ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ဗိုလ်လုပွဲစဉ် ရန်ကုန်ယူနိုက်တက်နှင့် ဟံသာဝတီယူနိုက်ပွဲစဉ်မှ ဖြစ်ရပ်များအတွက် စည်း/ထိန်းမှ ပြစ်ဒဏ်များချမှတ်

October 3, 2018

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် ပြီးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဗိုလ်လုပွဲစဉ် ရန်ကုန်ယူနိုက်တက်-ဟံသာဝတီယူနိုက်တက်အသင်းပွဲစဉ်မှ ဖြစ်ရပ်များအတွက် ပြစ်ဒဏ်ချမှတ် အရေးယူမှုများ ပြုလုပ်ခဲ့သည်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပလျက်ရှိသော ၂၀၁၈ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းရှုံးထွက်ဘောလုံးပြိုင်ပွဲ၏ နောက်ဆုံးပွဲစဉ်နှင့် ချန်ပီယံဆုဖလားချီးမြှင့်ပွဲ အခမ်းအနားကို စက်တင်ဘာ ၃၀ ရက်၊ ညနေပိုင်းက အောင်ဆန်းအားကစားကွင်း၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ယင်းပြိုင်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီးဆန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့် ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုင်းဆမ်ထွန်းနှင့်  ကလပ်အသင်းပိုင်ရှင်များ တက်ရောက်ကြည့်ရှု ချီးမြှင့်ခဲ့ပါသည်။

– ရန်ကုန်ယူနိုက်တက်အသင်းမှ နှစ်ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သော ယင်းပွဲစဉ်တွင်  ပွဲချိန် (၆၄) မိနစ်၌  ဟံသာဝတီယူနိုက်တက်အသင်းမှ ကျောနံပါတ် (၁၉) မှ ရန်ကုန်ယူနိုက်တက်အသင်းဧရိယာအတွင်း ဘောလုံးဆွဲဝင်လာသည်ကို ရန်ကုန်ယူနိုက်တက်အသင်းမှ ကျောနံပါတ် (၂၂) မင်းကျော်ခန့်မှ ဥပဒေပ ဟန့်တားသည်။ ထို့နောက် ကွင်းလယ်ဒိုင်မှ ပင်နယ်တီပေးခဲ့ရာ ရန်ကုန်ယူနိုက်တက်အသင်းမှ ကျောနံပါတ် (၂၂) မင်းကျော်ခန့်မှ ကွင်းလယ်ဒိုင်အား ကြမ်းတမ်းရိုင်းပြစွာ ဆဲဆိုခြင်း၊ ရင်ဘတ်အား ပြင်းထန်စွာ (၃)ကြိမ်ခန့် ရုပ်ပျက်ဆင်းပျက် စောင့်တွန်းခြင်းများကို ကိုယ်ထိလက်ရောက်ပြုမူခဲ့သည်။ ထို့နောက် ကွင်းလယ်ဒိုင်မှ တိုက်ရိုက်အနီကဒ်ပြသမှုကို မကျေနပ်၍ ၎င်းမှ ထပ်မံရန်မူရန် အကြိမ်ကြိမ်ကြိုးစားခဲ့ပါသည်။

–  တစ်ချိန်တည်းတွင် ရန်ကုန်ယူနိုက်တက်အသင်း ဂိုးသမား ကျော်ဇင်ထက်သည် ပင်နယ်တီဖြစ်စဉ်အား မကျေနပ်၍ ရိုင်းပြစွာ အကြိမ်ကြိမ်ဆဲဆိုပြီး ကွင်းလယ်ဒိုင်အား စောင့်တွန်းခဲ့ရာမှ ဒိုင်မှ အ၀ါကဒ်ပြား ထပ်မံပြသခဲ့ပြီး (၂) ၀ါ (၁) နီဖြင့် ထုတ်ပယ်ခဲ့ပါသည်။  ထိုသို့ အနီကဒ်ပြ ခံရပြီးနောက် ကျော်ဇင်ထက်သည် ဒိုင်လူကြီးအား အကြိမ်ကြိမ်ဆဲဆိုခြင်း၊ ရန်မူခြင်းများကို အရုပ်ဆိုးအကျည်းတန်စွာ အကြိမ်ကြိမ် ပြုလုပ်ခဲ့သဖြင့် အသင်းဖော်များမှ ၀ိုင်းဝန်းထိန်းသိမ်း၍ ကွင်းအပြင်သို့ ခေါ်ထုတ်သွားခဲ့ရသည်။ အဆိုပါဖြစ်စဉ်ကြောင့် ပြိုင်ပွဲကို ၅ မိနစ်ခန့် ရပ်နားထားခဲ့ရသည်။

– ရန်ကုန်ယူနိုက်တက်အသင်း ပရိသတ်များသည် ကွင်းအတွင်းသို့ ရေဗူးများဖြင့် ကစားသမား၊ ဒိုင်လူကြီးများနှင့် ပြိုင်ပွဲတာဝန်ရှိသူများထံသို့ ပစ်ပေါက်ခဲ့ပါသည်။ (ဟံသာဝတီယူနိုက်တက်အသင်း ဘက်ခြမ်းမှ ပရိသတ်အချို့မှလည်း ရေဗူးအချို့ ပစ်ပေါက်ခဲ့သည်)။

