ကိုယ့်အလုပ် ကိုယ်လုပ်ပြီး ချန်ပီယံဆုအတွက် ရှေ့ဆက်ရမယ့်အချိန်

September 23, 2020

ထွန်းထွန်းဦး (လှိုင်)

MPT မြန်နေရှင်နယ်လိဂ် ပရိသတ်တွေကို အသိပေးစရာလေးတွေ ရှိပါတယ်။ အချို့လည်း သိရှိပြီးဖြစ်ပါလိမ့်မယ်။ ဒါကတော့ အခြားမဟုတ်ဘူး။ လက်ရှိကျင်းပနေတဲ့ MPT မြန်နေရှင်နယ်လိဂ် ၂၀၂၀ ပွဲစဉ်တွေကို မူလရေးဆွဲထုတ်ပြန်ထားတဲ့အတိုင်း အောက်တိုဘာလ ၃ ရက်နေ့မှာ ရာသီသိမ်းဖို့ရှိပေမယ့် အခုအခါမှာ အဲ့ဒီသတ်မှတ်ရက်အစား အောက်တိုဘာလ ၁ ရက်နေ့မှာ အပြီးသတ်ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဒါကလည်း လတ်တလောမှာ COVID – 19 ဒုတိယလှိုင်းကြောင့် POSITIVE လူနာတွေ များပြားလာလို့ MPT မြန်နေရှင်နယ်လိဂ် လက်ကျန်ပွဲတွေကို MOHS ရဲ့ လမ်းညွှန်မှုတွေနဲ့အညီ အမြန်ဆုံးအပြီးသတ် စီစဉ်ကျင်းပသွားနိုင်ဖို့ သက်ဆိုင်ရာမှ ညွှန်ကြားလာခဲ့တဲ့အတွက် အခုလိုမျိုးပွဲစဉ်တွေကို ရှေ့တိုးကျင်းပရတာ ဖြစ်တယ်ဆိုတဲ့အကြောင်းပါပဲ။

ဟုတ်ကဲ့။ ဒီနေ့ ပွဲစဉ် ၁၈ ကိုဆက်လက်ယှဉ်ပြိုင်မယ်။ ဘာတွေဖြစ်လာဦးမလဲ။ အဖြေတန်းပေါ်ဖို့ ရှေ့တိုးနီးစပ်မှုတွေရှိနေခဲ့ပြီလား။ ဒါမှမဟုတ် အားလုံးက အကြိတ်အနယ်နဲ့ အဖြေတစ်ခု ထုတ်ခွင့်ရဖို့အတွက် လိပ်ခဲတည်းလည်း ဖြစ်နေစေဦးမှာလားဆိုတာ ကြည့်ဖို့ဖြစ်လာပြန်တယ်။

ချန်ပီယံဖြစ်ဖို့ ပြေးလမ်းပေါ်မှာ မေးတင်နေတဲ့ ထိပ်ဆုံးအသင်းတွေရဲ့ အနေအထားဟာ ဘာမဆိုဖြစ်သွားနိုင်သေးတဲ့ အချိန်အခါတစ်ခုအောက်မှာ ရှိနေတုန်းပဲ။ သင်္ချာနည်းအရဆိုရင် မျှော်လင့်ချင်စရာတွေက ထိပ်ဆုံးအသင်း ၄ သင်းမှာ မျှော်လင့်ချက် ကိုယ်စီကိုယ်ငှနဲ့ ကျန်နေတုန်းပဲ။ တစ်ခုတော့ရှိပါပေါ့လေ။ ဒီနေ့ဟာ အသင်းအချို့ အတွက် ဆိုရင်တော့ ချန်ပီယံဆုနဲ့ပတ်သက်ပြီး မျှော်လင့်ချက်အလင်းရောင်က ပါးလျနေပါပြီ။

