အတိမ်းအစောင်းမခံတဲ့ ဇယားထိပ်ဆုံး ၃ သင်း နဲ့ ချန်ပီယံဆုဖလားဆီသို့ ခြေနှစ်လှမ်းအလို

September 25, 2020

ထွန်းထွန်းဦး (လှိုင်)

MPT မြန်နေရှင်နယ်လိဂ် ပွဲစဉ်တွေ ပြီးဆုံးဖို့ ၂ ပွဲသာ လိုတော့တယ်။ ဒီနေ့ပွဲ ဘာတွေဆက်ဖြစ် လာနိုင်သလဲ။ ဘာတွေဖြစ်မယ်ထင်သလဲ။ စိတ်ဝင်စားစရာပါ။ ပွဲစဉ် ၁၉ ရဲ့ ပထမနေ့ဖြစ်တဲ့ ဒီနေ့မှာ အမှတ်ပေးဇယားထိပ်ဆုံးမှာရှိနေတဲ့ ဟံသာဝတီက မကွေးနဲ့ကစားရမယ်။ ပြီးရင် ဒုတိယနေ့မှာ ရန်ကုန်နဲ့ ဧရာဝတီပွဲရှိသလို အဲ့ဒီနေ့မှာပဲ ရှမ်းက ဆောက်သမ်းနဲ့ကစားရမယ်။ အမှတ်ပေးဇယားထိပ်ဆုံး ၃ သင်းအနေနဲ့ အမှတ်မကွာကြတော့တဲ့ အနေအထားမှာ လက်ကျန်ပွဲစဉ်တွေက တစ်ကယ့်ကို အကြိတ်အနယ်ဖြစ်နေပါတယ်။

ပြန်ကြည့်ရင် ဟံသာဝတီက ၁၆ ပွဲကစားပြီး ရမှတ် ၄၀ ရထားတယ်။ ဒုတိယနေရာမှာ ဧရာဝတီက ၃၉ မှတ်၊ တတိယနေရာမှာ ရှမ်းက ၃၈ မှတ်ရထားတယ်။ လက်ကျန်နှစ်ပွဲမှာ ရလဒ်တစ်ခု မကောင်းလိုက်တာနဲ့ ချန်ပီယံပြေးလမ်းပေါ်မှာ အလှည့်အပြောင်းဖြစ်ဖို့ ဒီ ၃ သင်းကံကြမ္မာဟာ ဘယ်လိုမျိုးရှိနေဦးမလဲ။

ပွဲစဉ် ၁၈ မှာ ဟံသာဝတီက ရတနာပုံကိုနိုင်လိုက်လို့ အမှတ်ပေးဇယားထိပ်ဆုံးကို ပြန်တက်လှမ်းနိုင်ပေမယ့် ဧရာဝတီကတော့ ရှမ်းကို အကြိတ်အနယ်ကစားပြီး မထင်မှတ်ပဲ အရေးနိမ့်ခဲ့တာကြောင့် ဒုတိယနေရာကို ပြန်ဆင်းပေးခဲ့ရတယ်။ ပွဲတွေကလည်း အဆုံးအထိတရစပ် ကြပ်နေတာမို့ ရှမ်းကိုရှုံးလိုက်တဲ့ ပွဲရဲ့ဂယက်ဟာ ဧရာဝတီရဲ့ နောက်ဆုံး ၂ ပွဲဖြစ်တဲ့ ရန်ကုန်၊ ဟံသာဝတီပွဲတွေအထိကိုပါ ကူးစက်သွားစေတယ်လို့ အားလုံးပြောဖြစ် ကြတဲ့အထိပါပဲ။

