ချန်ပီယံဆု မျှော်လင့်ချက်.. တန်းဆင်းဇုန် တိုက်ပွဲများကြောင့် ရာသီကုန် နောက်ဆုံးပွဲစဉ်အထိ စိတ်လှုပ်ရှားမှု ပေးစွမ်းဦးမည့် MPT Myanmar National League 2018

September 20, 2018

ချန်ပီယံဆုအတွက် ရင်ခုန်စိတ်လှုပ်ရှားမှုအပြည့်နှင့် ဖြတ်သန်းရမည့် နောက်ဆုံးမိနစ် ၉၀ အခိုက်အတန့်နှင့် တန်းမဆင်းရဖို့အရေးအားသွန်ခိုက်စိုက် ယှဉ်ပြိုင်ရမည့် ပွဲစဉ်များ ပါဝင်နေသည့် MPT Myanmar National League 2018 ရာသီသိမ်းနောက်ဆုံးပွဲစဉ်များအား ယခုတစ်ပတ် စက်တင်ဘာ ၂၂၊ ၂၃ ရက်များတွင် ကျင်းပသွားမည်ဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်(၂၂)တွင် ဂျီအက်ဖ်အေ-ဇွဲကပင်ယူနိုက်တက်၊ မကွေးအက်ဖ်စီ-ရခိုင်ယူနိုက်တက်၊ ဟံသာဝတီယူနိုက်တက်-ဧရာဝတီယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်-ဆောက်သမ်းမြန်မာ၊ ရှမ်းယူနိုက်တက်-မြ၀တီအက်ဖ်စီ၊ ရတနာပုံအက်ဖ်စီ-စစ်ကိုင်းယူနိုက်တက်အသင်းတို့ တွေ့ဆုံလျက်ရှိသည်။

၂၂-၉-၂၀၁၈
ဂျီအက်ဖ်အေ-ဇွဲကပင်ယူနိုက်တက်(သုဝဏ္ဏ)- ၄း၀၀

တန်းမဆင်းရရေးအတွက် ဂျီအက်ဖ်အေအသင်းယခုပွဲအနိုင်ရလဒ် ရရှိရန် လိုအပ်နေသည်။ သရေရလဒ်ထွက်ပေါ်ခဲ့လျင်ဂိုးကွာခြားချက်ကြောင့် တန်းကျန်ရစ်ဖို့ အခွင့်အရေးနည်းသွားမည်ဖြစ်သည်။ တစ်ဖက်တွင် ဇွဲကပင်ယူနိုက်တက်အသင်းကရာသီကုန်အဆင့် ၃ နေရာဖြင့် အဆုံးသတ်နိုင်မည့် အခွင့်အရေးကိုလက်လွတ်ခံမည် မဟုတ်ပေ။ အမှားအယွင်းပြုလုပ်မိခဲ့လျင် စတုတ္တနေရာက ဟံသာဝတီကြောင့် တတိယနေရာရပ်တည်ခွင့် ဆုံးရှုံးသွားရနိုင်သည်။ နှစ်သင်းစလုံးက ပြီးခဲ့သည့် ပွဲစဉ်များတွင် ရလဒ်ကောင်းများပိုင်ဆိုင်ထားသည်ကိုတွေ့ရသည်။ တန်းဆင်းဇုန်ဖိအားအဆင့် ၃ နေရာမျှော်မှန်းချက်တို့ကြောင့် ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲဖြစ်လာမည်ဟုမျှော်လင့်ရသည်။

၂၃-၉-၂၀၁၈
မကွေးအက်ဖ်စီ-ရခိုင်ယူနိုက်တက်(သုဝဏ္ဏ)-၄း၀၀

ပြီးခဲ့သည့်အပတ်ကဂျီအက်ဖ်အေအသင်းကိုမကွေးအသင်းမထင်မှတ်ဘဲအရေးနိမ့်ခဲ့ရသည်။ ထို့ကြောင့် အဆင့် ၅ အတွင်း ၀င်ရောက်ရေးကလည်းေ၀၀ါးသွားခဲ့ရသည်။ ယခုပွဲစဉ်အပြီးရန်ကုန်ယူနိုက်တက်အသင်းနှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆီမီးဖိုင်နယ် ဒုတိယအကျော့ကိုဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ထို့ကြောင့် မကွေးအသင်း၏ ယခုပွဲစဉ်ချဉ်းကပ်မှုအပေါ် စောင့်ကြည့်သွားရမည်ဖြစ်သည်။ ပြိုင်ဘက် ရခိုင်ယူနိုက်တက်အသင်းကလည်းအမှတ် မလိုအပ်တော့သည့်တိုင် ရာသီသိမ်းနောက်ဆုံးပွဲတွင် ဂုဏ်သိက္ခာပိုင်းအရအာရုံစိုက် ယှဉ်ပြိုင်လာမည်ဖြစ်သည်။