အထူးသဖြင့် ရန်ကုန်ပါ။ ထိပ်ဆုံးက ဧရာဝတီနဲ့ အမှတ်ကွာဟမှုက ၉ မှတ်ဖြစ်သွားပြီ။ ဒီတော့ ပွဲစဉ် ၁၈ မှာ လိုချင်တာကို အဆုံးအထိတိုက်ယူရမယ်။ ပြိုင်ဘက်အသင်းတွေ ဘာပဲဖြစ်ဖြစ် ကိုယ့်အလုပ်ကိုယ်လုပ်မယ်။ တစ်ပွဲ ၃ မှတ်ရဖို့ပဲ အာရုံစိုက်ထားမယ်။ သူများအသင်းတွေ ဘာဖြစ်ဖြစ် ကိုယ့်အလုပ်ကိုယ် ဂရုတစိုက်လုပ်ထားဖို့ဟာ အရေးအကြီးဆုံးဖြစ်နေတယ်။ ဒါအမှန်ဆုံးဖြစ်တယ်။

ဒါ့အပြင် ၂ ရက်ခွဲပြီး ယှဉ်ပြိုင်မယ့် ပွဲစဉ် ၁၈ မှာ အသင်းကြီး အချင်းချင်းဆုံတဲ့ပွဲတွေ ပါဝင်နေတယ်။ တစ်ခုရှိတာက ရှမ်းယူနိုက်တက်နဲ့ ဧရာဝတီယူနိုက်တက်တို့ ဆုံတဲ့ပွဲစဉ်ဟာ ဒုတိယနေ့မှာ ကစားရမှာဖြစ်နေတယ်။ ဒီတော့ ရှမ်းနဲ့ဧရာဝတီအတွက် သုဝဏ္ဏကွင်းမှာ ကစားရမယ့်ပွဲဟာ ဒီနေ့ယှဉ်ပြိုင်မယ့် ရတနာပုံနဲ့ ဟံသာဝတီပွဲအဖြေကိုသိပြီးမှ ကစားရမှာဖြစ်နေလို့ အခွင့်အရေးတစ်ခုလို ပြင်ဆင်ချိန် ပိုရနေတယ် မဟုတ်ပါလား။

ပြီးတော့ ရန်ကုန်နဲ့ရခိုင်ပွဲကလည်း ဒုတိယနေ့မှာပဲ ယှဉ်ပြိုင်ရမှာပါ။ ရန်ကုန်အတွက် အိမ်ကွင်း ဖြစ်တဲ့ YUFC မှာ ကစားရလို့ လိုချင်တာကို အထိမိဆုံး အရယူပြဖို့ လိုအပ်တယ်ဆိုတာပါပဲ။ မနိုင်ရင်မဖြစ်တဲ့ ပွဲတွေချည်း ရန်ကုန်က လက်ကျန်ပွဲတွေကို ကစားရမှာဖြစ်လို့ အိမ်ကွင်း အားသာချက်ဟာ ရန်ကုန်အတွက် အားအင်တစ်ခုလိုများဖြစ်နေစေမလားဆိုတာ ကြည့်ရပါလိမ့်မယ်။

ဒီပွဲစဉ်ရဲ့ပထမရက် ဒီနေ့မှာကစားရမယ့် ရတနာပုံနဲ့ ဟံသာဝတီပွဲကိုကြည့်တော့ နှစ်သင်းစလုံးအတွက် အမှားမခံတဲ့ အနေအထားနဲ့ ကစားရမှာဖြစ်နေတယ်။ ဖိအားများတာက ဟံသာဝတီပါ။ ဧရာဝတီနဲ့ ၂ မှတ်ပြတ်အနေအထားကိုအမီလိုက်ဖို့ ဒီနေ့ပွဲကိုယ့်အလုပ်ကိုယ် သေချာအောင်လုပ်ပြထားဖို့ လိုအပ်နေတယ်ဆိုတာပါပဲ။ ဟံသာဝတီဟာ ရန်ကုန်နဲ့ပွဲတုန်းက သရေကျလိုက်တာ အထိနာခဲ့တယ်။ မရှုံးပေမယ့် ရှုံးသလိုပါပဲ။ ၂ မှတ်ဆိုတာက ဒီလိုမျိုးရာသီကုန်ပန်းဝင်ချိန် နီးကပ်နေတဲ့ ကာလမှာ သိပ်စကားပြောတယ်။ ဒီတော့ ဟံသာဝတီအနေနဲ့ ရတနာပုံလို တိုက်စစ်ကောင်းပြီး အသင်းလိုက်စုဖွဲ့မှု ပြန်အားတက်လာတဲ့ အသင်းကို အသာရအောင်လုပ်ဖို့လွယ်နိုင်မလား။

