ချန်ပီယံ ဆုဖလား ဘယ်မှာနား

September 29, 2020

ထွန်းထွန်းဦး(လှိုင်)

MPT မြန်နေရှင်နယ်လိဂ် ရဲ့တစ်ရာသီပြီးဆုံးမယ့် ဖိုင်နယ် ပွဲစဉ် ၂၀ ရောက်ပြီ။
ဘာတွေဖြစ်လာမလဲ။
စိတ်ဝင်စားစရာတွေနဲ့ပြည့်နေပါတယ်။
ပန်းအဝင် မိနစ် ၉၀ အလိုမှာ ဘယ်အသင်း ချန်ပီယံဖြစ်မလဲ …

ဟုတ်ပါတယ် …
ချန်ပီယံဆုဖလား ဘယ်မှာနားမလဲ …
မေးဖြစ်ပါတယ်။

အမှတ်ပေးဇယားကိုကြည့်တော့ ပွဲစဉ် ၁၉ မှာ ရလဒ်တွေ အလှည့်အပြောင်းဖြစ်ခဲ့တဲ့အတွက် ထိပ်သီး ၃ သင်းရဲ့ ရပ်တည်မှုအနေအထားက အားလုံးသိကြတဲ့အတိုင်း အပြောင်းအလဲဖြစ်တယ်။ ဟံသာဝတီနဲ့ ဧရာဝတီဟာ ပြိုင်ဘက်အသင်းအသီးသီးကို ရှုံးခဲ့ပြီး ရှမ်းကနိုင်ပွဲရခဲ့တဲ့အတွက် အခုဆိုရင်ရှမ်းက အမှတ်ပေးဇယားထိပ်ဆုံးမှာ ရမှတ် ၄၁ မှတ်နဲ့ ဦးဆောင်သွားပြန်တယ်။ ဒုတိယနေရာမှာတော့ မကွေးကိုရှုံးခဲ့တဲ့ ဟံသာဝတီက ရမှတ် ၄၀ နဲ့ရှိနေပြီး တတိယနေရာမှာတော့ ရန်ကုန်ကိုရှုံးခဲ့တဲ့ ဧရာဝတီက ရမှတ် ၃၉ မှတ်နဲ့ ရပ်တည်နေခဲ့ရတယ်။ ဒါကြောင့် ဒီနေ့မှာ ကစားမယ့် မြန်မာနေရှင်နယ်လိဂ်ရဲ့နောက်ဆုံး ပွဲစဉ် ၂၀ မှာ ချန်ပီယံ ပန်းအဝင်ဖလား ကိုင်မြှောက်မယ့်အသင်းဟာ ဘယ်အသင်းဖြစ်လာမလဲဆိုတာ အားလုံးသိချင်စရာ ဖြစ်နေပါတော့တယ်။

ပရိသတ်အများစုက ရှမ်းယူနိုက်တက် စားမယ့် ဆုဖလားပါတဲ့။ အဲ့ဒါကို ပွဲစဉ် ၂၀ မတိုင်ခင်မှာ တည်းကခန့်မှန်းကြတယ်။ တွက်ဆကြတယ်။ ပြောဖြစ်ကြတယ်။ လက်ကျန်ပွဲတွေ ကြည့်ပြီး ထောင့်ပေါင်းစုံကနေ ဖြစ်နိုင်ခြေတွေကို တွက်ချပြထားတာတွေ ရှိခဲ့တယ်။ ဟုတ်ပါတယ်။ သွားလမ်းသာပြီး ရနိုင်ခြေများနေတာက ရှမ်း၊ သူတို့ အတွက် အနီးဆုံး ချန်ပီယံဖလားဖြစ်နေတယ်။ ဒီနေရာမှာ တစ်ခုပြောစရာရှိတယ်။ အဲ့ဒါကတော့ ပြိုင်ပွဲအတွင်း မထင်မှတ်တာတွေ ဖြစ်လာနိုင်တဲ့ အနေအထား တစ်ခုပါ။ ရှမ်းက ရတနာပုံနဲ့ကစားရမယ်။ တစ်ဖက်မှာ ဟံသာဝတီနဲ့ ဧရာဝတီ လာဆုံနေတယ်။ ဒီတော့ ၃ သင်းစလုံးအတွက် အရေးပါနေတဲ့ အနေအထားမျိုး ဖြစ်နေသေးတယ်။