– ပွဲပြီးဆုံးချိန်တွင်လည်း ရန်ကုန်ယူနိုက်တက်အသင်းမှ ဂိုးသမားကျော်ဇင်ထက်သည် ကွင်းအတွင်းသို့ ၀င်ရောက်ကာ အသင်းဖော်များနှင့်အတူ အောင်ပွဲခံခဲ့ပြီး ဒိုင်လူကြီးများအား ကြမ်းတမ်းစွာဆဲဆိုခြင်း၊ ဟန်ပန်အမူအရာဖြင့် ပြုမူစော်ကားခြင်းများ ထပ်မံပြုလုပ်ခဲ့သေးသည်။

ယင်းပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အကြီးအကဲများ၊ တပ်မတော်အရာကြီးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိလူကြီးများ၊ ကလပ်အသင်းပိုင်ရှင်များ တက်ရောက်အားပေးကြည့်ရှုနေစဉ်  ပရော်ဖက်ရှင်နယ်မဆန်ဘဲ ရိုင်းပြသည့် အပြုအမူများသည် မြန်မာ့ဘောလုံးအားကစားနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၏ ဂုဏ်သိက္ခာကို များစွာထိခိုက်နစ်နာ ရှိသည်ဟု သုံးသပ်ပါသည်။

ထို့အပြင် အဆိုပါ ဘောလုံးသမား(၂) ဦးသည် မြန်မာ့လက်ရွေးစင်ကစားသမားများဖြစ်သောကြောင့် ယခုကဲ့သို့ ဖြစ်စဉ်များကို နိုင်ငံတကာဘောလုံးပြိုင်ပွဲများတွင် အလားတူ ကျူးလွန်ခဲ့ပါက မြန်မာ့လက်ရွေးစင်အသင်းသာမက နိုင်ငံ၏ ပုံရိပ်ကိုပါ ထိခိုက်နိုင်သည့်အပြင် မျိုးဆက်သစ် လူငယ်ကစားသမားများအနေဖြင့်လည်း လွဲမှားသော အပြုအမူများကို အတုယူသွားနိုင်ပါသည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ တာဝန်ကျဒိုင်လူကြီးများအား ခေါ်ယူမေးမြန်းခြင်း၊ ပြိုင်ပွဲကြီးကြပ်၏ အစီရင်ခံစာကို လေ့လာဖတ်ရှုခြင်း၊ ရုပ်သံမှတ်တမ်းများအား ပြန်လည်ကြည့်ရှုခြင်းများ ပြုလုပ်ပြီးနောက် အောက်ပါအတိုင်း ပြစ်ဒဏ်ချမှတ်ခဲ့သည်။

(က) – ရန်ကုန်ယူနိုက်တက်အသင်းမှ ကျောနံပါတ်(၁) ကျော်ဇင်ထက်အား MPT Myanmar National League 2018 I & II Regulations  ပြိုင်ပွဲကျင်းပရေး စည်းမျဉ်းစည်းကမ်း အပိုဒ်(၆) (က)၊(ဆ) နှင့် စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ် (၁၀) နှင့် (၁၁) တို့အရ လာမည့် ဘောလုံးရာသီတွင် အနီးစပ်ဆုံး (၁၂) ပွဲ ပါဝင်ကစားခွင့်မပြုရန်နှင့် ဒဏ်ကြေးငွေကျပ် ၁၀ သိန်း ပေးဆောင်ရန်။

(ခ) – ရန်ကုန်ယူနိုက်တက်အသင်းမှ ကျောနံပါတ် (၂၂) မင်းကျော်ခန့်အား MPT Myanmar National League 2018 I & II Regulations ပြိုင်ပွဲကျင်းပရေး စည်းမျဉ်းစည်းကမ်း အပိုဒ်(၆) (က)၊(ဆ) နှင့် စည်းကမ်းထိန်းသိန်းရေးမူ အပိုဒ် (၁၀) နှင့် (၁၁) တို့အရ လာမည့်ဘောလုံးရာသီတွင် အနီးစပ်ဆုံး (၁၂) ပွဲ ပါဝင်ကစားခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေကျပ် ရှစ်သိန်း ပေးဆောင်ရန်။

(ဂ) – ရန်ကုန်ယူနိုက်တက်အသင်း ပရိသတ်များသည် ကွင်းအတွင်းသို့ ရေသန့်ဗူးများဖြင့် ကစားသမားများ၊ ဒိုင်လူကြီးများနှင့် ပြိင်ပွဲတာဝန်ရှိသူများထံ ပစ်ပေါက်ခဲ့သဖြင့် စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ်(၁၅)နှင့် (၁၈) အရ ဒဏ်ကြေးငွေကျပ် ၁၅ သိန်း ပေးဆောင်ရန်။

(ဃ) – ဟံသာဝတီယူနိုက်တက်အသင်းဘက်ခြမ်းမှ ပရိသတ်အချို့သည် ကွင်းအတွင်း ရေဗူးအနည်းငယ်ပစ်ပေါက်ခဲ့သဖြင့် စည်းကမ်းထိန်းသိမ်းရေးမူအပိုဒ် (၁၅) နှင့် (၁၈) အရ ဒဏ်ကြေးငွေကျပ် ၁၀ သိန်း ပေးဆောင်ရန်။