ကစားရမယ့် ကွင်းကလည်း သုဝဏ္ဏကွင်းဖြစ်နေတော့ ကစားသမားတွေအတွက်က ကစားရတာ သိပ်ကောင်းနေလိမ့်မယ်။ စိတ်ဓါတ်မြှင့်တင်ရေးတွေကို အကောင်းစား လုပ်ဆောင်ပြီး နည်းပြနှစ်ဦးရဲ့ အားပြိုင်မှုကလည်း ကြည့်ကောင်းနေပါလိမ့်မယ်။ ရတနာပုံက နိုင်ငံခြားသားကစားသမား မပါတဲ့အသင်း၊ တစ်ဖက်က ဟံသာဝတီကလည်း နိုင်ငံခြားသား ၃ ယောက်အားနဲ့ အသင်းကို လိုအပ်သလို အကောင်းဆုံး မွမ်းမံထားတဲ့အသင်း ဖြစ်သလို လတ်တလော လူကြိုက်များနေတဲ့ လာဒင်မော်ရာ၊ ဟိန်းထက်အောင်တို့လို ကစားအားကောင်းပြီး စိတ်ဓါတ်ကောင်း မာကျောတဲ့သူတွေ ရှိနေပြန်ပါတယ်။ ရတနာပုံကတော့ အောင်သူ၊ ဝင်းနိုင်စိုးအပြင် တစ်ကယ့်ကို နိုင်ငံ့လက်ရွေးစင် ကစားသမားကောင်းတွေ စုဖွဲ့ထားတဲ့ အသင်းဖြစ်နေတယ်။ ဒါတွေကြောင့် ဘယ်အသင်းအသာရမလဲ၊ အခွင့်အရေးကောင်းတွေကို အထိမိဆုံး ဘယ်အသင်း ယူပြနိုင်မလဲဆိုတာ ကြည့်ချင်မိနေတယ်။

ပထမအကျော့ ပွဲစဉ် ၆ တုန်းက ဟံသာဝတီက အိမ်ကွင်းမှာ ရတနာပုံကို ၄-၁ နဲ့နိုင်ထားခဲ့ဖူးတယ်။ အခု ဟာက ကြားမြေမှာဆိုတော့ ပထမအကျော့တုန်းကလိုမျိုး မဟုတ်တော့ဘူး။ လတ်တလော ခြေစွမ်းနဲ့ဆုံးဖြတ်ရမယ်။ နှစ်သင်းစလုံး ကောင်းကောင်းရုန်းနိုင်တယ်။ ဒဏ်ရာအနာတရတွေ ရှိရင်တောင် ဘေးချိတ်ထားရမယ့် ကာလဖြစ်နေတာကြောင့် အခွင့်အရေးကောင်းတွေကို အထိမိဆုံးယူပြနိုင်တဲ့အသင်း အတွက်တော့ ထိုက်တန်တာကို အရယူပြ သွားဖို့ရှိနေမယ့်ပွဲဖြစ်တယ်။ ဟံသာဝတီအနေနဲ့ ဖိအားအောက်က အလွတ်ရုန်းနိုင်ဖို့တော့ လိုတယ်ပေါ့ဗျာ။

