အလင်းဖြူ
(က)
ရတနာပုံ−ဧရာဝတီ ဘယ်လိုအစချီရမလဲ။ ကောင်းတာတွေလား။ ဆိုးတာတွေလား။ ကျွန်တော်ကတော့ နှမြောမိတယ်။ စွမ်းဆောင်ရည်ကောင်းတွေဟာ ဒေါသတွေ အောက်မှာ ပျောက်ကွယ်သွားရတယ်။ ရတနာပုံ ကောင်းခဲ့တယ် ဆိုတာထက် ရတနာပုံ ဆိုးခဲ့တယ် ဆိုတဲ့ စကားလုံးတွေ ရှေ့ရောက်လာတယ်။ ဒါကို နှမြောတယ်။ ဒါပေမဲ့လည်း ဘယ်သူမပြု မိမိမှုပဲလေ။ မလိုအပ်ဘဲ ဒေါသနဲ့ တုံ့ပြန်ခြင်းတွေဟာ ရန်သူကို ဓားရိုးကမ်းတာနဲ့ အတူတူပဲ။ ဒီလိုဓားမျိုးတွေနဲ့ အထိုးခံထားရတဲ့ ကျွန်တော်တို့ရင်ဘတ်မှာ သေရာပါဒဏ်ရာ ရှိခဲ့ဖူးတယ်။ ၁၉၉၅ ဆီးဂိမ်း ဖြစ်ရပ်ကို မမီနိုင်ရင်တောင် ၂၀၀၄ တိုက်ဂါးဖြစ်ရပ်ကိုတော့ မီကြမှာပါ။ ဒါတွေဟာ ဖျက်မရတဲ့ အမည်းစက်တွေ။

ဒေါသဟာ အရာအားလုံးကို ဖျက်ဆီးခဲ့တယ်။ တဒင်္ဂလေးအတွင်းမှာ ဖြစ်သွားတဲ့ ဒေါသဟာ သိပ်ကြောက်ဖို့ကောင်းတယ်။ ရတနာပုံ−ဧရာဝတီ ဖြစ်ရပ်က ဘယ်သူတွေကို အကျိုးရှိခဲ့လဲ။ ကိုယ့်အတွက်လည်း မကောင်းဘူး။ ကိုယ့်အသင်းအတွက်လည်း မကောင်းဘူး။ အခုလိုမျိုး ၃ ရက်ခြားတစ်ခါလောက် ကစားနေရတဲ့ ကာလမှာ ပိုဆိုးတာပေါ့။ မလိုအပ်ဘဲ ဒေါသနဲ့တုံ့ပြန်ခြင်းဟာ ရန်သူကို ကမ်းလိုက်တဲ့ ဓားရိုးပဲ။ ကျွန်တော်တို့ဆီမှာ မာန်ပါတာနဲ့ ရန်ပါတာ မကွဲဘူးဖြစ်နေတယ်။ ယနေ့မော်ဒန်ဘောလုံးမှာ အင်အားကို လိုတာထက်ပိုသုံးလာကြတယ်။ ပေါက်ကွဲအားတွေ ပြင်းထန်လာကြတယ်။ ကျားကုတ်ကျားခဲ ကစားတယ်။ ဒါပေမဲ့ ရန်မဖြစ်ဘူး။ ဒေါသနဲ့ မတုံ့ပြန်ဘူး။ ကိုယ့်အလုပ် ကိုယ်လုပ်ကြတယ်။ ရှုံးတဲ့အသင်းက လူမမဲသလို နိုင်တဲ့အသင်းကလည်း မရိဘူး။ ဘောလုံးပဲ ကစားကြတယ်။ ဒါတွေက အတုယူစရာ ဖြစ်တယ်။

ရတနာပုံ−ဧရာဝတီပွဲကို ကြည့်ခဲ့ပြီး နှမြောလိုက်တာ။ ရတနာပုံအသင်းရဲ့ ကစားပုံဟာ အရမ်းကောင်းတယ်။ ၄−၄−၁−၁ ပုံစံနဲ့ ဧရာဝတီရဲ့ တိုက်စစ်ကို အကောင်းဆုံး ဟန့်တားနိုင်ခဲ့တယ်။ လှိုင်းဘိုဘို၊ မျိုးကိုထွန်း၊ စည်သူအောင်၊ ရဲရင့်အောင်(၂) တို့က ကွင်းလယ်ကို အကြပ်ကစားတယ်။ ဧရာဝတီရဲ့ Fullback တွေဖြစ်တဲ့ ကျော်ဇင်လွင်နဲ့ ဇော်ဝင်းတို့ တိုက်စစ်လိုက်ရင် သူတို့နေရာကို စည်သူအောင်နဲ့ ရဲရင့်အောင်(၂) တို့က ဝင်ပြီး ဖိအားပေးခဲ့တယ်။ ဧရာဝတီရဲ့ တိုက်စစ်မှာ Fullback တွေရဲ့ အခန်းကဏ္ဏက ရေးပါတယ်။ ဒီနေ့ပွဲမှာတော့ ကျော်ဇင်လွင်ရော ဇော်ဝင်းပါ တိုက်စစ်ကို အပြည့်အဝ မလိုက်နိုင်ခဲ့ဘူး။