အထူးသဖြင့် ချန်ပီယံဆုအတွက် ရေပန်းအစားဆုံးဖြစ်နေတဲ့ ရှမ်းပါပဲ။ ရတနာပုံနဲ့ပွဲကို သူတို့တွေ မရမကနဲ့အနိုင်ရဖို့လုပ်ထားနိုင်မယ်ဆိုရင် တစ်ဖက်က အသင်းတွေရဲ့ အနေအထားကို ဘာမှစောင့်ကြည့်နေစရာမလိုဘဲ လိုချင်တာကို အရယူပြသွားနိုင်မယ့် အခွင့်အရေးကို လွတ်လပ်စွာရနိုင်မှာဖြစ်တယ်။ လက်ထဲမှာ ရှိနေတဲ့ အပိုတစ်မှတ်စာဟာ အရာရာဖြစ်နိုင်သလို အရာရာဆုံးရှုံးနိုင်တဲ့ အနေအထား ဖြစ်နေတာကြောင့် တစ်ပွဲချင်းကို သေချာပြင်ဆင်တတ်တဲ့ ဦးအောင်နိုင်အတွက် ရတနာပုံနဲ့ပွဲဟာ ဆုဖလားရဖို့ ဖိုင်နယ်ပွဲတစ်ပွဲ ကစားနေရသလိုမျိုး ဖြစ်နေတယ်။

တစ်ဖက်မှာလဲ ဟံသာဝတီနဲ့ ဧရာဝတီပွဲက ရှမ်းနဲ့အတူ တစ်ရက်တည်း၊ တစ်ချိန်တည်း ကစားမှာဖြစ်လို့ တစ်ကယ့်ကို စိတ်ဝင်စားဖွယ်ရာအတိနဲ့ ဖြစ်နေတယ်လို့ ဆိုချင်မိတာပါပဲ။ ဟုတ်ပါတယ်။ ရှမ်းနဲ့ ရတနာပုံပွဲဟာ ဘာတွေဖြစ်လာမလဲ။ ရှမ်းအတွက် နိုင်ပွဲရဖို့တစ်ခုတည်း အာရုံစိုက်ရမယ့်ပွဲလိုဖြစ်တယ်။ နိုင်တာနဲ့ပြီးပြီ။ သရေဆိုရင်တော့ တစ်ဖက်မှာ ဟံသာဝတီနဲ့ ဧရာဝတီပွဲက ထွက်လာမယ့်အဖြေကို ကြည့်ပြီး ရင်ခုန်နေရဦးမယ်။ တကယ်လို့ ရှမ်းသရေကျသလို ကျန်တဲ့ နှစ်သင်း ဆုံတဲ့ပွဲကပါ သရေကျခဲ့ရင် ရှမ်းအတွက် ချန်ပီယံဖြစ်ခွင့်ဟာ အပွန်းအပဲ့၊ အထိအရှ ရှိမှာမဟုတ်ပေမယ့်လည်း ရှမ်းသရေကျပြီး ဟံသာဝတီနဲ့ ဧရာဝတီ ဆုံတဲ့ပွဲက သရေဆိုတဲ့ အဖြေမဟုတ်ပဲ တစ်သင်းသင်းနိုင်ခဲ့ရင်တော့ အဲ့ဒီမှာ ပြဿနာရှိနိုင်မယ်၊ လူတိုင်းတွက်ဆထားတဲ့အဖြေ နောက်တစ်မျိုး ဖြစ်မယ်။

ရှမ်းကသရေကျပြီး ဟံသာဝတီက ဧရာဝတီကိုနိုင်ခဲ့မယ်ဆိုရင် ချန်ပီယံလမ်းကြောင်းက အဖြေတစ်မျိုးနဲ့ ဟံသာဝတီ ချန်ပီယံဆုဖလားကိုသိမ်းပိုက်မယ်။ ဒီလိုမှမဟုတ်ပဲနဲ့ ရှမ်းက သရေ၊ ဧရာဝတီက ဟံသာဝတီကိုနိုင်မယ်ဆိုရင် ရှမ်းနဲ့ရမှတ်တူပြီး သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအတိုင်း ဆုံးဖြတ်ပါလိမ့်မယ်။ ရမှတ်တူရင် ဂိုးကွာခြား ချက်ကြည့်မယ်။ သွင်းဂိုး၊ ပေးဂိုးတွေ ထိပ်တိုက်တွေ့ဆုံမှုတွေက စကားပြောပါလိမ့်မယ်။ ရှမ်းက ရဂိုး ၄၀၊ ပေးဂိုး ၁၆ ဂိုး၊ ဂိုးကွာခြားချက်က ၂၄ ဂိုး၊ ဟံသာဝတီက ရဂိုး ၄၀ ၊ ပေးဂိုး ၁၄ ဂိုး၊ ဂိုးကွာခြားချက်က ၂၆ ဂိုးရှိတယ်။ ဧရာဝတီက ရဂိုး ၃၉ ဂိုး၊ ပေးဂိုး ၁၄ ဂိုး၊ ဂိုးကွာခြားချက်က ၂၅ ဂိုး ရှိထားတယ်။

