MPT Myanmar National League 2020 ရာသီ၏ ချန်ပီယံဆုဖလားသည် ဟင်္သာတို့၏ နန်းဆောင်၌ပင် ခိုလှုံမည်။ တိုင်းဧရာသို့ပင် သက်ဆင်းမည်။ ရှမ်းပြည်နယ်မှာပင် ဆက်လက်ပျော်ပိုက်လိမ့်မည်။ သို့မဟုတ် မဟာရန်ကုန်မြို့တော်ကြီးမှာပင် စခန်းချလိမ့်မည် စသည့် စသည့် ကြိုတင်ဟောကိန်းများအပြင် ဘယ်တိုင်းဌာနေ ဘယ်စခန်းတွင် ခိုနားမည်ဆိုသည့် ခန့်မှန်းချက်များက မြန်မာနေရှင်နယ်လိဂ်ကောင်းကင်ယံထက်တွင် ဝဲပျံနေခဲ့သည်။

“ဟံသာဝတီယူနိုက်တက်အသင်း ချန်ပီယံဖြစ်မည်။ ဧရာဝတီယူနိုက်တက်အသင်းပဲ ချန်ပီယံဖြစ်မှာ” စသဖြင့် …
ထိုအထဲမှ ၂၀၂၀ မြန်မာနေရှင်နယ်လိဂ်အမှတ်ပေး ရာသီကို ပထမဆုံးသော ချန်ပီယံအသင်းသစ်ထွက်ပေါ်လာမည့်ရာသီ၊ အပြောင်းအလဲတစ်ခုကို စတင်မြင်တွေ့ခွင့်ရမည့်ရာသီတစ်ခုအဖြစ် သုံးသပ်မှုများက ရာသီဝက်ကာလနောက်ပိုင်း ပို၍များခဲ့ပါသည်။
ယခုနှစ် ချန်ပီယံစိန်ခေါ်နိုင်စွမ်း အသင်းများထဲတွင် မြန်မာနေရှင်နယ်လိဂ် ခေတ်ဦးကတည်းက ပါဝင်လာခဲ့သည့် ဟံသာဝတီယူနိုက်တက်အသင်း ပါဝင်လာခြင်းဖြစ်သည်။

သို့သော် အဆုံးသတ်တွင် ချန်ပီယံဆုဖလားကို ရှမ်းယူနိုက်တက်အသင်းကပင် နှစ်ကြိမ်ဆက် သိမ်းပိုက်သွားခဲ့ရာ အားလုံး၏ မှန်းဆချက်များလည်း အဟောသိကံဖြစ်သွားခဲ့သည်။
ထိုသို့ ခန့်မှန်းပြောဆိုရလောက်အောင်လည်း ချန်ပီယံအသင်းသစ်နှင့် ချန်ပီယံဟောင်း အသင်းတွေကြား ပြိုင်ဆိုင်မှုက ကန်လန့်ကာ ဇာတ်သိမ်း နောက်ဆုံးအချိန်အထိ အကြိတ်အနယ်ရှိခဲ့သည်ပင် မဟုတ်ပါလား…
ကြည့်ရသည်မှာ အရသာတွေ့လှသလို ပွဲစဉ် (၂၀) အထိ စောင့်ကြည့်ရင်ခုန်ခဲ့ရခြင်းကလည်း ယခုနှစ်ပြိုင်ပွဲ၏ ထူးခြားချက်ဟု ဆိုရမည်ဖြစ်သည်။

ယမန်နှစ်က ပုံစံအတိုင်း နောက်ဆုံးပွဲစဉ်များအပြီးတွင်မှ ချန်ပီယံအသင်းအဖြေထွက်မည့် အခြေအနေကြောင့် ဆုပေးပွဲအခမ်းအနားကို နှစ်နေရာစလုံး၌ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ခဲ့ရသည့်အထိပင် ဖြစ်ပါသည်။