ပြီးတော့ မကွေးနဲ့ဆောက်သမ်း၊ ဒီနှစ်သင်းကလည်း မြန်မာကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ အသင်းတွေဖြစ်တယ်။ ဒီနေရာမှာ တစ်ခုပြောဖြစ်တာက ဆောက်သမ်းမြန်မာပါ။ လူငယ်တွေအားဟာ အတော်လေးကို ထိရောက်တယ်၊ ကောင်းမွန်တယ်။ ကစားတာလည်း အားရှိတယ်။ ဒီတော့ စစ်ကိုင်းကို ဂိုးပြတ်ရှုံးထားတဲ့ အနေအထားမှာ ဒီနေ့ ပြိုင်ဘက်ဖြစ်တဲ့ မကွေးလိုအသင်းမျိုးကို အမှားမပါရစေဖို့ အားထည့်ပြီး ခံစစ်တိုက်စစ် သေချာ ပြင်ဆင်လာမယ့် သဘောရှိနေလိမ့်မယ်။ မကွေးခံစစ် အမှားများလို့မရဘူး။ လူစုံရင် လူစုံသလောက် ကစားတာ သွက်တယ်၊ ရတနာပုံနဲ့ပွဲမှာ မကွေး လူစားလဲပြီး တိုက်စစ်ကို တင်ကစားသွားတာ သိပ်ကောင်းတာပဲ။ ဒီလိုမျိုး လာလိမ့်မယ်။ ဆောက်သမ်းခံစစ် စစ်ကိုင်းနဲ့ပွဲကလိုမျိုး မပါးနပ်ရင် ဂိုးတွေ ပေးရနိုင်တာ တစ်ချက်တော့ ပြန်သတိထားရမယ်။

နောက်ပြီး ပဒုမ္မာကွင်းထဲက စိန်ခေါ်သံအကြောင်းကို ပြောချင်တယ်။ စစ်ကိုင်းနဲ့ ISPE ပါ။ ဒီနှစ်သင်းကလည်း တစ်ကယ့်ကို စိတ်လှုပ်ရှားဖို့ သိပ်ကောင်းပါတယ်။ ရပ်တည်မှုသာမက မာနနဲ့သိက္ခာအတွက် သိပ်ကိုအရေးပါတယ်။ ISPE က လူငယ်တွေအားနဲ့ မြန်မာဖြစ်အိုင်းယက်စ်အသင်း နဲ့တူတယ်။ ဂိုးသွင်းမသပ်ရပ်တာကလွဲရင် ဘယ်အသင်းပဲ လာလာ တိုက်စစ်ဆင်ပြီး သူတင်ကိုယ်တင် မကြောက်စတမ်းနဲ့ အားထည့် ကစားပြတဲ့အသင်းမျိုး ဖြစ်ပါတယ်။ အမှတ်ပေးဇယားမှာ အပြိုင်ဖြစ်နေတဲ့ အသင်းတွေကိုတောင် အခက်တွေ့အောင် လုပ်ခဲ့တဲ့အသင်းဖြစ်လို့ စစ်ကိုင်းလည်း ဒီနေ့မှာမလွယ်ဘူး။

စစ်ကိုင်းကစားတာ အားရပါးရရှိလာခဲ့တာမှန်တယ်။ ဒီနေ့မှာလည်း ဆောက်သမ်းနဲ့ပွဲတုန်းကအတိုင်း တစ်သင်းလုံး မာန်မချပဲနဲ့ ကစားဖို့လိုတယ်။ တိုက်စစ်နဲ့ကွင်းလယ် ချိတ်ဆက်မှုတွေအပြင် ရုန်အားနဲ့အတွေ့အကြုံ အသာရနေတဲ့အချက်ကို ISPE အပေါ်မှာ ပထမအကျော့ တုန်းကလိုမျိုး အသာရအောင် ယူနိုင်ဖို့လိုတယ်။ ပထမအကျော့တုန်းကISPE ကို အဝေးကွင်းမှာကစားပြီး ၁-၆ ဂိုးနဲ့ ဂိုးပြတ်နိုင်ထားခဲ့တာရှိတယ်။ ဒီတစ်ခါရော အဲ့သလိုမျိုးဖြစ်လာမလား စစ်ကိုင်း။ ထင်သလောက်တော့ မလွယ်ဘူး။ ပက်ထရစ် ပါးနပ်မှုရှိဖို့တော့လိုတဲ့ ပွဲဖြစ်နေတယ်။

