လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းကို အနိုင်ယူပြီး ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့သည့် ဟံသာဝတီယူနိုက်တက်အသင်း

September 26, 2018

၂၀၁၀ ရှုံးထွက်ချန်ပီယံ ဟံသာဝတီယူနိုက်တက်အသင်းသည်  ၂၀၁၈ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း အကြိုဗိုလ်လုပွဲအဆင့်တွင် ရှမ်းယူနိုက်တက်အသင်းကို အနိုင်ယူကျော်ဖြတ်ပြီး  ဗိုလ်လုပွဲ အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

စက်တင်ဘာ ၂၆ ရက် (ယနေ့) ညနေပိုင်းက တောင်ကြီးမြို့၊  ပြည်နယ်အားကစားကွင်း၌  ယှဉ်ပြိုင်ခဲ့သည့် ရှမ်းယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ ၏ ဒုတိယအကျော့ အကြိုဗိုလ်လုပွဲစဉ်တွင် ဧည့်သည်အသင်းက မာခ့်ဆာကီ၏ တစ်လုံးတည်းသော ဂိုးဖြင့် အနိုင်ရကာ ဗိုလ်လုပွဲသို့  ရှစ်နှစ်အကြာတွင် တစ်ဖန်ပြန်လည် တက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် ယနေ့ပွဲတွင် သီဟစည်သူ၊ ဇော်လင်း၊ ဒေးဗစ်ထန်း၊ ၀ီလျံ၊ တင်ဝင်းအောင်၊ ဒွေးကိုကိုချစ်၊ ခရစ္စတိုဖာတို့ဖြင့် လူစုံထုတ် ကစားခဲ့သော်လည်း ဟံသာဝတီအသင်းအပေါ် အသာစီး ရယူကစားနိုင်ခဲ့ခြင်း မရှိချေ။

ဟံသာဝတီယူနိုက်တက်အသင်းမှာ ကိုကိုနိုင်၊ ရွှေလှိုင်ဝင်း၊ မာခ့်ဆာကီ၊  ဂျိုးဇက်၊ ဟိန်းထက်အောင်တို့ကို ထည့်သွင်းအသုံးပြုခဲ့ပြီး  ရှမ်းအသင်းကို တည်တည်ငြိမ်ငြိမ်ဖြင့် ရင်ဆိုင်ကစားနိုင်ခဲ့သည်။

ရှမ်းအသင်းသည် ဒုတိယပိုင်းတွင် တိုက်စစ်ပိုမိုအားပြု ကစားနိုင်ရေး နောက်ခံလူဟိန်းသီဇော်၊ တောင်ပံကစားသမား ဆမ်လမ်မန် နှင့် တိုက်စစ်မှူး ဇင်မင်းထွန်းတို့ကို လူစားလဲ ထည့်သွင်း ကစားစေခဲ့သော်လည်း  မိုက်ကယ်ဦးဆောင်သည့် ဟံသာဝတီခံစစ်ပိုင်းကို ကျော်ဖြတ်နိုင်ခဲ့ခြင်း မရှိပေ။

ထို့ပြင် ဟံသာဝတီယူနိုက်တက်အသင်း ဂိုးသမား ကိုကိုနိုင်ကလည်း ရှမ်းအသင်းကန်သွင်းမှုအချို့ကို လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ခြင်းကြောင့်  အိမ်ရှင်အသင်းမှာ အကြိုဗိုလ်လုပွဲအဆင့်ဖြင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။

ဟံသာတီယူနိုက်တက်အသင်း ဗိုလ်လုပွဲတက်ရောက်ခွင့် ရရှိစေမည့် အဖိုးတန်အနိုင်ဂိုးကို တိုက်စစ်မှူး မာခ့်ဆာကီက ၅၆ မိနစ်တွင် သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဟံသာဝတီအသင်းအိမ်ကွင်းတွင် ယှဉ်ပြိုင်ခဲ့သည့် ပထမအကျော့ပွဲစဉ်တွင် ဂိုးမရှိသရေရလဒ်ထွက်ပေါ်ထားခဲ့ရာ နှစ်ကျော့ပေါင်းရလဒ် ၁-၀ ဂိုးဖြင့် ဟံသာဝတီအသင်း နောက်တစ်ဆင့်တက်ရောက်ခဲ့ခြင်းဖြစ်သည်။

တပ်မတော် ကြည်း၊ရေ၊လေမှ အဓိက ကူညီပံ့ပိုးပေးထားသည့်  ၂၀၁၈ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ကို စက်တင်ဘာ ၃၀ ရက်တွင် အောင်ဆန်းကွင်း၌ ကျင်းပသွားမည်ဖြစ်သည်။

ဟံသာဝတီယူနိုက်တက်အသင်းမှာ  ဗိုလ်လုပွဲတွင်  မကွေးအက်ဖ်စီ-ရန်ကုန်ယူနိုက်တက်ပွဲစဉ်မှ အနိုင်ရရှိလာသည့် အသင်းနှင့် ယှဉ်ပြိုင်ဗိုလ်လုရမည်ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ် ဒုတိယအကျော့  မကွေးအက်ဖ်စီ-ရန်ကုန်ယူနိုက်တက်ပွဲစဉ်ကို စက်တင်ဘာ ၂၇ ရက်တွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။