ချန်ပီယံဆု ထပ်မံပိုင်ဆိုင်ခဲ့သော ရှမ်းယူနိုက်တက်အသင်းကို ချန်ပီယံဖြစ်နိုင်ချေ အရှိဆုံးသော အသင်း၊ တစ်နည်းအားဖြင့် ချန်ပီယံဘွဲ့ကို ဆက်လက်ကာကွယ်ခွင့်ရမည့်အသင်းအဖြစ် အများက ထင်ကြေးပေးရာတွင် စတုတ္ထနေရာမှသာ ရှိနေခဲ့ပါသည်။
သို့သော် အရန်လူအင်အား တောင့်တင်းခြင်း၊ ကစားသမားကောင်းများ ပိုင်ဆိုင်ထားခြင်းနှင့် နည်းပြ၏ Game Plan ကောင်းမွန်ခြင်း၊ နည်းဗျူဟာပိုင်း ပိုင်နိုင်ခြင်းတို့ကို အများစုက မေ့လျော့နေခဲ့ဟန်ရှိပါသည်။
ဒုတိယအကျော့ ထိပ်တိုက်တွေ့ဆုံမှုတွင် ဟံသာဝတီယူနိုက်တက်အသင်းရော၊ ဧရာဝတီယူနိုက်တက်အသင်းကိုပါ နိုင်ပွဲရယူပြီး အားလုံးကို ပါးစပ်အဟောင်းသား ဖြစ်အောင် လုပ်ပြလိုက်သည်။ အမှတ်ပေးဇယားကို ဦးဆောင်နိုင်လိုက်သည်။
တစ်ရာသီလုံးတွင်မှ ပွဲစဉ် (၁၉) (၂၀) နှစ်ခုသာ အမှတ်ပေးဇယားကို ဦးဆောင်ခွင့် ရခဲ့သည်ဆိုသော်လည်း ရှမ်းယူနိုက်တက်အသင်း၏ ချန်ပီယံဆုက ထိုက်တန်ခဲ့သည်ဟု ဆိုချင်ပါသည်။
ဟံသာဝတီယူနိုက်တက်အသင်းအတွက်တော့ (၁၃) ကြိမ်တိတိ အကြိမ်အရေအတွက်အများဆုံး အမှတ်ပေးဇယား ဦးဆောင်ခွင့်ရခဲ့ပြီးမှ အနားနီးမှ ချန်ပီယံဆုနှင့် လွဲခဲ့ရခြင်းက နစ်နာလှသည်ဟု ဆိုရမည်ဖြစ်သည်။
အဆိုးထဲက အကောင်းဟု ဆိုရမည့် ဟံသာဝတီယူနိုက်တက်
ဟံသာဝတီယူနိုက်တက်အသင်း ချန်ပီယံဆုကို လက်လွတ်လိုက်ရခြင်း အကြောင်းအရင်းများတွင် အရန်အင်အားနည်းပါးခြင်းက အဓိက အချက်ဟုဆိုနိုင်ပါသည်။
၁ ပတ်အတွင်း နှစ်ပွဲယှဉ်ပြိုင်ကစားနေရသည့် မာရသွန်ခရီးရှည်ပြိုင်ပွဲတစ်ခုတွင် လက်ရှိလူအင်အားနှင့် လုံလောက်မှု မရှိကြောင်းကို မီးမောင်းထိုးပြလိုက်ခြင်းလည်းဖြစ်သည်။
သို့သော် ဒုတိယနေရာဖြင့် ရာသီသိမ်းနိုင်ခဲ့ရာ အသင်းအတွက် ဂုဏ်ယူစရာအခိုက်အတန့်တစ်ခုကိုတော့ ပိုင်ဆိုင်ခဲ့ပါသေးသည်။
ထို့ပြင် ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ရှုံးထွက်ပြိုင်ပွဲကျင်းပနိုင်ခဲ့ခြင်း မရှိလျင် အမှတ်ပေးဇယားဒုတိယနေရာမှ အသင်းက AFC CUP ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရမည်ဖြစ်သည့်အတွက် ယင်းအချက်က အသင်းအတွက် ကျေနပ်စရာတစ်ခုဖြစ်ပါသည်။

