ဒဂုံဇုန် အသင်း အနိုင်ရဗိုလ်စွဲသွားခဲ့တဲ့ MPT-University Football Tournament 2019 အောက်မြန်မာပြည် ဇုန်အလိုက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ

November 11, 2019

ကျင်းပလျှက် ရှိနေတဲ့ MPT-University Football Tournament 2019 အောက်မြန်မာပြည် ဇုန်အလိုက် ဘောလုံးပြိုင်ပွဲရဲ့ အမျိုးသမီး ဘောလုံးပြိုင်ပွဲရဲ့ ဗိုလ်လုပွဲစဉ်ကို ဒီကနေ့ မနက်ပိုင်းက သထုံလမ်းမှာ ရှိတဲ့ တက္ကသိုလ် ဘောလုံးကွင်းမှာ ကျင်းပခဲ့ပြီး ဒဂုံဇုန် အမျိုးသမီး ဘောလုံးအသင်းက မော်လမြိုင်ဇုန် အမျိုးသမီး ဘောလုံးအသင်းကို ၄-၀ ဂိုးနဲ့ အနိုင်ရရှိကာ ချန်ပီယံဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။

ဒီပွဲကို ဒီကနေ့မနက် ၈း၀၀ နာရီက ကျင်းပခဲ့တာ ဖြစ်ပြီး ဒဂုံဇုန် အသင်းအတွက် အနိုင်ဂိုးတွေကို သဇင်မြင့်က ပွဲချိန် ၃၆ မိနစ်၊ ၄၄ မိနစ်နဲ့ ၇၀ မိနစ်တွေမှာ သွင်းယူခဲ့ပြီး ၃၅ မိနစ်မှာ စိုးစိုးမြင့်ကလည်း တစ်ဂိုး သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

ဒုတိယဆု ရယူနိုင်ခဲ့တဲ့ မော်လမြိုင်ဇုန် အသင်းနဲ့ ချန်ပီယံ ဖြစ်ခဲ့တဲ့ ဒဂုံဇုန် အသင်းတို့ဟာ အုပ်စု(က)မှာ တစ်အုပ်စုတည်း ကျရောက်ခဲ့ကြတာ ဖြစ်ပြီး အုပ်စုတွင်း တွေ့ဆုံမှုမှာလည်း ဒဂုံဇုန် အသင်းက ၃-၁ ဂိုးနဲ့ အနိုင်ရထားခဲ့ပါတယ်။ ဒဂုံဇုန် အသင်းဟာ ဆီမီးဖိုင်နယ် အဆင့်မှာ ရန်ကုန်အနောက်ပိုင်းဇုန် အသင်းကို ၁၁-၀ ဆိုတဲ့ ရလဒ်နဲ့ ကျော်ဖြတ်လာခဲ့တာ ဖြစ်ပြီး မော်လမြိုင်ဇုန် အသင်းကတော့ ပုသိမ်ဇုန် အသင်းကို ဆီမီးဖိုင်နယ်မှာ ပင်နယ်တီအဆုံးအဖြတ် ၄-၅ ဂိုးနဲ့ အကြိတ်အနယ် ကျော်ဖြတ်ကာ ဗိုလ်လုပွဲ တက်ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ချန်ပီယံဆုပေးပွဲကိုတော့ ဒီကနေ့ ညနေပိုင်း တက္ကသိုလ်ကွင်းမှာပဲ ကျင်းပသွားမယ့် အမျိုးသား ဘောလုံးပြိုင်ပွဲအပြီးမှာ ကျင်းပသွားမှာ ဖြစ်ပြီး ဒီဆုပေးပွဲမှာ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ချန်ပီယံဆု၊ အမျိုးသား ဘောလုံးပြိုင်ပွဲရဲ့ ချန်ပီယံ ဆုတွေအပြင် တစ်ဦးချင်းဆုတွေကိုပါ တစ်ပါတည်း ပေးအပ်သွားမှာ ဖြစ်ပါတယ်။