ရှမ်းကတော့ တစ်ပွဲခြင်း အောင်မြင်မှုကိုရယူပြီး ခရီးဆက်နေတဲ့အပြင် အခြားပြိုင်ဘက် နှစ်သင်းထက်လည်း လက်ကျန်ပွဲတွေက ချောင်နေတာကြောင့် ဘယ်လိုမျိုးမဆို စိတ်ဓါတ်၊ ယုံကြည်မှုနဲ့ ခံယူချက်တွေ အမြင့်ဆုံး ချိတ်ဆက်မှုတွေရှိနေတဲ့ ကာလပတ်လုံး လက်ကျန်နှစ်ပွဲမှာ လိုချင်တာရယူပြီး သွားချင်တဲ့ ရာသီသိမ်းပန်းအဝင်ကို ဖလားနဲ့အတူလှမ်းဝင်ဖို့ မျှော်ဖြစ်ကြတယ်။

ဟုတ်ကဲ့…
ဘာတွေဆက်ဖြစ်မလဲ။ လုံးဝအကြိတ်အနယ်နဲ့ ဆုဖလားဆီသို့ ခြေနှစ်လှမ်းအလိုမှာ ချန်ပီယံလုမယ့် အသင်း ၃ သင်းရဲ့ လက်ကျန်ခရီးကြမ်းမှာ ဘာတွေဖြစ်လာကြဦးမလဲ။ ဟံသာဝတီက လက်ကျန် ၃ ပွဲမှာ ဒီနေ့ကစားရမယ့် မကွေးနဲ့ပွဲအပါအဝင် ပွဲစဉ် ၂၀ မှာ ဧရာဝတီနဲ့နွဲဖို့ ကျန်နေသေးတယ်။ ဧရာဝတီကလည်း ရန်ကုန်နဲ့ပွဲအပါအဝင် နောက်ဆုံးပွဲစဉ်မှာ ဟံသာဝတီနဲ့ကစားရမယ့်ပွဲရှိနေ သေးတယ်။ ရှမ်းကတော့ ဆောက်သမ်းနဲ့ပွဲပြီးရင် နောက်ဆုံး ပွဲစဉ်မှာ ရတနာပုံနဲ့ကစားရမှာဖြစ်တယ်။

ဘယ်လိုပဲဖြစ်ဖြစ် လက်ကျန် ၂ ပွဲအနေအထားအရ ပွဲချောင်သယောင်ရှိနေတာက ရှမ်းဖြစ်နေပါတယ်။ ဒါကို ပရိသတ်တွေလည်းသိတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မိနစ် ၉၀ စာ ဖြတ်သန်းရမယ့် ၂ ပွဲမှာ ကိုယ့်အလုပ်ကိုယ်အကောင်းဆုံး လုပ်ဖို့ပဲလိုအပ်နေတယ်။ ချန်ပီယံဆုအတွက် အားလုံးအမှားခံလို့မရတဲ့ အနေအထားမှာ အနိုင်ရမှတ်တွေက ပန်းအဝင်အထိ အရေးပါနေသေးတယ်ဆိုတာ ပြောထားပါရစေတော့ …။

ဒီနေ့ကစားမယ့် ဟံသာဝတီနဲ့ မကွေးပွဲကို အရင်ပြောရမယ်ဆိုရင် ဟံသာဝတီအတွက် မကွေးက ကွင်းလယ်ကစားအားကောင်းပြီး တစ်ကယ့်ကိုအဆိပ်ရှိတဲ့အသင်းဖြစ်တယ်။ တစ်ခုရှိတာက မကွေးဟာ နိုင်ငံခြားသားကစားသမား မပါတဲ့အတွက်ကြောင့် စုဖွဲ့မှုမှာ တိုက်စစ်ပိုင်း ဂိုးသွင်းအားနည်းနေတဲ့အချက်က ပြောစရာရှိတယ်။ ကွင်းလယ်စုဖွဲ့မှုကောင်းတယ်။ ခံစစ်နဲ့ဂိုးသမားလည်း ကောင်းတယ်။ ဆောက်သမ်းနဲ့ပွဲမှာ မထင်မှတ်တဲ့ တစ်ဂိုးက သူတို့တွေကို အရေးနိမ့်စေတဲ့အထိ ဖြစ်စေတယ်။ ဖိအားမရှိဘူးဆိုတဲ့ အချက်နဲ့ ဒီနေ့ပွဲမှာ ဟံသာဝတီကို ရင်ဆိုင်လိမ့်မယ်။