ပန်းဝင်ကာနီးမှ တက်ကျိုးခဲ့သည့် ဧရာဝတီယူနိုက်တက်
ဟံသာဝတီယူနိုက်တက်အသင်းကဲ့သို့ပင် တစ်ရာသီလုံး ပုံစံကောင်းတစ်ခု ရရှိခဲ့ပြီးမှ ပန်းဝင်ကာနီးတွင်မှ လှော်တက်ကျိုးခဲ့သည့် ဧရာဝတီယူနိုက်တက်အသင်း ရှုံးပွဲမရှိစံချိန် ပျက်ယွင်းခဲ့ရသလို ချန်ပီယံဆုနှင့်လည်း ထပ်မံ အလှမ်းဝေးခဲ့ရသည်။
ရမှတ်လေလွင့်မှု မရှိစေရန် အရေးကြီးသည့် အခိုက်အတန့်ဖြစ်သည့် နောက်ဆုံးသုံးပွဲတွင် ရမှတ်တစ်မှတ်သာ စုဆောင်းနိုင်ခဲ့ခြင်းက ချန်ပီယံစည်းဝိုင်းပြင်ပ ရောက်ရှိသွားရခြင်း အဓိကအချက်ဖြစ်သည်။
ပန်းတိုင်းနား ချဉ်းကပ်လာခဲ့ပြီးမှ ယခုလိုဖြစ်သွားခဲ့ရခြင်းက ဧရာဝတီသားတို့အတွက် ကြီးမားသည့်ဆုံးရှုံးမှု တစ်ရပ်ဖြစ်သည်။
သို့သော် ပြိုင်ပွဲ၏ အဆုံးသတ်ကာလအရောက်တွင်…
မြန်မာနေရှင်နယ်လိဂ် ဇာတ်ရှိန်မြင့်တက်စေသည့် အချက်များအဖြစ် ပရော်ဖက်ရှင်နယ်ဆန်သော ရန်ကုန်ယူနိုက်တက်အသင်းကို မြင်တွေ့ခဲ့ရသလို ကိုယ်စွမ်းရှိသရွေ့ရုန်းခဲ့သည့် ရတနာပုံအသင်းကို တွေ့မြင်ခဲ့ရသည်။
အလားတူ နဂိုခြေစွမ်းနီးပါး ပြန်ရခဲ့သည့် စစ်ကိုင်းယူနိုက်တက်အသင်း၊ တိုးတက်လာသော ခြေစွမ်းနှင့်အတူ ရလဒ်ပိုင်းပါ ကောင်းမွန်လာခဲ့သည့် ဆောက်သမ်းမြန်မာ၊ မကွေးအက်ဖ်စီအသင်းတို့သည်လည်း ဤဇာတ်လမ်းတွင် အသုံးတော်ခံခဲ့ပါသည်။
အဆင့် (၅) ဖြင့် ရာသီသိမ်းနိုင်မည့် အခြေအနေတစ်ခုကို ရခိုင်ယူနိုက်တက်အသင်း ပိုင်ဆိုင်ခဲ့သလို မြန်မာနေရှင်နယ်လိဂ်ပွဲဦးထွက်မှာပင် စောင့်ကြည့်ရမည့် အသင်းတစ်သင်းအဖြစ် လုပ်ပြနိုင်ခဲ့သည့် ISPE အသင်းကိုလည်း တွေ့မြင်ခဲ့ရပါသည်။
ပရိသတ်များအတွက် စိတ်မကောင်းဖြစ်ရခြင်းမှလွဲ၍ …
တစ်ခုသာရှိသည်။ ကိုဗစ်-၁၉ ကြောင့် ဒုတိယအကျော့ပွဲစဉ်များကို အိမ်ကွင်း၊ အဝေးကွင်းပုံစံ ကျင်းပနိုင်ခဲ့ခြင်း မရှိရာ ကိုယ်တိုင်ကိုယ်ကျ ကွင်းအတွင် ဝင်ရောက်ကြည့်ရှုခွင့် မရသည့် ပရိသတ်များအတွက် စိတ်မကောင်းဖြစ်မိခြင်းသာ ရှိသည်။ ပွဲစဉ်ကောင်းများ ဆက်တိုက်ပါဝင်နေခဲ့ခြင်းဖြစ်ရာ ပရိသတ်များ ကွင်းအတွင်း ဝင်ရောက်ကြည့်ခွင့် ရစေချင်သည့် ဆန္ဒကလည်း အမှန်တစ်ကယ်ဖြစ်ပေါ်ခဲ့သည်ကို ဤနေရာတွင် ဖော်ပြလိုပါသည်။
