၂၀၂၅-၂၆ မြန်မာနေရှင်နယ်လိဂ်-၂ အမှတ်ပေးပြိုင်ပွဲအား ဩဂုတ် ၃ ရက်တွင် စတင်ကျင်းပမည် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီကကြီးမှူးပြီး ပြိုင်ပွဲဝင် (၈)သင်းပါဝင်မည့် MNL 2 League 2025-26 ပထမအကျော့ပြိုင်ပွဲကို ဩဂုတ်လ ၃ ရက်တွင် စတင်ကျင်းပသွားမည်ဖြစ်ပါသည်။

ယခုနှစ် မြန်မာနေရှင်နယ်လိဂ်-၂ အမှတ်ပေးပြိုင်ပွဲတွင် လက်ရှိချန်ပီယံ ချင်းလန်းအက်ဖ်စီ၊ မြဝတီအက်ဖ်စီ၊ ယူနီဗာစတီအက်ဖ်စီ၊ ကချင်ယူနိုက်တက်အက်ဖ်စီ၊ Glory Goal FC၊ Silver Stars FC အပါအဝင် MNL-2 Promotion Amateur Club Tournament 2025 ပြိုင်ပွဲမှတစ်ဆင့် တန်းတက်အသင်းများဖြစ်သည့် ရန်ကုန်စီးတီးအက်ဖ်စီနှင့် ယန်းဘွိုင်းယူနိုက်တက်အက်ဖ်စီအသင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
၂၀၂၅-၂၆ မြန်မာနေရှင်နယ်လိဂ်-၂ အမှတ်ပေးဘောလုံးပြိုင်ပွဲ ပထမအကျော့ပြိုင်ပွဲအား ဩဂုတ် ၃ ရက်မှ အောက်တိုဘာ ၃၀ ရက်အထိ ယူနီဗာစတီကွင်းနှင့် ပဒုမ္မာကွင်းတို့တွင် ကျင်းပသွားမည်ဖြစ်ပြီး ဒုတိယအကျော့ပြိုင်ပွဲ ပွဲစဉ်ဇယားကို ဆက်လက်သတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ပါသည်။
MNL 2 League 2025-26 ပထမအကျော့ Week-1 တွင် Silver Stars နှင့် မြဝတီ၊ ယူနီဗာစတီနှင့် ကချင်ယူနိုက်တက်၊ ရန်ကုန်စီးတီးနှင့် Glory Goal ၊ ယန်းဘွိုင်းယူနိုက်တက်နှင့် ချင်းလန်းအသင်းတို့ ထိပ်တိုက်တွေ့ဆုံလျက်ရှိပြီး မြန်မာနေရှင်နယ်လိဂ်ဘောလုံးပရိသတ်များ လာရောက်အားပေးကြည့်ရှုနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။
