MFF Charity Cup 2018 အလှူရန်ပုံငွေဖလား ကျင်းပပြုလုပ်

January 7, 2018

MFF Charity Cup 2018 အလှူရန်ပုံငွေဖလား ကျင်းပပြုလုပ်

=========================================

ယနေ့ညနေပိုင်းက အောင်ဆန်းကွင်း၌ ကျင်းပခဲ့သည့် MFF Charity Cup 2018 ရာသီကြိုကွင်းဖွင့်ဖလားပြိုင်ပွဲတွင် ရန်ကုန်ယူနိုက်တက်အသင်းက ရှမ်းယူနိုက်တက်အသင်းကို ၆-၄ ဂိုးဖြင့် အနိုင်ရရှိပြီး ရာသီကြို MFF Charity Cup 2018 ကို ရယူနိုင်ခဲ့သည်။

MFF Charity Cup 2018 ဘောလုံးရာသီအကြို အလှူရန်ပုံငွေဘောလုံးပြိုင်ပွဲတွင် မိနစ် ၉၀ အတွင်း တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်နေသဖြင့် ပင်နယ်တီအဆုံးအဖြတ် ကန်သွင်းရာ ရန်ကုန်အသင်းက စုစုပေါင်း ၆-၄ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါ MFF Charity Cup 2018 ပွဲစဉ်သို့ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ များဖြစ်သည့် ဒေါက်တာစိုင်းဆမ်ထွန်း နှင့် ဦးပြည့်ဖြိုးတေဇ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်နှင့် မြန်မာအမျိုးသမီးလိဂ်ဥက္ကဋ္ဌ ဦးလှဌေး၊ ရှမ်းယူနိုက်တက်အသင်းပိုင်ရှင် ဦးခွန်နောင်မြင့်ဝေ၊ ရှမ်းယူနိုက်တက်အသင်းဒုတိယဥက္ကဋ္ဌ ဦးစောလုလုထော်၊ MPT Joint Operation မှ General Manager ဦးနိုင်ကိုကို၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများမှ အသင်းပိုင်ရှင်များ၊ အသင်းဥက္ကဋ္ဌများ၊ ဘောလုံးသမားများ၊ ရှမ်းယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့မှ ဘောလုံးပရိသတ်များ နှင့် မီဒီယာများ တက်ရောက်ခဲ့ကြသည်။

ယနေ့ပွဲစဉ်သို့ အထူးတန်းပွဲကြည့်စင်များ ပြည့်လျှံသည့်အထိ ပရိသတ် လာရောက်အားပေးခဲ့ကြပြီး ကွင်းဝင်ကြေး ကျပ်သိန်း ၇၀ ရရှိခဲ့သည်။ ထို့အတူ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်မှ ကျပ်သိန်း ၄၀၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အမှုဆောင်နှင့် မြန်မာအမျိုးသမီးလိဂ်ဥက္ကဋ္ဌ၊ ဇွဲကပင်ယူနိုက်တက်အသင်းပိုင်ရှင် ဦးလှဌေးမှ ကျပ် ၁၀ သိန်း၊ ရတနာပုံအက်ဖ်စီအသင်းမှ ငွေကျပ် ၁၀ သိန်း၊ ရှမ်းယူနိုက်တက်အသင်းမှ ငွေကျပ် ၁၀ သိန်း၊ ရန်ကုန်ယူနိုက်တက်အသင်းမှ ငွေကျပ် ၁၀ သိန်းစီ လှူဒါန်းခဲ့ကြပြီး ဂိတ်ဝင်ကြေးနှင့် အလှူရှင်များ၏ လှူဒါန်းငွေ စုစုပေါင်း ကျပ်သိန်း ၁၅၀ လက်ခံရရှိခဲ့သည်။

ထို့နောက် ဆုဖလားချီးမြှင့်ခြင်းနှင့် လူမှုရေးအဖွဲ့အစည်း ၁ ခုလျှင် အလှူငွေ ကျပ်သိန်း ၃၀ စီ အလှူငွေများ ပေးအပ်ပွဲ အခမ်းအနားကို ဆက်လက်ပြုလုပ်ရာ MFF Charity Cup 2018 ဆုဖလားပိုင်ရှင် ရန်ကုန်ယူနိုက်တက်အသင်းကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဦးဇော်ဇော်က ပေးအပ်ချီးမြှင့်ပေးခဲ့သည်။