ကျန်းမာရေးသည် အားလုံးထက် ဦးစားပေးကိစ္စတစ်ရပ်ဖြစ်နေသည့်အတွက် ယင်းဆန္ဒမှာ အကောင်အထည်မဖော်နိုင်ခဲ့ပါပေ။
သို့သော် ကျွန်ုပ်တို့ ရုပ်သံပါတနာများ၏ ကြိုးစားထုတ်လွှင့်ပေးမှုနှင့် အတူ ပွဲစဉ်များကို ပရိသတ်များဆီသို့ တိုက်ရိုက်ဆောင်ကျဉ်းပြသပေးနိုင်ခဲ့ပါသည်။
ယင်းအတွက်လည်း ပရိသတ်များ ကျေနပ်နှစ်သိမ့်မှု ရရှိလိမ့်မည်ဟု ယုံကြည်မိပါသည်။
ယခုတော့ ကိုဗစ်အခက်အခဲကြားက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပသည့် MPT Myanmar National League 2020 အမှတ်ပေးဘောလုံးပြိုင်ပွဲကြီး အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပါပြီ။
ချန်ပီယံဆုဖလားသည်လည်း ရှမ်းအိုးစည်တို့ဝေစည်သော ရှမ်းပြည်နယ်သို့ပင် တတိယအကြိမ် ဆက်လက်ခိုနားသွားခဲ့သည်။

ပြိုင်ပွဲဖြစ်မြောက်အောင် အဓိကနေရာမှ ပံ့ပိုးပေးခဲ့သည့် Official Main Partner- MPT၊
Host Broadcaster – My Sports နှင့် Auto Mobile Partner- SUZUKI တို့အပါအဝင် Co-Sponsors များနှင့် အဖက်ဖက်မှ ဝိုင်းဝန်ကူညီပေးခဲ့ကြသူများ၊ အခက်အခဲများကြားမှ ပြိုင်ပွဲကြီးကျင်းပပြီးစီးနိုင်စေရန် လမ်းညွန်ကူညီပေးခဲ့သည့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ကလပ်အသင်းများအားလုံးနှင့် ပရိသတ်များထံအချိန်နှင့်တပြေးညီ ထုတ်လွှင့်တင်ဆက်ပေးခဲ့သည့် MRTV, MWD နှင့် သတင်းမီဒီယာများအားလုံး ကိုယ်တိုင်ကွင်းအတွင်း လာရောက်ကြည့်ရှုခွင့်မရသော်လည်း ရုပ်သံနှင့်ဆိုရှယ်မီဒီယာများပေါ်မှ တစ်ခဲနက် စောင့်ကြည့် အားပေးခဲ့ကြသည့် ဘောလုံးချစ်ပရိသတ်အားလုံးတို့ကို လှိုက်လှဲစွာ ကျေးဇူးတင်ရှိပါကြောင်း အလေးထား ဖော်ပြအပ်ပါသည်။
ကိုဗစ်ဘေးရန်းအပေါင်းကနေလည်း လွတ်ကင်း၍ သာယာပျော်ရွှ့င်သော ဘဝလေးကို ပိုင်ဆိုင်ခွင့် ရရှိပါစေလို့ ဆုတောင်းပေးရင်း…
လာလတ္တံသော ပြိုင်ပွဲများ၌ ကျွန်ုပ်တို့တွေ အတူတကွ ပြန်လည်ဆုံဆည်းကြပါဦးမည်။
By Admin