ရတနာပုံကွင်းလယ်က အတိုကစားတဲ့ နေရာမှာ အရမ်းကောင်းတယ်။ တင်ဝင်းအောင်၊ လွင်မိုးအောင်၊ အောင်နိုင်ဝင်းတို့ ကွင်းလယ်ကို Space မပေးဘူး။ Space ကျဉ်းသွားတဲ့အတွက် ဧရာဝတီကွင်းလယ် ကစားပုံပျက်သွားတယ်။ ဒါပေမဲ့ ဒီပွဲမှာ ဦးမျိုးလှိုင်ဝင်းရဲ့ အိုင်ဒီယာကို မြင်လိုက်ရတယ်။ အသင်းရဲ့ ကျောရိုးတွေဖြစ်တဲ့ စိုးမိုးကျော်၊ လွင်မိုးအောင်၊ အောင်နိုင်ဝင်းတို့ကို ထုတ်လိုက်တယ်။ နည်းပြဆိုတာ ဒါပဲ။ လူစားဝင်လာတဲ့ ရဲလင်းထက်ရဲ့ ပေးပို့မှုကနေ ဆာဆက်က တတိယမြောက်ဂိုး သွင်းသွားတယ်။ ရတနပုံ ရှုံးသွားပေမယ့် ကစားပုံကောင်းတယ်။ ပွဲကောင်း ဖြစ်ခဲ့တယ်။ ဧရာဝတီလို ဟန်ချက်ညီနေတဲ့ အသင်းကို ဘယ်လို ကစားရမလဲ ဆိုတာကို ပြသသွားတယ်။ ဒါပေမဲ့ နှမြောတယ်။ ဒီလိုမျိုးကောင်းကွက်တွေဟာ ပွဲပြီးကာနီး ရန်ပွဲကြောင့် ပျက်ဆီးသွားခဲ့ရတယ်။ ဒါတွေကို ပြင်နိုင်ပါစေ၊ မြင်နိုင်ပါစေလို့ ဆုတောင်းတယ်။
(ခ)
ဒီတစ်ပတ်ကတော့ နည်းပြဆရာတွေရဲ့ အရည်အချင်းကို ပေါ်လွင်စေတယ်။ ရှမ်း−ဟံသာဝတီလည်း ပွဲကောင်း။ ပွဲကောင်းတစ်ပွဲနဲ့ အညီ အကြိတ်အနယ်လည်း ရှိခဲ့တယ်။ MPT မြန်မာနေရှင်နယ်လိဂ်မှာ ဒီလိုပွဲမျိုး မကြည့်ခဲ့ရတာ ကြာပြီ။ ၁−၁ ဖြစ်နေတဲ့ အချိန်ထိ ကြည့်လို့ကောင်းတယ်။ အလှည့်အပြောင်းက ပင်နယ်တီနဲ့ အနီကတ်။ ဒိုနယ်နာသွားတယ်။ သူ့နေရာဝင်တဲ့ အောင်မျိုးသူရက အနီ။ ဒါပေမဲ့ ဟံသာဝတီရဲ့ ကစားအားက ကြောက်စရာ။ ၂−၂ ဖြစ်သွားချိန်မှာ ပွဲက အပြန်အလှန်။ ရှမ်းက ဒွေးကိုကိုချစ်နဲ့ ဆက်ဖြိုးဝေကို ထည့်တယ်။ ဟံသာဝတီရဲ့ အရှိန်ကိုထိန်းတယ်။ ဂိုးတွေရနေတဲ့ ဒွေးကိုကိုချစ်က တတိယမြောက်ဂိုး သွင်းခဲ့တယ်။ ဟိန်းဖြိုးဝင်း ဂိုးသွင်းပြီးတဲ့နောက်မှာ ပွဲက ပြီးသလောက် ဖြစ်သွားပြီ။

ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှု ပြင်းထန်လာချိန်မှာ ဂိုးတစ်ဂိုးဟာ ဘယ်လောက်ပျော်စရာကောင်းသလဲ။ ပျော်ကြပါ။ ဝမ်းသာကြပါ။ ကျွန်တော်လည်း ပျော်တယ်။ ဒါပေမဲ့ သတိတော့ရှိစေချင်တယ်။ ပြိုင်ဆိုင်မှု ပြင်းထန်ခြင်းနဲ့အတူ ပြဿနာတွေ ဖြစ်လာမှာကို မလိုလားဘူး။ ဒီအချက်ကိုတော့ မမေ့စေချင်ဘူး။
(ဂ)
စစ်ကိုင်းနည်းပြ ဦးဇော်လင်းထွန်းက အသင်းရလဒ်ဆိုးနေတာ သူ့ကြောင့်တဲ့။ နည်းပြဆိုတာ အားလုံးကိုခေါင်းခံထားရသူ မဟုတ်လား။ ဒါကြောင့်သူ့ကို လေးစားမိတယ်။ ကိုဗစ်ကာလမှာ အသင်းပုံစံကောင်းရအောင် လုပ်ဆောင်ရတာ လွယ်တော့မလွယ်။ ကစားသမားကောင်းတွေ မရှိတော့ပိုဆိုးတယ်။ ကိုဗစ်မတိုင်ခင်မှာ စစ်ကိုင်းအသင်း ကောင်းခဲ့တယ်။ ဒါပေမဲ့ ပြန်စချိန်မှာ ၄ ပွဲဆက်ရှုံးတယ်။ သူပြန်ဆွဲတင်ဖို့တော့ ကြိုးစားနေတယ်။

ရခိုင်နဲ့ပွဲမှာ အခွင့်အရေးတွေရတယ်။ အသုံးမချနိုင်ဘူ။ ဒါပေမဲ့ ကစားပုံ ကောင်းလာတယ်။ နောက်ဆုံးမိနစ်မှာ ဂိုးရနိုင်တဲ့ အခွင့်အရေးကို လွဲချော်သွားတာကတော့ အံ့ဖွယ်ပါပဲ။ စစ်ကိုင်းအတွက်တော့ နာကျင်စရာ လွဲချော်မှုပေါ့။ ဘာပဲဖြစ်ဖြစ်ပါ။ “ကျွန်တော့်မှာ တာဝန်ရှိပါတယ်” ဆိုတဲ့နည်းပြချုပ်ရဲ့ စကားကို သဘောကျမိတာ အမှန်ပဲ။
ငြိမ်းချမ်းအောင်။ ဘောလုံးအမြင် အရမ်းကောင်းတဲ့ ကစားသမား။ သူရဲ့ပေးပို့မှုက လက်ဖျားခါလောက်တယ်။ ပြီးခဲ့တဲ့ စစ်ကိုင်းနဲ့ ပွဲမှာလည်း ငြိမ်းချမ်းအောင်ရဲ့ ပေးပို့မှုကနေ တဆင့် ကောင်းထက်စိုး ချေပဂိုး သွင်းယူခဲ့တယ်။ အခုလည်း ငြိမ်းချမ်းအောင်က ဖန်တီးပေး၊ ကောင်းထက်စိုးက အဆုံးသတ်။ ရန်ကုန်ဟာ အခွင့်အရေးတွေကို ဆုပ်ကိုင်လာနိုင်တယ်။ မကွေးအသင်းရဲ့ အဖွင့်ဂိုးကလည်း လှပခဲ့တယ်။ ပြည်မိုးရဲ့ ကန်ချက်က တိကျလွန်းတယ်။ မကွေးအသင်း နောက်ပွဲတွေမှာ ဘာတွေလုပ်ပြမလဲ စောင့်ကြည့်ချင်တယ်။

ဦးမင်းထွန်းလင်း လက်ထက်မှာ ရန်ကုန်အသင်း ကစားပုံကောင်းလာတယ်။ ကွင်းလယ်ကို အသာစီးယူထားနိုင်တယ်။ ချန်ပီယံဆုအတွက် ပြိုင်ဆိုင်မှုတွေ ပြင်းထန်လာချိန်မှာ ကစားဟန်ကောင်းရနေတာဟာ ရန်ကုန်အတွက်တော့ အားတစ်ရပ်ပဲ။ ဘာပဲဖြစ်ဖြစ် ဒီတစ်ပတ်ပွဲတွေကတော့ တစ်ကယ်ကောင်းခဲ့တယ်။ ပွဲတိုင်းလိုလို ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေရင် စိတ်ဝင်စားမှုတွေက မြင့်တက်လာမှာ အမှန်ပဲ။