ပြန်ကြည့်ရင် ဟံသာဝတီက ၁၆ ပွဲကစားပြီး ရမှတ် ၄၀ ရထားတယ်။ ဒုတိယနေရာမှာ ဧရာဝတီက ၃၉ မှတ်၊ တတိယနေရာမှာ ရှမ်းက ၃၈ မှတ်ရထားတယ်။ လက်ကျန်နှစ်ပွဲမှာ ရလဒ်တစ်ခု မကောင်းလိုက်တာနဲ့ ချန်ပီယံပြေးလမ်းပေါ်မှာ အလှည့်အပြောင်းဖြစ်ဖို့ ဒီ ၃ သင်းကံကြမ္မာဟာ ဘယ်လိုမျိုးရှိနေဦးမလဲ…

ဟံသာဝတီ အတွက်တော့ မရှုံးရရေးဆိုတဲ့အချက်ကို ဦးတည်ကစားမှာ ဖြစ်သလို နိုင်မှဖြစ်မယ်ဆိုတဲ့ ဖိအားကပါ တရစပ်ဝင်နေတာကြောင့် တော်တော်လေးကို ကစားရခက်အောင် ကိုယ့်ကိုယ်ကိုယ် ဖိအားပေးနေသလို ဖြစ်နေစေတယ်။ အဖွင့်ပထမရက်မှာကစားရလို့ ဒုတိယနေ့မှာ ကစားရဖို့ရှိနေတဲ့ ဧရာဝတီနဲ့ရှမ်း တို့ထက် ပိုပြီးဖိအားရှိနေတယ်ဆိုတာပါပဲ။ သရေတောင် ကျလို့မရတဲ့ အတွက် နိုင်ပွဲတစ်ခုတည်းကသာ ဟံသာဝတီအတွက် ရှေ့ဆက် နိုင်မယ့် ဖလားမျှော်လင့်ရေးလမ်းစဉ် ဖြစ်နေတယ်။ ကစားသမားတွေ ပင်ပန်းနေကြပြီ ဖြစ်ပေမယ့် စိတ်ဓါတ်တွေကို အမြင့်ဆုံးအထိ ဆွဲတင်ပေးနိုင်တဲ့ နည်းပြကြောင့် အခုအချိန်အထိ ဟံသာဝတီရဲ့ ချန်ပီယံဖြစ်ခွင့် ဇောအဟုန် တောက်လောင်မှုက တောက်ပနေဆဲ ဖြစ်နေတယ်။