ဒီတော့ နောက်ဆုံးပွဲအထိကို သွင်းဂိုးတွေ၊ ပေးဂိုးတွေအထိ လိုက်ပြီး စကားပြောနိုင်သေးတယ်။ သေချာတာကတော့ ရှမ်း၊ ဟံသာဝတီနဲ့ ဧရာဝတီ ၃ သင်းစလုံး နောက်ဆုံးပွဲမှာ ကိုယ့်အလုပ်ကို အကောင်းဆုံး လုပ်ပြဖို့ပဲဖြစ်တယ်။ နောက်ဆုံးပြိုင်ပွဲမှာ အနိုင်သာရအောင်ယူထားနိုင်မယ်ဆိုရင် ဖြစ်လာသမျှအပေါ်မှာ ခံစားခွင့်ကောင်းတွေ ပိုင်ဆိုင်ခွင့် ရှိနေမှာဖြစ်တယ် ဆိုတာပါပဲ။

ကဲ …
ဘယ်အသင်းချန်ပီယံဖြစ်မလဲ …
ကြိုးစားအားထုတ်မှုများက စကားပြောပါလိမ့်မယ်။ ဒီ့အတွက် မြန်မာနေရှင်နယ်လိဂ်ပွဲစဉ် ၂၀ ကို လက်လွတ်မခံစတမ်း စောင့်ကြည့်ဖို့ တိုက်တွန်းပါရစေ။

အဲ့ဒါအပြင် ပြောချင်တာက ရတနာပုံကိစ္စပါ၊ ရတနာပုံဟာ စစ်ကိုင်းနဲ့ပွဲမှာ အကောင်းဆုံး ကစားခဲ့ပေမယ့် ရလဒ်ကောင်း တစ်ခုရအောင် မယူနိုင်ခဲ့ပဲ အညာဒါဘီမှာ သရေနဲ့ ကျေနပ်လိုက်ရတယ်။ အောင်သူမပါဘူး။ ဒီပွဲစဉ် ၂၀ မှာ အောင်သူဟာ ရတနာပုံအတွက် ပွဲထွက်ပါလာမလား၊ ပါလာရင် ရှမ်းခံစစ်အတွက်ခက်မယ်။ ဘာတွေဖြစ်လာ မလဲ။ ကြည့်ချင်မိတယ်။ ရှမ်းအတွက် သရေကျလို့မရဘူး။ ဖိအားတွေရှိတယ်။ ရတနာပုံက ဖိအားမရှိ ဘူး။ ပြည်တွင်းဖြစ်တွေနဲ့ စုဖွဲ့ထားတယ်။ ဒီတော့ ရှမ်းအတွက် အဘူဘာကာ၊ မက်ဆီမန်တို့ ဒေးဗစ်ထန်တို့အားနဲ့ ဂိုးရဖို့ နောက်ဆုံး မိနစ် ၉၀ မှာ ရတနာပုံတောင်ကုန်းကို အပိုင်သိမ်းပြီး ချန်ပီယံဆုကို ကာကွယ်ဖို့ လုပ်ရပါတော့မယ်။

