ပင်နယ်တီအဆုံးအဖြတ်ဖြင့် လက်ရှိချန်ပီယံဆု ကာကွယ်ခဲ့သည့် ရသေ့တောင်အသင်း

October 29, 2019

ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးညီပု တက်ရောက်ကြည့်ရှုကာ ဆုများချီးမြှင့်
———————————————————————
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် MPT တို့ ပူးပေါင်းကျင်းပသည့် MPT U-14 Football Tournament 2019 ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲ အခမ်းအနားကို အောက်တိုဘာ ၂၉ ရက်(ယနေ့)က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ၊ ဝေသာလီ ဘောလုံးကွင်းတွင် ကျင်းပခဲ့သည်။

ယနေ့ နံနက် ရး၃၀ က ကစားခဲ့သည့် မောင်တောအသင်းနှင့် သံတွဲ(အေ)အသင်းတို့၏ တတိယနေရာလုပွဲတွင် မောင်တော အသင်းက နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။ ညနေ ၃း၃၀ တွင် ကစားခဲ့သည့် ကျောက်ဖြူ(အေ)အသင်းနှင့် ရသေ့တောင် အသင်းတို့ပွဲတွင် ပွဲချိန်အတွင်း တစ်ဂိုးစီ သရေကျခဲ့သည့်အတွက် အချိန်ပိုဆက်လက်ကစားခဲ့ပြီး အချိန်ပို တွင်လည်း ဆက်လက် သရေကျခဲ့သည့်အတွက် ပင်နယ်တီအဆုံးအဖြတ်ကစားခဲ့သည်။ ပင်နယ်တီအဆုံးအဖြတ်တွင် လက်ရှိချန်ပီယံ ရသေ့တောင် အသင်းက လေးဂိုးနှစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

ရှေးဦးစွာ ကျောက်ဖြူ(အေ)အသင်းနှင့် ရသေ့တောင်အသင်းတို့ ကစားခဲ့သည့် ဗိုလ်လုပွဲစဉ်တွင် တာဝန်ယူခဲ့သည့် ဒိုင်လူကြီးများကို Myanmar Care မှ အမှတ်တရ ဆုလက်ဆောင် များပေးအပ်ခဲ့သည်။ ဒိုင်လူကြီးများအတွက် အမှတ်တရ လက်ဆောင်များကို Myanmar Care မှ Business Manager ဦးထွန်းရွှေမှ ချီးမြှင့်ပေးခဲ့ သည်။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကျင်းပခဲ့သည့် MPT U-14 Football Tournament 2019 ဘောလုံးပြိုင်ပွဲတွင် ရှေ့တန်းအကောင်းဆုံး ကစား သမားဆုကို ရသေ့တောင်အသင်းမှ ဟန်သိန်းထွန်းမှ ရရှိခဲ့သည်။ ရခိုင်ပြည်နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးအောင်စောမြမှ ရှေ့တန်းအကောင်းဆုံး ဆုရခဲ့သည့် ဟန်သိန်းထွန်းကို ဆုတံဆိပ်နှင့် အတူ ဆုငွေကျပ် ၂၀၀၀၀ ချီးမြှင့်ခဲ့သည်။

ပြိုင်ပွဲတွင် အလယ်တန်းအကောင်းဆုံးကစားသမားဆုကို သံတွဲ(အေ)အသင်း မှ မျိုးသန်းကျော်က ရရှိခဲ့သည်။ ရခိုင်ပြည်နယ်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပြည်နယ် မန်နေဂျာ ဦးဇော်လွင်ဦးမှ အလယ်တန်းအကောင်းဆုံးဆုရခဲ့သည့် မျိုးသန်းကျော်ကို ဆုတံဆိပ် နှင့်အတူ ဆုငွေကျပ် ၂၀၀၀၀ ချီးမြှင့်ခဲ့သည်။
ပြိုင်ပွဲတွင် နောက်တန်းအကောင်းဆုံးကစားသမားဆုကို ကျောက်ဖြူ(အေ)အသင်း မှ မျိုးလှိုင်ဝင်းက ရရှိခဲ့သည်။ ရခိုင်ပြည်နယ်၊ ပညာရေးမှူး ဦးတင်သိန်းမှ နောက်တန်း အကောင်းဆုံးဆုရခဲ့သည့် မျိုးလှိုင်ဝင်းကို ဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် ၂၀၀၀၀ ချီးမြှင့်ခဲ့သည်။