မကွေး အနေနဲ့ ပထမအကျော့တုန်းက ပွဲစဉ် ၅ မှာ ဟံသာဝတီရဲ့ နိုင်ငံခြားသား တိုက်စစ်သမားတွေဖြစ်တဲ့ ဘစ်ဆာနဲ့ အီမီကာတို့ နှစ်ယောက်ရဲ့ သွင်းဂိုးတွေကြောင့် ၃-၀ နဲ့ရှုံးဖူးထားတယ်။ အခု အဲ့ဒီကစားသမားတွေကို ဘယ်လိုမျိုး ထိန်းမလဲ။ အဲ့ဒီအချက်က အရေးကြီးတယ်။ သူတို့အပြင် ဟိန်းထက်အောင်လည်း ရှိနေတော့ မကွေးခံစစ် ရေရှည်လွယ်ပါ့မလားပဲ၊ အဲ့ဒီအချက်က စကားပြောလိမ့်မယ် ထင်တယ်။ အဆုံးအဖြတ်တွေက မကွေးအတွက်တော့ ဟံသာဝတီရဲ့ နိုင်ငံခြားသား ကစားသမားတွေ ဖြစ်နိုင်တယ်။ သူတို့ရုန်းအားကို ရတနာပုံနဲ့ပွဲတုန်းကလည်း တွေ့ခဲ့ရပြီးပြီ မဟုတ်လား၊ ဒီတော့ မကွေးခံစစ်လည်း ဟံသာဝတီ တိုက်စစ်ကို အချိန်ပြည့်နီးပါး တားဆီးဖို့ခက်နိုင်တယ်။ တစ်ခုပဲ အဖွင့်ဂိုးရအောင်သွင်းနိုင်ဖို့ မကွေး ရုန်းရမယ်၊ ရုန်းနိုင်ရင် ဟံသာဝတီကို ဖိအားပေးဖို့ အကောင်းဆုံး အခွင့်အရေးရနိုင်မယ့် ပွဲဖြစ်တယ်။ မယူနိုင်ရင်တော့ မကွေးခံစစ်အတွက် အတော်လေးကို ဟံသာဝတီတိုက်စစ်ကို ထိန်းရခက်ခဲမယ့်ပွဲလို့ ပြောရမယ်နဲ့တူတယ်။

ပြီးတော့ အညာဒါဘီဖြစ်တဲ့ စစ်ကိုင်းနဲ့ ရတနာပုံ၊ ဒီပွဲကလည်း တစ်ကယ့်ကို ကြည့်ကောင်း တာထက်ပိုမယ်၊ ဖိအားတွေ မရှိပေမယ့် မာနနဲ့သိက္ခာအတွက် ပြီးတော့ ရပ်တည်မှုတွေအတွက် အားပြိုင်ကြရမယ့်ပွဲဖြစ်တယ်။ နှစ်ဖက်ပရိသတ်တွေ အတွက်လည်း အရသာ အပြည့်ရမယ့်ပွဲ ဖြစ်နေတယ်။ ဟုတ်ပါတယ်။ ပွဲစဉ် ၂ မှာ ဒီနှစ်သင်းတွေ့တော့ ၁-၁ သရေကျခဲ့တယ်။ အောင်သူ အဖွင့်ဂိုးသွင်းတယ်။ ဇော်လင်းထက်က စစ်ကိုင်းအတွက် ချေပဂိုးပြန်သွင်းပေးခဲ့တယ်။ အမှားမရှိအောင်လို့ အကြိတ်အနယ် ကစားကြတတ်တဲ့ အသင်း၂ သင်း ပြန်ဆုံကြတာကြောင့် ဘာတွေဖြစ်လာမလဲ၊ ရတနာပုံအတွက်က ရပ်တည်မှု အဆင့်အတွက် အရေးပါနေသလို စစ်ကိုင်းအတွက်လည်း ဒီပွဲနိုင်ရင် သိက္ခာအတွက်ရော ရပ်တည်မှုတွေအတွက်ပါ အပြောင်းအလဲရဖို့ ကိုယ့်အိပ်မက်ကိုယ်မက်ခွင့် ရှိနေတယ်မဟုတ်ပါလား။

ကစားသမားအပိုင်းမှာတော့ ရတနာပုံက နိုင်ငံ့လက်ရွေးစင် ကစားသမားတွေပါဝင်နေတာ များတယ်။ အောင်သူတို့လို ကစားသမားတွေရှိနေတယ်။ စစ်ကိုင်းမှာက လတ်လောခြေစွာနေတဲ့ ဇွန်မိုးအောင်၊ ပက်ထရစ်တို့ ဖရိုင်းဒေးတို့ ဆိုလီမာနူးတို့ရှိတယ်။ ပွဲဆက်လည်းနိုင်ထားတာကြောင့် စိတ်ဓါတ်ပိုင်းမှာ ပြန်မြင့်တက်နေတယ်။ ဒီတော့ ဒီပွဲကလည်း မဖြစ်မနေနဲ့ ကြည့်ဖြစ်ရမယ့် အညာဒါဘီ စိန်ခေါ်ပွဲစစ်စစ် ဖြစ်နေတယ်။