ဒုတိယနေ့အတွက်တော့ အားလုံးမျှော်တဲ့ ပွဲကောင်းက ရှမ်းယူနိုက်တက်နဲ့ ဧရာဝတီယူနိုက်တက်တို့ဆုံကြတဲ့ ပွဲဖြစ်တယ်။ သိပြီးကြတဲ့အတိုင်း ဒီပွဲမှာရလဒ်ပေါ်မူတည်ပြီး ရပ်တည်မှု အနေအထားက အမျိုးမျိုးဖြစ်နိုင်ပါသေးတယ်။ ရှမ်းနိုင်ရင် ရပ်တည်မှုအရ အနိမ့်ဆုံးအဆင့် ၂ ကိုသွားနိုင်မယ်။ သရေကျလို့တော့မရဘူး။ ဟံသာဝတီအသင်းရဲ့ ရလဒ်အပေါ်မူတည်ပြီး ဒီပွဲက အမျိုးမျိုးဖြစ်နိုင်ချေတွေရှိတယ်။ ဧရာဝတီကလည်း ရှုံးလို့မဖြစ်ဘူး။ ဒီနေ့မှာ ဟံသာဝတီ အသာရထားခဲ့ရင် ဧရာဝတီအတွက် မနက်ဖြန်ကစားမယ့် ရှမ်းနဲ့ပွဲမှာ သရေကျလို့မရဘူး။ ဧရာဝတီက ပွဲကျပ်တယ်။ နားရက် တွေချုံ့လိုက်ချိန်မှာ ရန်ကုန်နဲ့ဟံသာဝတီစတဲ့ အသင်းတွေကို လက်ကျန်နှစ်ပွဲမှာ ဆက်ဆွဲရမှာ ဖြစ်နေတာကြောင့် တစ်ချက်ထစ်တာနဲ့ ဖိအားတွေမလိုအပ်ပဲ များလာမှာဖြစ်နေ တယ်။ ဒါတွေကြောင့် ရှမ်းနဲ့ပွဲကို လုပ်အားနှစ်ဆတင်ပြီး ရုန်းရလိမ့်မယ်။

လတ်တလောမှာ အင်အားအကောင်းဆုံး နှစ်သင်း လာတွေ့တာဖြစ်လို့ ဘယ်လိုမျိုးမဆို ပွဲကောင်းတစ်ပွဲထက် ပိုနေတဲ့ အနေအထားကို ပရိသတ်တွေမြင်ရတွေ့ရမှာ ဖြစ်နေတယ်။ တိုက်စစ်အားကောင်းတဲ့ အသင်းတွေဖြစ်သလို နည်းဗျူဟာကြွယ်တဲ့ နည်းပြတွေ အချင်းချင်း ဆုံလို့လည်း မှတ်သားစရာတွေ များနေလိမ့်မယ် ဆိုတာပါပဲ။ ရှမ်းက လူအင်အားကောင်းတယ်။ နေရာစုံ ကစားနိုင်သူတွေ ပေါတယ်။ ဖြတ်တင်ဘောတွေနဲ့ ပါးနပ်စွာ ခေါင်းတိုက်၊ ပိတ်သွင်းပြီး တိုက်ရိုက်ကို ဂိုးရယူနိုင်တဲ့အသင်း ဖြစ်တယ်။ တွဲလုံးတွေကို ခဏဘေးချပြီး တောင်ပံနှစ်ဖက်ကနေ ဖြတ်တင်ဘောတွေနဲ့ အဆုံးသတ်ကောင်းကောင်း လုပ်နိုင်ကြတယ်။

ဧရာဝတီကျတော့ ကစားကွက်နဲ့ ဆာဆက်တိုးအားအပေါ်မှာ ခြေခံတယ်။ တစ်ဖက်အသင်းကို ကောင်တာနဲ့ ချောင်းကစားပြီး တိုးအားကောင်းတဲ့ တိုက်စစ်နဲ့ကွင်းလယ်စုဖွဲ့မှုကို ကျစ်လျစ်နေအောင်လို့လုပ်ပြီး ကစားလေ့ရှိတယ်။ ခံစစ်လည်းမာတယ်။ ရှမ်းလိုမျိုး အလွတ်တည်ကန်ဘောတွေကို ထိထိမိမိနဲ့ အသုံးချတတ်တဲ့အသင်းပါ။ အတွေ့အကြုံကောင်း စုဖွဲ့မှုအကောင်းဆုံး အနေအထားမှာ ရှိတယ်။ ဒီတော့ ပထမအကျော့တုန်းက ၁-၀ နဲ့ ဆာဆက်သွင်းဂိုး တစ်ဂိုးတည်းနဲ့ နိုင်ခဲ့တဲ့ ဧရာဝတီအတွက် ဘာတွေဆက်ဖြစ်လာမလဲ။ နှစ်သင်းစလုံးအတွက် သရေကျလို့မရဘူး။ သရေဆိုရင် ကျန်တဲ့ အသင်းတွေအတွက် အခွင့်အရေးကောင်း ပေးသလို ဖြစ်သွားလိမ့်မယ်။ ဒါကြောင့် ဒီပွဲမှာ တစ်သင်းသင်း အမှတ်ပြည့်ရထားမှ ဖြစ်မယ့်ပွဲဖြစ်တယ်။

