝတီယူနိုက်တက်အသင်းက (၃-၁) ဂိုးဖြင့် ရခိုင်ယူနိုက်တက်အသင်းကို အနိုင်ရရှိခဲ့သည်။ အမှတ်ပေးဇယား အဆင့် (၁) နေရာပြန်လည် ရယူခွင့်အတွက် ဟံသာဝတီအသင်း ကြိုးပမ်းခဲ့သော်လည်း လိုအပ်သော ဂိုးအရေအတွက်ကိုမူ ရယူနိုင်ခဲ့ခြင်း မရှိပေ။ ဟံသာဝတီအသင်းအတွက် အီမီကာနှင့် ဒေါ်နယ်ဘစ်တို့က တစ်ဂိုးစီနှင့် အောင်ကျော်သူက ကိုယ့်ဂိုးကိုယ်သွင်းယူမိခဲ့ခြင်းဖြစ်သည်။

ဆောက်သမ်းအသင်းဘက်သို့ ဂိုးသွင်းယူအပြီး အောင်ပွဲခံနေသည့် ဝင်းနိုင်စိုးနှင့် ရဲရင့်အောင်(၂)

အလားတူ ရတနာပုံအက်ဖ်စီ – ဆောက်သမ်းမြန်မာပွဲစဉ်တွင်လည်း လက်ရွေးစင်ကစားသမားအများစု ပါဝင်သည့် ရတနာပုံအက်ဖ်စီအသင်းက သုံးဂိုးပြတ် အနိုင်ရရှိခဲ့ရာ ဝင်းနိုင်စိုးက နှစ်ဂိုးနှင့် မြတ်ကောင်းခန့်က တစ်ဂိုး ရယူပေးခဲ့သည်။


ထို့အတူ မကွေးအက်ဖ်စီ-ISPE ပွဲစဉ်တွင် မကွေးအသင်းက နှစ်ဂိုးပြတ် အနိုင်ယူခဲ့ပြီးနောက် အဆင့်(၈) နေရာကို ပြန်လည်တက်လှမ်းလာနိုင်ခဲ့သည်။ မကွေးအသင်းအတွက် တိုက်စစ်မှူး ပြည်မိုးနှင့် စိုးလွင်လွင်တို့က တစ်ဂိုးစီ သွင်းယူခဲ့ပြီး ပထမအကျော့အရှုံးကို ပြန်လည်ကုစားနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

မကွေးအသင်းမှ အောင်ထွန်းထွန်းနှင့် ISPE အသင်းမှ Ban Htoung Kyae O တို့ ဘောလုံးရယူရန် ကြိုးပမ်းနေစဉ်

ရှမ်းယူနိုက်တက်-ရန်ကုန်ယူနိုက်တက်ပွဲစဉ်က အားလုံးအတွက် မထင်မှတ်ထားသည့် ရလဒ်ဟုဆိုရမည်ဖြစ်သည်။ ပွဲချိန် မိနစ် ၂၀အထိ ရန်ကုန်ယူနိုက်တက်အသင်း
ပွဲကို စိုးမိုးထားနိုင်ခဲ့သော်လည်း ပွဲချိန် ၂၅ မိနစ်တွင် ရရှိသည့် ရှမ်းယူနိုက်တက်အသင်း၏ ဦးဆောင်ဂိုးနှင့်အတူ မောင်မောင်လွင် ဒဏ်ရာရရှိခဲ့ခြင်းတို့က ပွဲ၏ အလှည့်အပြောင်းတစ်ခုဖြစ်သွားခဲ့သည်။
ထို့ပြင် ပြည်ပ ကစားသမားများ၏ အသင်းအပေါ်အကျိုးပြုမှုအပိုင်းတွင်လည်း ရှမ်းယူနိုက်တက် ကစားသမားများက သာလွန်ခဲ့သည်ကိုတွေ့ရသည်။ ရှမ်းအသင်း၏ လေးဂိုးပြတ် နိုင်ပွဲတွင် မက်ဆီမင်၊ နန္ဒကျော်၊ ကိသ်၊ ဇင်မင်းထွန်းတို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ပြီး ခုနှစ်ပွဲဆက် နိုင်ပွဲကို ဖြစ်ပေါ်စေခဲ့သည်။