မောင်းတိန်းလိုင်းယွန်း-ရွိုင်ရယ်သန်လျင်၊ ကချင်ယူနိုက်တက်-ဒဂုံအက်ဖ်စီပွဲစဉ်မှ ဖြစ်ရပ်များအတွက် စည်းကမ်းထိန်းသိမ်းရေးမှ ပြစ်ဒဏ်များချမှတ်

June 26, 2018
MPT Myanmar National League II 2018 ပွဲစဉ်(၁၁) မှ မောင်းတိန်းလိုင်းယွန်း-ရွိုင်ရယ်သန်လျင်၊ ကချင်ယူနိုက်တက်-ဒဂုံအက်ဖ်စီပွဲစဉ်မှ ဖြစ်ရပ်များအတွက် စည်းကမ်းထိန်းသိမ်းရေးမှ ပြစ်ဒဏ်များချမှတ်ခဲ့ပါသည်။
 
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပလျက်ရှိသည့် MPT Myanmar National League II 2018 ပြိုင်ပွဲ ပွဲစဉ်(၃၁) အဖြစ် ၂၂-၆-၂၀၁၈ ရက်၊ ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်း၌ Mountain Lion FC အသင်းနှင့် Royal Thanlyin FC အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပါသည်။
 
အဆိုပါ ပွဲစဉ် ပွဲကစားချိန် ၂၁ မိနစ်တွင် Royal Thanlyin အသင်းမှ ကျောနံပါတ် (၂၀) ကျော်ကျော်စိုးသည် ပြစ်ဒဏ်ဘောပေးထားစဉ် Mountain Lion အသင်းမှ ကျောနံပါတ် (၁၆) သန့်ဇင်အောင်၏ လည်ပင်းအား တံတောင်ဆစ်ဖြင့် တိုက်ခိုက်သဖြင့် ကွင်းလယ်ဒိုင်လူကြီးမှ တိုက်ရိုက်အနီကဒ်ပြ ထုတ်ပယ်ခဲ့မှုအပေါ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ အရေးယူပေးပါရန် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေးမှ တင်ပြလာပါသည်။
 
အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် (၂၆-၆-၂၀၁၈) ရက်၊ နံနက် (၁၀) နာရီအချိန်တွင် အစည်းအဝေးပြုလုပ်ပြီး တာဝန်ကျဒိုင်လူကြီးများကို ခေါ်ယူမေးမြန်းခြင်း၊ ပြိုင်ပွဲကြီးကြပ်နှင့် ဒိုင်လူကြီးများ၏ အစီရင်ခံစာများကို ဖတ်ရှုလေ့လာခြင်း၊ ရုပ်သံမှတ်တမ်းများအား ကြည့်ရှုလေ့လာခြင်းများ ပြုလုပ်ပြီး အောက်ပါအတိုင်း အရေးယူရန် ဆုံးဖြတ်ခဲ့ပါသည်။
 
– Royal Thanlyin FC အသင်းမှ ကျောနံပါတ် (၂၀) ကျော်ကျော်စိုးအား MPT Myanmar National League I & II Regulations 2018 စည်းကမ်းထိန်းသိမ်းရေးမူအပိုဒ် (၄) အရ အနီးစပ်ဆုံး (၄) ပွဲ ပါဝင် ကစားခွင့်မပြုရန်နှင့် ဒဏ်ကြေးငွေကျပ် ၄၀၀,၀၀၀ ပေးဆောင်ရန် ဆုံးဖြတ်ချက်ချခဲ့ပါသည်။
 
အလားတူ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပလျက်ရှိသည့် MPT Myanmar National League II 2018 ပြိုင်ပွဲ ပွဲစဉ်(၃၃) အဖြစ် ၂၂-၆-၂၀၁၈ ရက်၊ ရန်ကုန်မြို့၊ စလင်းကွင်း၌ Kachin United အသင်းနှင့် Dagon FC အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပါသည်။
ထိုပွဲစဉ်တွင် ပွဲကစားချိန် (၉၀+၃) မိနစ်၌ ဖြစ်ပေါ်ခဲ့သည့် ဖြစ်စဉ်များနှင့် ပတ်သက်၍
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် (၂၆-၆-၂၀၁၈) ရက်၊ နံနက် (၁၀) နာရီအချိန်တွင် အစည်းအဝေးပြုလုပ်ပြီး တာဝန်ကျဒိုင်လူကြီးများကို ခေါ်ယူမေးမြန်းခြင်း၊ ပြိုင်ပွဲကြီးကြပ်နှင့် ဒိုင်လူကြီးများ၏ အစီရင်ခံစာများကို ဖတ်ရှုလေ့လာခြင်း၊ ရုပ်သံမှတ်တမ်းများအား ကြည့်ရှုလေ့လာခြင်းများ ပြုလုပ်ပြီး အောက်ပါအတိုင်း အရေးယူရန် ဆုံးဖြတ်ခဲ့ပါသည်။
 
(က) Kachin United အသင်းမှ ကျောနံပါတ် (၂၀) ထူးထူးအောင်အား MPT Myanmar National League I & II Regulations 2018 စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ်(၂) အရ အနီးစပ်ဆုံး (၂) ပွဲ ပါဝင်ကစားခွင့်မပြုရန်နှင့် ဒဏ်ကြေးငွေ ကျပ် ၂၀၀,၀၀၀ ပေးဆောင်ရန်။
(ခ) Dagon FC အသင်းမှ ကျောနံပါတ် (၁၁) ရဲထက်အောင်အား MPT Myanmar National League I & II Regulations 2018 ပြိုင်ပွဲစည်းမျဉ်းစည်းကမ်း အပိုဒ် ၃၃ (ဂ) အရ အနီးစပ်ဆုံး (၁) ပွဲ ပါဝင်ကစားခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေ ကျပ် ၁၀၀,၀၀၀ ပေးဆောင်ရန်။
 
(ဂ) ဒိုင်လူကြီး၏ ထွက်ဆိုချက်အရ Physiotherapist ဦးစိုးလွင်သည် ၎င်းအား မချေမငံပြောဆိုခဲ့ကြောင်း သိရှိရသဖြင့် နောက်နောင် အလားတူ ကိစ္စရပ်များ မဖြစ်ပေါ်စေရန်အတွက် တာဝန်ရှိသူများမှ လိုအပ်သလို ကြပ်မတ်ဆောင်ရွက်ပေးရန်၊ နောက်နောင် အလားတူ ကိစ္စရပ်များ ပေါ်ပေါက်ပါက စည်းမျဉ်းစည်းကမ်းများအတိုင်း အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတိပေးလိုက်သည်။