ပြီးတော့ ဒုတိယနေ့မှာ ကစားမယ့်ပွဲတွေထဲမှာဆိုရင် ဆောက်သမ်းနဲ့ရှမ်းပွဲကို ကြည့်ချင်မိတယ်။ ဆောက်သမ်းရဲ့ ခံကန်အား၊ တုံ့ပြန်နိုင်စွမ်းက နိုင်ငံခြားသားမပါပဲနဲ့ ဘယ်လောက်အထိ ရှမ်းကို မိနစ် ၉၀ အတွင်းကစားပြမလဲ။ ပထမအကျော့တုန်းက လိုမျိုးပဲလား၊ အရှုံးမပေးပဲနဲ့ ရှမ်းကို ပွဲအစ-အဆုံး ယှဉ်ပြိုင်ဦးမလားဆိုတာ ကြည့်ရမယ်။ ပထမအကျော့တုန်းက ပွဲစဉ် ၁၀ မှာ နန္ဒကျော်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ ရှမ်းကကပ်နိုင်ခဲ့တာပါ။ အဲ့ဒီတုန်းကလိုမျိုး အဖြစ်အပျက်တွေ ဒီပွဲစဉ်အထိ ကပ်ပါလာမလားပဲ။

တစ်ကယ့်ကို စိတ်ဝင်စားစရာပါ။ ဆောက်သမ်းကလည်း မကွေးလို အသင်းမျိုးကို မရမကအသာရအောင် တန်ပြန်ထိုးစစ်တွေနဲ့ ကစားခဲ့တဲ့ စိတ်ဓါတ်အမြင့်ဆုံးရောက်တဲ့ အသင်းဖြစ်လို့ ရှမ်းအတွက်လည်း မလွယ်ဘူးလို့ပြောရမယ်။ ရှမ်းကတော့ ချန်ပီယံပြေးလမ်းပေါ်မှာရှိတဲ့ အသင်း ၃ သင်းထဲမှာ ပါနေတာကြောင့် ကိုယ့်အလုပ်ကိုယ် အကောင်းဆုံးဖြစ်အောင်လို့ လုပ်ရပါလိမ့်မယ်။

တစ်ပွဲခြင်းကို ပါးပါးနပ်နပ်နဲ့ အသာရရေး အတွက် ပြင်ဆင်နေတဲ့ ဦးအောင်နိုင်ရဲ့ အသင်းကတော့ ဆောက်သမ်းခံစစ်ကို ဘယ်လိုမျိုး ထိုးဖောက်မလဲ။ လတ်လောမှာ ရှမ်းကလည်း ဖြတ်တင်ဘောတွေကနေ ဂိုးရအောင်၊ အလွတ်တည်ကန်ဘောတွေကနေပြီး ဂိုးရအောင်လို့ အခွင့်အရေး ချောင်းကာကစားတတ်တဲ့ အသင်းဖြစ်တယ်။ ခံစစ်ကို ကျစ်လစ်အောင် ပြင်ဆင်တတ်တဲ့ အသင်းလည်း ဖြစ်လို့ ပြိုင်ဘက်ဖြစ်တဲ့ ဆောက်သမ်းအတွက် ဂိုးရဖို့ခက်နိုင်ပေမယ့် တန်ပြန်တိုက်စစ်တွေနဲ့ အောင်မြတ်သူ တိုးအားကို အသုံးချတတ်တဲ့ အခွင့်အရေးတွေက အလုပ်ဖြစ်နိုင်မလားဆိုတာ ကြည့်ရမယ်။

