စစ်ကိုင်းယူနိုက်တက်၏ မုံရွာကွင်းအား MNL တာဝန်ရှိသူများ သွားရောက်စစ်ဆေး

January 8, 2018

စစ်ကိုင်းယူနိုက်တက်၏ မုံရွာကွင်းအား MNL တာဝန်ရှိသူများ သွားရောက်စစ်ဆေး

=======================================

မကြာမီ ကျင်းပမည့် MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် စစ်ကိုင်းယူနိုက်တက်အသင်းက မုံရွာကွင်းအား အိမ်ကွင်းအဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး အဆိုပါမုံရွာကွင်းသို့ မြန်မာနေရှင်နယ်လိဂ် COO ဦးဆူးအောင် ဦးဆောင်သည့်အဖွဲ့မှ သွားရောက်စစ်ဆေးခဲ့သည်။
မြန်မာနေရှင်နယ်လိဂ် COO ဦးဆူးအောင် နှင့် အဖွဲ့၊ MPT မှ Regional Manager ဦးမောင်မောင်စိုးဝင်းတို့သည် ဖွင့်ပွဲကျင်းပမည့် မုံရွာအိမ်ကွင်းအား ဇန်နဝါရီ ၃ ရက်(ယနေ့)က သွားရောက်စစ်ဆေးခဲ့ပြီး စစ်ကိုင်းယူနိုက်တက် ဒုတိယဥက္ကဋ္ဌ ဦးမျိုးမင်းထိုက်နှင့် ကွင်းတာဝန်ခံများမှ အသေးစိတ်ရှင်းလင်းကာ လိုက်လံပြသခဲ့သည်။ မြန်မာနေရှင်နယ်လိဂ် COO ဦးဆူးအောင်နှင့်အဖွဲ့မှ အိမ်ကွင်းဖွင့်ပွဲအတွက် လိုအပ်ချက်များ အချိန်မီ ဖြည့် ဆည်းပေးနိုင်ရန် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် မြန်မာနေရှင်နယ်လိဂ် COO ဦးဆူးအောင်နှင့်အဖွဲ့၊စစ်ကိုင်းယူနိုက်တက်အသင်း ဒုတိယ ဥက္ကဋ္ဌ ဦးမျိုးမင်းထိုက်တို့သည် မုံရွာကွင်း၏ အိမ်ကွင်းဖွင့်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမူရေးဝန်ကြီး ဒေါက်တာ ဇော်ဝင်းအား သွားရောက်ဂါရဝပြု တွေ့ဆုံခဲ့သည်။
မြန်မာနေရှင်နယ်လိဂ် COO ဦးဆူးအောင်မှ မုံရွာကွင်းဖွင့်ပွဲ၌ လိုအပ်လာမည့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များ၊လိုအပ်မည့်ကိစ္စရပ်များကို လူမူရေးဝန်ကြီး ဒေါက်တာဇော်ဝင်းအား တင်ပြဆွေနွေးခဲ့ပြီး ဝန်ကြီးမှလည်း တင်ပြ အကူအညီတောင်းခံမှုအပေါ် ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ MNL COO ဦးဆူးအောင်မှ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် MPT တို့ပူးပေါင်းကာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း လူငယ် ဘောလုံးပွဲတော်များ ကျင်းပပြုလုပ်ပေးမည့် အစီ အစဉ်များကို ဝန်ကြီးအား အကျဉ်းချုပ် ထပ်မံ တင်ပြခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ကိုယ်စားပြု စစ်ကိုင်းယူနိုက်တက်အသင်းသည် ၎င်း တို့၏ အိမ်ကွင်း(မုံရွာ)ကွင်းအား လာမည့် ဇန်နဝါရီ ၁၁ ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပြီး အဆိုပါ ဖွင့်ပွဲအပြီးတွင် စစ်ကိုင်း ယူနိုက်တက်အသင်းသည် ရခိုင်ယူနိုက် တက်အသင်းနှင့် MNL ပွဲဦးထွက် ပွဲအဖြစ် စတင်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။