ရှမ်းကလည်း တောင်ပံနှစ်ဖက်ဖြစ်တဲ့ ဟိန်းသီဟဇော်နဲ့ ဟိန်းဖြိုးဝင်းတို့ ပြန်လာမယ်။ နန္ဒကျော်၊ ဒေးဗစ်ထန်တို့အပြင် စုဖွဲ့မှုကောင်းသူအပြည့်ရှိနေတာကြောင့် ရတနာပုံနဲ့ပွဲက ကြည့်ကောင်းပါလိမ့်မယ်။ ပထမအကျော့မှာ ရတနာပုံက အိမ်ကွင်းမှာ ၃-၁ နဲ့ ရှမ်းကိုရှုံးထားတယ်။ ဒီရှုံးကြွေးကိုဆပ်ဖို့ သေချာပြင်ဆင်ပြီးတော့ ရှမ်းကိုရင်ဆိုင်မှာဖြစ်တယ်။ ရှမ်းကလည်း ဖိအားရှိတယ်ဆိုပေမယ့် လိုချင်တာကို အမိအရယူပြီး ရင်ဆိုင်ပြမယ့်ပွဲပါ။ အမှားလုပ်လို့မရသလို ရှမ်းအတွက်အနိုင်ကလွဲလို့ ကျန်တာကို မမျှော်လင့်သင့်တဲ့ပွဲမျိုးလို့ပဲ ပြောထားချင်တယ်။

ပြီးတော့ ဟံသာဝတီနဲ့ ဧရာဝတီပွဲပါ။ ဒီနှစ်သင်းတိုက်စစ်ဖွင့်ပြီး အနိုင်ရအောင် ဘယ်လိုမျိုးတိုက်ယူကြမလဲ။ ရသင့်ရထိုက်တဲ့ အခွင့်အရေးကိုယ်စီကို ပြိုင်ဘက်အသင်း ရှမ်းဟာ ရတနာပုံနဲ့အတွေ့မှာ ဘာပဲဖြစ်ဖြစ် ကိုယ့်အလုပ်ကို လုပ်ပြကြရ တော့မယ်။ သရေဆိုရင် ရှုံးပြီလို့ သတ်မှတ်ပါတယ်။ ဖလားရဖို့ လက်တစ်ကမ်းအလိုမှာ တစ်ရာသီလုံး ကြိုးစားထားသမျှ အလကားဖြစ်ရနိုင်တဲ့ အနေအထားဆိုတော့ ကိုယ့်ရပိုင်ခွင့်ကို ကိုယ်တိုင်ပြန်တိုက်ယူကြတာ အကောင်းဆုံးပါ။ နောက်ဆုံး မိနစ် ၉၀ စာ ကျန်ပါသေးတယ်။ ဘာမဆို ပုံသေကားကျတွက်လို့ မရဘူး။ ဇွဲမလျော့ပဲ တိုက်ရမယ့်ပွဲ ဖြစ်နေတာကြောင့် ဟံသာဝတီနဲ့ဧရာဝတီပွဲဟာ တစ်ကယ့်ကို ကြည့်ကောင်းဖို့ရှိနေမယ့် အနေအထားဖြစ်တယ် ဆိုတာပါပဲ။

နှစ်သင်းစလုံး ပွဲပန်းနေတယ်။ ကစားသမားတွေ အနာတရဖြစ်တာ များနေတယ်။ ဒါပေမယ့် လက်ကျန်ပွဲစဉ်မှာတော့ စိတ်ဓါတ်မောင်းတင်ပြီးကစားဖို့ အသင့်ဖြစ်နေလိမ့်မယ်။ တိုက်စစ်အားသန်တဲ့အသင်း ၂သင်းတွေ့တဲ့ပွဲကတော့ နောက်ဆုံးအချိန်အထိ ရင်ခုန်ချင်စရာပါ။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်တဲ့အသင်းအတွက်တော့ မျှော်လင့်စရာ ကျန်မယ်။ အိပ်မက်တွေကို ချန်ပီယံဖြစ်ခွင့်ရမယ့်အထိ ကိုယ့်အတွေးနဲ့ကိုယ် မက်ခွင့်ရှိနေပါသေးတယ်။