ရှမ်းအတွက်လည်း ဖိအားရှိတယ်။ လွယ်မယောင်နဲ့ခက်တယ်။ ဒီပွဲမှာ အမှားလုပ်လို့မရဘူး။ လျော့တွက်ရင် ခံရမယ်။ ဒီပွဲမှာ အမှတ်ရအောင်ယူထားနိုင်ပါမှ နောက်ဆုံးပွဲ ရတနာပုံနဲ့ဆုံတဲ့ပွဲမှာ ဖိအားတွေလျော့ချနိုင်မှာ ဖြစ်တယ်။ (ဒီနေရာမှာ တစ်ခုရှိတယ်။ ရှမ်းအတွက် ကံလမ်းပွင့် သာနေတာက နောက်ဆုံး ၂ ပွဲ မှာ ဆုံတဲ့အသင်းတွေ ဟာ နိုင်ငံခြားသားကစားသမားတွေ လုံးဝမပါတဲ့ ဆောက်သမ်းနဲ့ ရတနာပုံဖြစ်နေတာပါပဲ) ဒီအခွင့်အရေးကို အမိအရယူဖို့လုပ်နိုင်မယ်ဆိုရင် လိုချင်တာရမယ်ဆိုတဲ့ သဘောဆောင်တယ်။ ပြီးတော့လည်း ဟံသာဝတီပွဲ ရလဒ်လည်း သိထားခွင့်ရှိထားတယ်ဆိုတော့ ရှမ်းအတွက် မပေါ့ဆဘဲ အမှားမများဖို့ လိုသလို လူစုံထုတ်သုံးပြီး ဆောက်သမ်းနဲ့ပွဲကို အသာရအောင် လုပ်ဖို့လိုတယ်။ ဆောက်သမ်းကတော့ တန်ပြန်ထိုးစစ်တွေနဲ့ ရတဲ့အခွင့်အရေးကို တရစပ်ဖိအားပေးပြီး ကစားပါလိမ့်မယ်။ ဒီတော့ ရှမ်းအဖို့ ISPE နဲ့ပွဲတုန်းကလိုမျိုး၊ ဧရာဝတီနဲ့ပွဲတုန်းကလိုမျိုး ဂိုးတွေမပေးမိဖို့လိုတယ်။ ရှမ်းဘယ်လိုမျိုး ဆောက်သမ်းရဲ့ တုံ့ပြန်ပုံတွေကို ရင်ဆိုင်ပြမလဲဆိုတာ ကြည့်ရမယ်။

ပြီးရင် ရန်ကုန်နဲ့ ဧရာဝတီ ပွဲအကြောင်းပြောချင်တယ်။ နှစ်သင်းစလုံး ပြီးခဲ့တဲ့ပွဲတွေမှာ ရှမ်းယူနိုက်တက်ကို ရှုံးပြီး ရှုံးပွဲအသီးသီးတွေ့ ထားကြတယ်။ ရန်ကုန်က ပွဲစဉ် ၁၆ မှာ ရှုံးခဲ့သလို ဧရာဝတီက ပွဲစဉ် ၁၈ မှာ ရှုံးခဲ့တယ်။ ဒီအရှုံးပွဲတွေကြောင့် ထိခိုက်မှုတွေကြီးမားနစ်နာခဲ့ကြတယ်။ အခုဘာတွေဆက် ဖြစ်မလဲ။ ရန်ကုန်သာဒီပွဲမှာ ဧရာဝတီကိုနိုင်ခဲ့ရင် တစ်ဖက်မှာတစ်ချိန်တည်းကစားနေတဲ့ ရှမ်းအတွက် အခွင့်အရေးကောင်း ထပ်ဆင့်ရသလိုမျိုးဖြစ်မယ်။ ဘာကြောင့်လည်းဆိုတော့ ဧရာဝတီနဲ့ရှမ်းရမှတ်က တစ်မှတ်တည်းကွာနေလို့ပါပဲ။ ဧရာဝတီက ၃၉ မှတ်၊ ရှမ်းက ၃၈ မှတ်ဖြစ်နေတဲ့အတွက် ဧရာဝတီအတွက် ရန်ကုန်နဲ့အတွေ့မှာ မှားလို့ကိုမရတာပါ။ ကုန်ကုန်ပြောမယ်ဆိုရင် သရေတောင် ကျလို့မရဘူး။ သရေကျရင် နောက်ဆုံးပွဲမှာ ဖိအားပိုများမယ်။ ပြီးတော့ တစ်ခုပြောစရာရှိသေးတယ်။ ဒါက တစ်ချိန်တည်းကစားနေတဲ့ ရှမ်းပွဲလည်း ထည့်ကြည့်ရမယ်။