ဆက်လက်၍ ဟင်္သာတာမြို့ရှိ စွန့်ပစ်ခံ ကလေးငယ်များနှင့် သက်ကြီးရွယ်အို ဘိုးဘွားများကို ထိန်းသိမ်းစောင့်ရှောက်နေသည့် “ ခိုလှုံရာ ပရဟိတဂေဟာ” သို့ ပေးအပ်သည့် အလှူငွေအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌဒေါက်တာစိုင်းဆမ်ထွန်းကလည်းကောင်း၊ မိဘမဲ့ကလေးများ ထိန်းသိမ်းစောင့်ရှောက်ရေးဌာန
“ လူငယ်လေ့ကျင့်ရေးသန်တန်းကျောင်း (ကျိုက်ဝိုင်း)” သို့ အလှူငွေ ပေးအပ်မှုကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇမှ လည်းကောင်း ပေးအပ်လှူဒါန်းပေးခဲ့သည်။
ဆက်လက်၍ မိုင်းထိ မိဘများ၏ သား၊သမီးများ၊ မိဘမဲ့ကလေးများ၊ ချို့တဲ့နွမ်းပါးများ စုစုပေါင်း (၁၀၀) ကျော်ကို ပြုစုစောင့်ရှောက် ပညာသင်ကြားပေးနေသော ပရဟိတကျောင်း “ ရွှေကျင်မြို့ ပညာဗိမာန် ပရဟိတကျောင်း” သို့ အလှူငွေပေးအပ်မှုကို ရှမ်းယူနိုက်တက်အသင်းပိုင်ရှင် ဦးခွန်နောင်မြင့်ဝေကလည်းကောင်း၊ လှိုင်သာယာမြို့နယ်ရှိ မေတ္တာဝါဒီ ဟင်္သာတ(ပရဟိတ) ဆရာတော်ဘုရားကြီး၏ ကျောင်း “ ဓမ္မသီတဂူ သီလရှင်/ မိန်းကလေး၊ ပရဟိတကျောင်းတိုက်” သို့အလှူငွေ ပေးအပ်ခြင်းကို ရန်ကုန်ယူနိုက်တက်အသင်း ခေါင်းဆောင် ကျော်ဇင်ထက်မှလည်းကောင်း၊ စွန့်ပစ်ခံဘိုးဘွားများ၊ ဂိလာနဘိုးဘွားများနှင့် ဒုက္ခရောက်နေသည့် ရောဂါသည်များအား ဆေးဝါးကုသ စောင့်ရှောက်ပေးနေသော “ သန်လျှင်သဘာဝတရားရိပ်သာ” သို့ အလှူငွေ
ပေးအပ်ခြင်းကို ရှမ်းယူနိုက်တက်အသင်းခေါင်းဆောင် သီဟစည်သူကလည်းကောင်း အသီးသီး ပေးအပ်လှူဒါန်းပေးခဲ့ကြသည်။

မြန်မာနေရှင်နယ်လိဂ် ထိပ်သီးနှစ်သင်း၏ ရာသီကြို အားပြိုင်မှု ပွဲစဉ်မတိုင်မီ မွန်းလွဲ ၂ နာရီမှ စတင်၍ The Tree Music Band နှင့် အတူ နိုင်ငံကျော်အနုပညာရှင်များ၏ ဖျော်ဖြေမှု တင်ဆက်မှုများအပြင် ဘောလုံးပြိုင်ပွဲ ပထမပိုင်းအပြီး ကံစမ်းမဲများ မဲနှိုက်ရွေးချယ်ခြင်း( Canon Pro Camera, 4 TV, Receiver Sets နှင့် မြန်မာ့လက်ရွေးစင် ဂျာစီများ) ကို အနုပညာရှင်များမှ မဲဖောက်ပေးခဲ့ပါသည်။

ထို့သို့ MFF Charity Cup ပွဲစဉ် မတိုင်မီ The Tree Music Band နှင့် နိုင်ငံကျော်အနုပညာရှင်များ၏ ကိုယ်ကျိုးမဖက် ပရဟိတစိတ် သက်သက်ဖြင့် လာရောက်တီးခတ်သီဆို ဖျော်ဖြေပေးမှုများ၊ ပရိသတ်များ အားတက်သရော ကွင်းအတွင်း လာရောက်အာပေးမှုများအား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်မှ လှိုက်လှိုက်လှဲလှဲ အထူး ကျေးဇူးတင်ပါကြောင်း ဖော်ပြအပ်ပါသည်။