ဧရာဝတီယူနိုက်တက်အသင်းနှင့်ပွဲတွင် ရခိုင်ယူနိုက်တက် အသင်း နောက်ခံလူ သက်ထွန်းအောင် ပါဝင်နိုင်မည် မဟုတ်

March 18, 2020

MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-10) တစ်ပွဲအဖြစ် ရခိုင်ယူနိုက်တက်အသင်း သည် လာမည့် မတ် ၂၅ ရက်တွင် ဧရာဝတီယူနိုက်တက်အသင်းနှင့် ကစားရမည်ဖြစ်ပြီး အဆိုပါပွဲတွင် အသင်းနောက်ခံလူ သက်ထွန်းအောင်အနေဖြင့် ပွဲပယ် ပြစ်ဒဏ်ကြောင့် လွဲချော်မည်ဖြစ်သည်။


နောက်ခံလူ သက်ထွန်းအောင်သည် ရခိုင်ယူနိုက်တက်အသင်းအတွက် အားထားရသည့် လူငယ် ကစားသမားတစ်ဦးဖြစ်ပြီး ရခိုင်ယူနိုက်တက် အသင်း ကစားပြီးခဲ့သည့် ပွဲစဉ် ကိုးပွဲစလုံးတွင် ပွဲထွက် ကစားခွင့်ရရှိထားသည့် အဓိက ကစားသမားတစ်ဦး လည်းဖြစ်သည်။ သက်ထွန်းအောင် အနေဖြင့် အဝါကတ် သုံးကတ်ပြည့်ခဲ့သည့်အတွက် ဧရာဝတီယူနိုက်တက်အသင်းနှင့်ပွဲအား လွဲချော်ရခြင်းဖြစ်သည်။

ဧရာဝတီယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့သည် လာမည့် မတ် ၂၅ ရက် ညနေ လေးနာရီ၊ YUSC ကွင်းတွင် ကစားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ဧရာဝတီယူနိုက်တက်အသင်းသည် ရမှတ် ၂၃ မှတ်ဖြင့် အဆင့် ၂ နေရာတွင် ရပ်တည်နေပြီး ရခိုင်ယူနိုက်တက်အသင်းသည် ရမှတ် ၁၅ မှတ်ဖြင့် အဆင့် ၅ နေရာတွင် ရပ်တည်နေသည်။