ဒီတော့ ဒီပွဲဟာ ဘယ်လိုမျိုးမဆို သွင်းဂိုးတွေ အပြန်အလှန်နဲ့ တိုက်စစ်ဖွင့်သွားပြမလားဆိုတာ ကြည့်ချင်မိနေတယ်။ ကစားမှာကလည်း သုဝဏ္ဏကွင်းမှာပါ။ ဒီတော့ အပြန်အလှန်နဲ့ မာန်မချစတမ်း ကစားကြမယ့် ဟံသာဝတီနဲ့ဧရာဝတီပွဲကို ကြည့်ဖို့စိတ်စောနေကြတာ မဆန်းဘူးလို့ဆိုရမယ်။ ရှမ်းက ရတနာပုံကိုနိုင်တာနဲ့ ပွဲသိမ်းပြီဆိုပေမယ့် သရေတစ်ပေါက်ထောက်ရင် ဒီဘက်ပွဲမှာ ဟံသာဝတီနဲ့ဧရာဝတီ အသင်း ၂ သင်းမှာ နိုင်တဲ့အသင်းက ချန်ပီယံဖြစ်မယ်ဆိုတော့ ပန်းအဝင်လမ်းတွေတွင်ဖို့ အနိုင်ရအောင် သွင်းဂိုးတွေနဲ့ အပြိုင်နွဲကြမှာဖြစ်တယ်။ ဘာပဲဖြစ်ဖြစ်ပါ။ နောက်ဆုံးအချိန်အထိ ချန်ပီယံဆုအတွက် အသက်ဝင်နေတဲ့ ဒီပွဲစဉ်တွေဟာ MPT မြန်မာနေရှင်နယ်လိဂ် ပွဲကြည့်ပရိသတ်များအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အတိနဲ့ ပေးစွမ်းနိုင်လို့ အားလုံးအတွက်တော့ ကျေနပ်စရာဖြစ်မှာပါ။

ချန်ပီယံဖလားလုကြမယ့် အသင်းတွေ အကြောင်းချည်းပဲ ပြောနေလို့မရဘူး။ ကျန်တဲ့အသင်းတွေ ကစားမယ့်ပွဲစဉ်တွေလည်း ကျန်ပါသေးတယ်။ အဲ့ဒီအထဲမှာမှ အစောဆုံး ကစားရမယ့် မကွေးနဲ့ စစ်ကိုင်းပွဲကို ပြောချင်တယ်။

မကွေးကလည်း ဟံသာဝတီကိုနိုင်ထားတဲ့အသင်းဆိုတော့ စိတ်ဓါတ်တက်ကြွနေသလို စစ်ကိုင်းကလည်း ပွဲဆက်ခြေတွေ့ပြီး ရလဒ်ကောင်းတွေ ယူထားတဲ့အသင်း ဖြစ်လို့ အကြိတ်အနယ်ဖြစ်နေဦးမှာပါ။ မကွေးအတွက် ပထမအကျော့တုန်း စစ်ကိုင်းမြေပေါ်မှာ ဂိုးပြတ်ရှုံးခဲ့ဖူးထားတော့ လက်စားပြန်ချေရမယ့်ပွဲဖြစ်တယ်။ မကွေးစုဖွဲ့မှုကောင်းလာပြီ၊ စစ်ကိုင်း တိုက်စစ်ကလည်း ပြန်အားရှိလာပြီ ဆိုတော့ ပွဲကောင်းတစ်ပွဲထက် ပိုနေမယ့် အနေ အထား အပြည့်ရှိနေမှာပါ။ အထူးသဖြင့် ဂိုးသွင်းသေချာတဲ့ အသင်းအတွက် ထိုက်တန်တဲ့ရလဒ် ရှိနေပါလိမ့်မယ်။

ပြီးတော့ YUFC မှာ ကစားမယ့် ISPE နဲ့ ရန်ကုန်ပွဲ။ ဒီပွဲကလည်း ရာသီသိမ်းပွဲ ဖြစ်နေတာကြောင့် ရန်ကုန်အတွက် အရေးကြီးတယ်။ ဘာပဲဖြစ်ဖြစ် ဦးမင်းထွန်းလင်း လက်ထဲမှာ ရန်ကုန်ဟာ ပုံစံကောင်းတစ်ခုအောက် ပြန်ရောက်လာအောင် လုပ်နေခဲ့တဲ့အသင်းပါ။ ဒီတော့ လူငယ်တွေများတဲ့ ISPE ကို ဖိအားပေးဖို့ လုပ်ကြရပါလိမ့်မယ်။ ရခိုင်ကိုနိုင်သွားတဲ့ ISPE ရဲ့ ထိုးစစ်တွေက ထက်မြမြရှိတယ်။ ကောင်တာတွေကောင်းတယ်။ ဒါကို ရန်ကုန် ခံစစ် အဖို့ သေချာသတိထားရမယ်။