ပြီးတော့ အခွင့်အရေးကောင်းကို အထိမိဆုံး ယူပြနိုင်ဖို့ တိုက်စစ်သမားတွေအတွက် အရေးကြီးသလို၊ ခံစစ်သမားတွေလည်း တစ်ချက်ကလေးမှကို အလစ်အငိုက်အမိခံလို့ကို မရတဲ့ပွဲမျိုးဖြစ်နေပါတယ်။ ဂိုးသမားတွေလည်းကောင်းကြတယ်ဆိုတော့ ဒီပွဲက ချန်ပီယံဆုအတွက်ကို မဖြစ်မနေနဲ့ ထည့်သွင်းကြည့်ရမယ့် ပွဲဖြစ်လာပြီလို့ ပြောထားချင်တယ်။ ဟုတ်ပါတယ်၊ ဧရာဝတီခံစစ်က ဗစ်တာနဲ့ ရှမ်းထိုးစစ်က ဒွေးကိုကိုချစ်တို့ ဇင်မင်းထွန်းတို့၊ နန္ဒကျော်တို့ ထိပ်တိုက်ဆုံမယ်။ တစ်ဖက်မှာလည်း ရှမ်းက မြန်မာခံစစ်သမားတွေနဲ့ ဆာဆက်တို့နဲ့ တည့်တည့်တွေ့မယ်။ ဘာပဲဖြစ်ဖြစ် အမှတ်လုပွဲက ပွဲကောင်းတစ်ပွဲထက် ပိုနေလိမ့်မယ်ဆိုတာပါပဲ။

အထူးသဖြင့် ဇယားထိပ်ဆုံးက ဧရာဝတီပါပဲ။ ဟံသာဝတီနဲ့က ၂ မှတ်၊ ရှမ်းနဲ့က ၄ မှတ်၊ ရန်ကုန်နဲ့က ၉ မှတ်ဖြတ်ထားတဲ့အသင်းဖြစ်လို့ ဘယ်လိုပဲဖြစ်ဖြစ် ဖိအားကတော့ ပွဲစဉ်ပြီးဆုံးချိန်အထိကို ရှိနေတုန်းပါပဲ။ ရှမ်းကတော့ ဒီပွဲပြီးရင် လက်ကျန်နှစ်ပွဲမှာ ဆောက်သမ်းတစ်ပွဲ၊ ရတနာပုံနဲ့တစ်ပွဲ ကျန်နေသေးတယ်။ ဧရာဝတီနဲ့ ဟံသာဝတီ ထက်တော့ ပွဲကချောင်တာ အမှန်ပါပဲ။ တစ်ပွဲချင်းကို ၃ မှတ်ယူဖို့ သေချာပြင်ဆင်နေတဲ့ ရှမ်းကို ဧရာဝတီအနေနဲ့ ဘယ်လိုမျိုး ကစားမလဲဆိုတာ စိတ်ဝင်စားမိတယ်။ အဲ့ဒီအထဲမှာ လူစားလဲမှု နည်းပရိယာယ်တွေ ပါနေတယ်ဆိုတာလည်း ထည့်ပြောထားဖြစ်တယ်။ လူစားလဲမှု ၃ ကြိမ်မှာ လူစားဝင် ၅ ယောက် လဲလှယ်ခွင့်ဆိုတာကြီးက သုံးတတ်တဲ့အသင်းတွေအတွက် လုံးဝ ဘေးမဖြစ်တဲ့ အားသာချက်လို ဖြစ်နေတာကြောင့် ရှမ်းနဲ့ ဧရာဝတီပွဲမှာလည်း ဒီအချက်က မဖြစ်မနေနဲ့ ထည့်သွင်းကြည့်ဖြစ်ဖို့ ရှိနေတယ်ဆိုတာပါပဲ။