ရှမ်းသာ ဆောက်သမ်းကိုနိုင်ခဲ့ပြီး ဧရာဝတီက ဒီပွဲမှာ ရန်ကုန်ကို လိုချင်တဲ့အရာယူဖို့ခက်နေရင် အခြေအနေတွေ ပြောင်းလဲသွားနိုင်သေးတယ် ဆိုတာ အားလုံးလည်း သိပြီးသားဖြစ်တယ်။ အနိုင်ပွဲကလွဲလို့ ဧရာဝတီအတွက် ကျန်တဲ့အရာတွေက ဒီပွဲမှာ ရင်ခုန်ချင်စရာကို မကောင်းဘူး။ ဒီတော့ ကျန်တဲ့အသင်းတွေ ဘာဖြစ်ဖြစ် ဧရာဝတီအတွက် လိုချင်တာကို ရန်ကုန်နဲ့ကစားမယ့်ပွဲမှာ အထိမိဆုံးယူပြနိုင်ဖို့လိုတယ်။

ရန်ကုန်ကတော့ အထိနာထားတဲ့အသင်းပါ၊ ဒီပွဲမှာ မာနနဲ့ဂုဏ်သိက္ခာအတွက် အထိပါးမခံတဲ့ အချိန်လိုမျိုး ဖြစ်တယ်။ ပရိသတ် ယုံကြည်မှုအတွက် ပြန်ပြီး ရယူဖို့ ဧရာဝတီနဲ့ပွဲမှာ နှစ်ဆတင်ပြီး ရုန်းရပါတော့မယ်။ ရခိုင်နဲ့ပွဲမှာ တိုက်စစ်ပြီးတိုက်စစ် သွားနိုင်ပါလျက်နဲ့ အဆုံးသတ်တွေမှာ အခွင့်အရေးကောင်းများကို မယူနိုင်ခဲ့တဲ့ဒဏ်ကြောင့် သရေနဲ့ ကျေနပ်လိုက်ရတယ်။ အိမ်ကွင်းလည်းဖြစ်နေတယ်။ ဘယ်လိုမှ နိုင်ပွဲမယူနိုင်လိုက်တဲ့ နောက်ဆက်တွဲဟာ ပြောစရာများစွာ ဖြစ်ရတယ်။ အခု ဧရာဝတီနဲ့ဆုံပြီ။ ပထမအကျော့တုန်းက ရှုံးကြွေးကိုဆပ်ဖို့ အဆင်သင့်ဖြစ်ပြီ လား၊ ရန်ကုန်ဟာ ဘယ်လိုပုံစံနဲ့ပွဲထွက်ပြီး တိုက်စစ်ကောင်းတဲ့ အသင်းကို တိုက်စစ်နဲ့ ပြန်လည်တုံ့ပြန်မလဲ။ မာနမျက်နှာများရဲ့ ရုန်းအားကို ဒီပွဲမှာ တစ်ချက်ကြည့်ရပါတော့မယ်။