ရန်ကုန်ဟာ စုဖွဲ့မှုကောင်းတယ်။ တိုက်စစ်မှာ ဂိုးသွင်းကောင်းတဲ့သူ လိုနေတယ်။ ဧရာဝတီနဲ့ ပွဲမှာ အကောင်းစား တိုက်စစ်နဲ့ အခွင့်အရေး အသုံးချနိုင်မှုကို ပြသွားတယ်။ အဲ့ဒီအတိုင်းဆို ရန်ကုန်ဟာ စုဖွဲ့မှုအလန်းစားတစ်ခုရဖို့ အသင့်ဖြစ်နေတယ်။ ရေရှည်မှာ လူငယ်တွေအားနဲ့ ကစားနေတဲ့ ISPE ယှဉ်ပြိုင်နိုင်မလားပဲ။ ပထမအကျော့တုန်းကလည်း ပွဲစဉ် ၅ မှာ ဒီမြေဒီကွင်းမှာတင်ပဲ ရန်ကုန်က ၂-၀ နဲ့နိုင်ထားခဲ့တယ်။ အဘူဘာကာနဲ့ မောင်မောင်လွင်တို့သွင်းဂိုး အသီးသီးနဲ့နိုင်ခဲ့တာဖြစ်တယ်။ အခုပြန်ဆုံပြီး အိမ်ကွင်း ရာသီသိမ်းပိတ်ပွဲမှာ ဘာတွေဖြစ်နိုင် မလဲဆိုတာ ကြည့်ချင်မိတယ်။ ရန်ကုန် အတွက်တော့ ရာသီသိမ်း လက်ဆောင်လှမယ် ထင်မိနေတယ်။

နောက်ဆုံးပြောချင်တာကတော့ ရခိုင်နဲ့ဆောက်သမ်းမြန်မာပွဲပါ။ ဆောက်သမ်းခြေစွမ်း ပြန်မိပြီး ကောင်းနေတယ်။ တိုက်စစ်ပိုင်းလေးသာ ပြောစရာရှိတာပါ၊ ရှမ်းနဲ့ကစားသွားတဲ့ပွဲ တော်တော်လေးကို သဘောကျတယ်။ အဖွင့်ဂိုးရတဲ့အထိ သူတို့ယုံကြည်မှုက အမြင့်ဆုံးရောက်ခဲ့တယ်။ နောက်ပိုင်းမှာ ကွာဟချက်တွေ ရှိနေလို့သာ အခုလိုမျိုး ဖြစ်ခဲ့ကြရတာပါ။ အဲ့ဒီခြေ၊ အဲ့ဒီစိတ်ဓါတ်နဲ့ဆိုရင် ရခိုင်ကို ရင်ဆိုင်ဖို့ အားလုံးအသင့် ဖြစ်နေတယ်။ ရခိုင်ကလည်း မထင်မှတ်ပဲနဲ့ ISPEကို အရှုံးပေးခဲ့ရတဲ့ အသင်းဖြစ်တယ်။ ဒီတော့ ဘာတွေဖြစ်လာမလဲ။ ပွဲကောင်းတယ်၊ ဆောက်သမ်းရဲ့ စုဖွဲ့မှုမှာ လူငယ်တွေများတယ်။ တင်သွင်းလာသူတွေ ခြေစွာတယ်။ ရခိုင်အနေနဲ့ ဒါကိုရင်ဆိုင်ဖို့ သေချာပြင်ဆင်မှရမယ်။ ကစားသမားအချို့ ပွဲပန်းနေကြပြီ။

နောက်ဆုံးပွဲမှာတော့ ဖြစ်ချင်တာထက် ဖြစ်သင့်တာကို အရယူဖို့ ရခိုင်အသင်း လုပ်ဆောင်နိုင်ဖို့ လိုပါလိမ့်မယ်။ ဘယ်လိုပဲဖြစ်ဖြစ် အနေအထားတစ်ရပ်ကို ကြည့်ရင် ရာသီသိမ်းမှာ ကြည့်ကောင်းမယ့် ပွဲတွေထဲ ဒီပွဲလည်း ပါနေမှာပါ၊ အဆုံးအဖြတ်တွေထက် အဆုံးသပ်ကောင်းမွန်အောင် ဘယ်ကစားသမားတွေက စွမ်းဆောင်မလဲဆိုတာ ကြည့်ရမယ့်ပွဲလို ဖြစ်နေပါတော့တယ်။