ပြီးရင်တော့ ရန်ကုန်နဲ့ရခိုင်ပွဲ ပြောချင်တယ်။ ဒီပွဲမှာ ရန်ကုန်ကို စပြောဖြစ်တယ်။ အိမ်ရှင်ဖြစ်နေတဲ့ အတွက်ကြောင့် ခြေစွမ်းထက်နေတဲ့ ရခိုင်ကို ရန်ကုန်အသာရအောင် လုပ်နိုင်မလား၊ ရန်ကုန် အတွက်တော့ ဒီပွဲမှာလိုချင်တာကို ယူပြနိုင်ဖို့ လိုအပ်နေတယ်။ ဘာကြောင့်လဲဆိုတော့ ဒီပွဲမှာ အမှတ်ပြည့်မဟုတ်တဲ့ တစ်ခုခုသာ ဖြစ်ကြည့်၊ မျှော်လင့်ချက် မျှင်မျှင်လေး ပြတ်တောက်သွားနိုင်လို့ပါပဲ။ ကိုယ့်အလုပ်ကိုယ် အကောင်းဆုံးလုပ်ထားဖို့လိုတယ်။

ရခိုင်ကတော့ မာတယ်။ အားရှိတယ်။တိုးနိုင်တယ်။ သွားနိုင်တယ်။ မထင်မှတ်တာတွေကို လုပ်ပြနေတယ်။ အဲလက်စ်နဲ့ ကီလ်ဗင်အပြင် ချိတ်ဆက်မှုတွေမှာလည်း ချမ်းဦးတို့ကြောင့် ပြိုင်ဘက်တိုင်းကို အခက်တွေ့နေစေတယ်။ လျော့တွက်လို့မရဘူး။ ရခိုင်က ရသလောက် တိုက်မယ့်အသင်းဖြစ်တယ်။ ပထမပိုင်းကစားအား သိပ်ကောင်းတယ်။ နည်းပြဖြစ်သူ ဦးသန်းဝေကလည်း ရန်ကုန်မှာ ပတ်သက်ခဲ့ဖူးတာလေးတွေ ရှိခဲ့သူဆိုတော့ အသင်းဟောင်းနဲ့ ပြန်ဆုံရသလိုပါပဲ။ ပထမအကျော့မှာ ရန်ကုန်က ရခိုင်ကို ၁-၀ နဲ့ အဝေးကွင်းမှာ အနိုင်ရထားခဲ့တယ်။ အီမန်နူရယ်ရဲ့ မိနစ် ၈၀ မှာသွင်းတဲ့ တစ်လုံးတည်းသောဂိုးနဲ့ နိုင်ခဲ့တာဖြစ်တယ်။ အခု ပြန်ဆုံပြီး ဘာတွေဖြစ်လာမလဲ၊ ဘယ်အသင်းက အသာရအောင်လို့ ဖိအားပေးနိုင်မလဲ၊ ရန်ကုန်လား၊ ရခိုင်လား။

ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်အလုပ်ကိုယ် အကောင်းဆုံးလုပ်နိုင်တဲ့ အသင်းကတော့ ရှေ့ဆက်တိုးဖို့အတွက် အကောင်းဆုံးအခွင့်အရေး ရနေမှာသေချာပါတယ်။ ဒီတော့ ပွဲစဉ် ၁၈ မှာ ထူးခြားတဲ့ အပြောင်းအလဲတွေ မြင်ရမလား၊ ဒါမှမဟုတ် အရင်အတိုင်းရှေ့ကို တိုးပြီး ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေဦးမလားဆိုတာ ကြည့်ဖို့ဖြစ်လာပြန်တယ်။