ထို့နောက် ပြိုင်ပွဲ၏ အကောင်းဆုံးဂိုးသမားဆုကို ဆက်လက် ချီးမြှင့်ခဲ့ပြီး အကောင်းဆုံးဂိုး သမားဆုကို ကျောက်ဖြူ(အေ)အသင်း ဝင်းမျိုးအောင်မှ ရရှိခဲ့သည်။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ မှ အကောင်းဆုံး ဂိုးသမားဆုရ ဝင်းမျိုးအောင်ကို ဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် ၂၀၀၀၀ ချီးမြှင့်ခဲ့သည်။

ပြိုင်ပွဲတွင် ဂိုးသွင်းအများဆုံးကစားသမားဆုကို မောင်တောအသင်းမှ နေလင်းစိုးမှ ရရှိခဲ့သည်။ ရခိုင်ပြည်နယ်၊ မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း၊ ပြည်နယ် မန်နေဂျာ ဦးဇော်လွင်ဦး မှ ဂိုးသွင်းအများဆုံး ကစားသမားဆုရခဲ့သည့် နေလင်းစိုးကို ဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် ၂၀၀၀၀ ချီးမြှင့်ခဲ့သည်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ကျင်းပခဲ့သည့် MPT U-14 Football Tournament 2019 ပြိုင်ပွဲတွင် အကောင်းဆုံးကစားသမားဆုကို ရသေ့တောင်အသင်းမှ နိုင်အောင်က ရရှိခဲ့သည်။ ရခိုင်ပြည်နယ်၊ ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ကြည်လင်းမှ အကောင်းဆုံး ကစားသမားဆုရ နိုင်အောင်ကို ဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် ၃၀၀၀၀ ချီးမြှင့်ခဲ့သည်။

ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးအသင်းဆုကို သံတွဲ(အေ)အသင်းမှ ရခဲ့သည်။ ပရီမီယာမှ Branch Manager ဦးမင်းအောင်ငြိမ်းမှ အသန့်ရှင်းဆုံး အသင်းဆုရခဲ့သည့် သံတွဲ(အေ)အသင်းကို ဆုငွေကျပ် နှစ်သိန်းချီးမြှင့်ခဲ့သည်။
ပြိုင်ပွဲတွင် တတိယဆုကို မောင်တောအသင်းမှ ရရှိခဲ့သည်။ မောင်တောအသင်းအတွက် တစ်ဦးချင်း ဆုတံဆိပ်များကို ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဦးကျော်လွင် မှ ချီးမြှင့်ပေးခဲ့သည်။ အမှတ်(၄) လုံခြုံရေး၊ ရဲကွပ်ကဲမှုအဖွဲ့မှူး၊ ရဲမှူးချုပ်မြဝင်းမှ တတိယဆုရရှိသည့် မောင်တောအသင်းကို ဆုကြေးငွေကျပ် သုံးသိန်းချီးမြှင့်ခဲ့သည်။

ဒုတိယဆုကို ကျော်ဖြူ(အေ) အသင်းမှ ရရှိခဲ့ပြီး ကျောက်ဖြူ(အေ)အသင်းအတွက် တစ်ဦးချင်းဆုတံဆိပ်များကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင့်မှ ချီးမြှင့်ပေးခဲ့သည်။ ကျောက်ဖြူ(အေ)အသင်းအတွက် ဆုငွေကျပ် ငါးသိန်းကို မြန်မာနေရှင်နယ်လိဂ်၊ အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်မှ ချီးမြှင့်ပေးခဲ့သည်။

ပြိုင်ပွဲတွင် ပထမဆုကို ရသေ့တောင်အသင်းမှ ရရှိခဲ့ပြီး ချန်ပီယံဖြစ်ခဲ့သည့် ရသေ့တောင်အသင်းအတွက် တစ်ဦးချင်း ဆုတံဆိပ်များကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လူမှုရေးဝန်ကြီး ဒေါက်တာချမ်းသာ မှ ချီးမြှင့်ပေးခဲ့သည်။ ရသေ့တောင်အသင်းအတွက် ဆုငွေကျပ် ၁၀ သိန်းကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုမှ ချီးမြှင့်ပေးခဲ့သည်။ ထို့နောက် ပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သည့် ရသေ့တောင်အသင်းကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်မှ ချန်ပီယံဆုဖလား ထပ်မံချီးမြှင့်ပေးခဲ့သည်။