ရန်ကုန်ဟာ အတွေ့အကြုံများတဲ့ ကစားသမားတွေ အများကြီးပါနေတယ်။ ကစားတာလည်း ကောင်းတယ်။ ဒါပေမယ့် လိုချင်တာ မရဘူးဖြစ်နေတာက လူပြောများတယ်။ တိုက်စစ်သမားတွေ ရဲ့ အဆုံးသတ်များက မထိရောက်ဘူးဖြစ်နေတယ်။ အဲ့ဒါကို ပွဲတိုင်းတွေ့နေရတယ်။ တိုက်စစ်မှူးရှေ့မှာ တစ်ယောက်တည်းထားတဲ့ ဟန်က အခုအချိန်အထိ ရန်ကုန်အတွက် အသုံးသိပ်မတည့်သလိုမျိုးပဲ။

ဧရာဝတီနဲ့ပွဲမှာတော့ ဆာဆက်တို့ တိုက်စစ်ကို ဘယ်လိုမျိုး တုံ့ပြန်မလဲဆိုတာ ကြည့်ဖြစ်တယ် ဆိုတာပါပဲ။ ဧရာဝတီအတွက်တော့ နိုင်ပွဲကိုမရမကရှာဖွေရမယ့် အချိန်မှာ နောက်ဆုံးအချိန်အထိ ဖိအားတွေ သယ်သွားမလား၊ ဒီမှာတင် ရသလောက်ဖြတ်ချမလားဆိုတာ ရန်ကုန်နဲ့ဆုံမယ့် ဒုတိယနေ့ကိုမျှော်ဖြစ်သေးတယ်။

နောက်ဆုံးပြောဖြစ်တာကတော့ ISPE နဲ့ရခိုင်ပွဲပါ။ နှစ်သင်းစလုံး ကစားတာကောင်းတယ်။ တိုက်စစ်တွေ သွားနိုင်ကြတယ်။ ISPE ကလည်း မခေဘူး။ ဘာလာလာ တိုက်စစ်နဲ့ ပြန်တုံ့ပြန်နိုင်စွမ်းကို သဘောကျတယ်။ သူတို့တွေ အတွက်က ရလဒ်ထက် အတွေ့အကြုံဟာ အရေးကြီးသလို ဖြစ်နေတယ်။ တစ်ဂိုးရလည်း ပျော်တယ်။ သရေကျလည်းပျော်တယ်။ လူငယ်အသင်း ပီသတယ်။ နောက်ပိုင်း ခြေစွမ်းလေးတွေ ပြန်ကျတာမျိုး ရှိပေမယ့် ပြိုင်ဘက်ကောင်း ရင်လိုက်ကောင်းတတ်တာ ကိုတော့ ရခိုင်မေ့ထားလို့ မရဘူး။

ရခိုင်မှာ အားထားရတဲ့သူတွေ စုံနေပြီ၊ အဲလက်စ်လည်း ပြန်ပါလာပြီဆိုတော့ ရုန်းအားက ပိုမာထန်မယ့်သဘောရှိတယ်။ ဒီတော့ သူတပြန်ကိုယ်တပြန် တိုက်မယ့်ပွဲမှာတော့ ဘယ်အသင်းအနိုင်ရမလဲ၊ ရခိုင်ကတော့ အတွေ့အကြုံရင့်သူတွေ ရှိတယ်၊ နိုင်ငံခြားသားတွေလည်း ပါတယ်၊ ဒီတော့ ISPE အတွက် ရုန်းကန်ရတာ အနည်းငယ်ခက်မယ်။ အဆုံးသတ်တွေ မသေချာသမျှတော့ အခွင့်အရေးကောင်းကို အမိအရယူဖို့ တော်တော်လေး ရုန်းရမယ်။ ရခိုင်ကလည်း မာမာထန်ထန်ကစားတတ်သလို စုစည်းမှုလည်း မိနေလို့ ISPE အတွက် ပွဲကောင်းတစ်ပွဲကို ရင်ဆိုင် ရတာထက် ပိုနေလိမ့်မယ် ဆိုတာပါပဲ။