MPT U-14 Football Tournament 2018(စစ်တွေဇုန်) အုပ်စု(က)၊(ခ) ပွဲစဉ်များအပြီး မြောက်ဦးအသင်းနှင့် ရသေ့တောင်အသင်းတို့ အကြိုဗိုလ်လုပွဲတက်ရောက်

October 5, 2018

ကျင်းပလျက်ရှိသည့် MPT U-14 Football Tournament 2018(စစ်တွေဇုန်) အုပ်စု(က)၊(ခ) ပွဲစဉ်များအပြီး  မြောက်ဦးအသင်းနှင့် ရသေ့တောင်အသင်းတို့ အကြိုဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

အုပ်စု(က)နောက်ဆုံးပွဲစဉ်တွင် မြောက်ဦးအသင်းက ကျောက်တော်အသင်းကို ၄-၁ ဂိုးဖြင့်အနိုင်ရပြီး အုပ်စုတွင်းပြိုင်ဘက် ကျောက်တော်အသင်းနှင့် ရမှတ်တူသော်လည်း ဂိုးကွာခြားချက်အသာဖြင့် နောက်တစ်ဆင့် တက်ရောက်ခဲ့သည်။

အလားတူ အုပ်စု(ခ) နောက်ဆုံးပွဲစဉ်ဖြစ်သည့် ရသေ့တောင်အသင်းနှင့် မောင်တောအသင်းတို့ပွဲတွင် ရသေ့တောင်အသင်းက ဂိုးဒါဇင်ဝက်ကျော်သွင်းကာ ၇-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ ယင်းအုပ်စုတွင် ရသေ့တောင်အသင်းနှင့် စစ်တွေအသင်းတို့ ရမှတ် လေးမှတ်စီ တူညီနေပြီး ရသေ့တောင်အသင်းက ဂိုးကွာခြားချက်အသာဖြင့် နောက်တစ်ဆင့်တက်ရောက်ခဲ့ခြင်းဖြစ်သည်။

MPT U-14 Football Tournament 2018 ပြိုင်ပွဲ၏ အုပ်စု(ဂ)နှင့် အုပ်စု(ဃ) နောက်ဆုံးပွဲစဉ်များကို စစ်တွေမြို့၊ ဝေသာလီကွင်း၌ ဆက်လက်ကျင်းပမည်ဖြစ်ရာ နံနက်ပိုင်းတွင် သံတွဲ(က)နှင့် ကျောက်ဖြူ(က)၊ ညနေပိုင်းတွင် ပုဏ္ဏားကျွန်းနှင့် ပေါက်တောအသင်းတို့ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ပြိုင်ပွဲကို မျိုးဆက်သစ်ကစားသမားများ ထွက်ပေါ်လာရေးအတွက် ရည်ရွယ်ကျင်းပနေခြင်းဖြစ်ပြီး အောက်တိုဘာ ၅ ရက်တွင် အုပ်စု(က)မှ ကျောက်တော်နှင့်မြောက်ဦး၊ အုပ်စု(ခ)မှ ရသေ့တောင်နှင့် မောင်တောအသင်းတို့ တွေ့ဆုံယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ပြိုင်ပွဲတွင် ရခိုင်ပြည်နယ်အတွင်းမှ ပြိုင်ပွဲဝင် ၁၂ သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး ဗိုလ်စွဲသည့်အသင်းအား တံခွန်စိုက်ဆုဖလားနှင့်အတူ ဆုကြေးငွေကျပ် ၁၀ သိန်း၊ ဒုတိယဆုရအသင်းကို ဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် ၅ သိန်းနှင့် တတိယရရှိသည့်အသင်းကို ဆုတံဆိပ်နှင့် အတူ ဆုငွေကျပ် ၃ သိန်း ချီးမြှင့်သွားမည်ဖြစ်သည်။

ထို့ပြင် ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးအသင်းဆု၊ နေရာအလိုက်အကောင်းဆုံးကစားသမားဆုများနှင့် ပွဲစဉ်တစ်လျှောက်အကောင်းဆုံးကစားသမားဆုကိုပါ ရွေးချယ်ချီးမြှင့်ပေးသွားမည်ဖြစ်ပါသည်။