၂၃-၉-၂၀၁၈
ဟံသာဝတီယူနိုက်တက်-ဧရာဝတီယူနိုက်တက်(ပဲခူး)- ၃း၃၀

ရာသီကုန်အဆင့် ၃ နေရာရပ်တည်နိုင်ရေးအတွက် ဟံသာဝတီအသင်း အခွင့်အရေးရှိနေဆဲဖြစ်သော်လည်းရှမ်းအသင်းနှင့် ရင်ဆိုင်ရမည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆီမီးဖိုင်နယ် ဒုတိယအကျော့ကိုပဲအာရုံစိုက်သွားမည်ဟုထင်ရသည်။ တစ်ဖက်တွင် ရှုံးထွက်ပွဲစဉ် ပထမအကျော့ ယှဉ်ပြိုင်ကစားထားရခြင်းကြောင့် ပွဲပမ်းမှုဒဏ်ကိုပါ ခံရနိုင်သည်။ ပွဲစဉ်(၂၁)တွင် ဇွဲကပင်အသင်းကိုဂိုးပြတ်အရေးနိမ့်ခဲ့မှုကြောင့် ဝေဖန်ခံနေရသည့် ဧရာဝတီယူနိုက်တက်အသင်းအတွက် အခွင့်အရေးသဖွယ်လည်း ဖြစ်လာနိုင်သည်။

၂၃-၉-၂၀၁၈
ရန်ကုန်ယူနိုက်တက်-ဆောက်သမ်းမြန်မာ(Y.U.S.C)-၃း၃၀

ရန်ကုန်ယူနိုက်တက်အသင်းယခုပွဲရလဒ်ကောင်းပိုင်ဆိုင်ခဲ့လျင် အမှတ်ပေးချန်ပီယံဆုကို (၅)ကြိမ်မြောက် ရယူနိုင်သည့် အသင်းအဖြစ် မှတ်တမ်းရေးထိုးခွင့်ရရှိသွားမည်ဖြစ်သည်။ ထိုအောင်မြင်မှုအတွက် အိမ်ရှင်အသင်း ဖြတ်ကျော်ရမည့် အချိန်အပိုင်းခြားမှာမိနစ် ၉၀ မျှသာဖြစ်သည်။ သို့သော် လက်ရှိဆောက်သမ်းမြန်မာအသင်း၏ အခြေအနေကယခင်ကထက် များစွာကွာခြားသွားပြီဖြစ်သည်။ အဓိကကစားသမား ၅ ဦး မပါဝင်နိုင်သော်လည်းစစ်ကိုင်းအသင်းကိုဂိုးပြတ်အနိုင်ကစားခဲ့သည့် ဆောက်သမ်းအသင်း၏ ခြေစွမ်းက ပြိုင်ဘက်တိုင်းကိုယှဉ်ကစားနိုင်သည့် အနေအထားဖြစ်သည်။ ချန်ပီယံဆုအတွက် အိမ်ရှင်အသင်းအမှားခံ၍ မရသလိုအဆင့် ၅ နေရာရပ်တည်ခွင့်အတွက် ခပ်ပါးပါးမျှော်လင့်ချက်ရှိနေသည့် ဆောက်သမ်းအသင်းတို့ ပွဲစဉ်မှာပရိသတ်အကြိုက် ပွဲစဉ်တစ်ပွဲဖြစ်လာမည်ဟုမျှော်လင့်ရသည်။

၂၃-၉-၂၀၁၈
ရှမ်းယူနိုက်တက်-မြ၀တီအက်ဖ်စီ(တောင်ကြီး)-၃း၃၀
လက်ရှိချန်ပီယံကာကွယ်ခွင့်အတွက် နိုင်ပွဲလိုအပ်နေသည့် ရှမ်းယူနိုက်တက်အသင်းနှင့် တန်းဆင်းသွားခဲ့ရပြီဖြစ်သည့် မြ၀တီအက်ဖ်စီအသင်းတို့ တောင်ပေါ်မြေတွင် ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။ လက်ရှိလူစာရင်းနှင့် စိတ်ဓာတ်ပိုင်းအရအိမ်ရှင်အသင်း နိုင်ပွဲရရှိရန် ခက်ခဲမည် မဟုတ်ပေ။ သို့သော် ချန်ပီယံဆုကိုယခုပွဲစဉ်ကအဆုံးအဖြတ်ပေးမည် မဟုတ်ဘဲတစ်ချိန်တည်းယှဉ်ပြိုင်ကစားမည့် ရန်ကုန်-ဆောက်သမ်းမြန်မာပွဲစဉ်၏ အဖြေကိုသာစောင့်ကြည့်သွားရမည်ဖြစ်သည်။

၂၃-၉-၂၀၁၈
ရတနာပုံအက်ဖ်စီ-စစ်ကိုင်းယူနိုက်တက်(မန္တလာသီရိ)
ဂုဏ်သိက္ခာပိုင်းအရအိမ်ကွင်းတွင် ရလဒ်ကောင်းရရှိအောင် ကစားမည့် ရတနာပုံအသင်းနှင့် တန်းမဆင်းရရေးရတက်မအေး ဖြစ်နေသည့် စစ်ကိုင်းယူနိုက်တက်အသင်းတို့ မန္တလာမြေတွင် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ ပထမအကျော့ စစ်ကိုင်းကွင်းတွင် နှစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့ပြီးယခုတစ်ကြိမ်တွင် အသာရရှိသွားမည့်အသင်းကိုစောင့်ကြည့်သွားရမည်ဖြစ်သည်။