စစ်ကိုင်းယူနိုက်တက်အိမ်ကွင်းဖွင့်ပွဲနှင့် MPT Myanmar National League 2018 ပထမဆုံးအဖွင့်ပွဲစဉ်အပေါ် MPT COO ထုတ်ဖော်ချီးကျူး

January 12, 2018

ယခုရာသီတွင် MNL 1 ပြိုင်ပွဲသို့တန်းတက်ယှဉ်ပြိုင်ခွင့်ရရှိထားသည့် စစ်ကိုင်းတိုင်းဒေသကြီးကိုယ်စားပြု စစ်ကိုင်းယူနိုက်တက်အသင်း၏ အိမ်ကွင်းဖွင့်လှစ်ပွဲအခမ်းအနားနှင့် ၂၀၁၈ ဘောလုံးရာသီ MPT Myanmar National League 2018 အမှတ်ပေးပြိုင်ပွဲ၏ပထမဆုံးပွဲစဉ်အဖြစ် အိမ်ရှင်စစ်ကိုင်းယူနိုက်တက်နှင့် ရခိုင်ယူနိုက်တက်တို့၏ပွဲစဉ်ကို ယမန်နေ့ ဇန်နဝါရီ ၁၁ ရက် မွန်းလွှဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ တိုင်းအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ စာသင်ကျောင်းများထံ လှူဒါန်းသည့် ဘောလုံး အလုံး ၅၀၀ ကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့်အတူ MPT ၏ COO Mr. Yoshiaki Benino က စစ်ကိုင်းတိုင်း ဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ မြင့်နိုင်ထံ ပေးအပ်လှူဒါန်း နေစဉ်

ယင်း အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့်တိုင်းဒေသကြီးဝန်ကြီးများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဌဦးဇော်ဇော်နှင့် MNL ကလပ်အသင်းပိုင်ရှင်များ၊ MNL Partner MPTမှ COO Mr. Yoshiaki Benino ၊ Dy COO ဦးနိုင်ကိုကိုနှင့် တိုင်းမန်နေဂျာအပါအဝင် ဒေသခံဝန်ထမ်းများနှင့် တာဝန်ရှိသူများ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မီဒီယာများနှင့် ကွင်းလုံးပြည့်ဘောလုံးပရိသတ်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါ စစ်ကိုင်းယူနိုက်တက်အသင်း အိမ်ကွင်းဖွင့်ပွဲတွင် နိုင်ငံကျော်အနုပညာရှင်များက တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြပြီး ရာသီအသစ်ပထမဆုံးပွဲစဉ်အဖြစ် အိမ်ရှင်စစ်ကိုင်းယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ ပွဲစဉ်မှာလည်း အလွန်အကြိတ်အနယ်ရှိပြီး ကြည့်ကောင်းခဲ့၍ ပရိသတ်အကြိုက် ပွဲကောင်းဖြစ်ခဲ့သည်။

အဆိုပါကွင်းဖွင့်ပွဲနှင့် ရာသီအဖွင့်ပွဲစဉ်နှင့် ပတ်သက်၍ MNL ၏ Partner ဖြစ်သည့် MPT ၏ COO ဖြစ်သူ Mr Yoshiaki Benino က “ဒီကနေ့အခမ်းအနားအစီအစဉ်တွေက တော်တော်ပြည့်စုံပြီး ကောင်းမွန်သလို ၂၀၁၈ ရာသီအသစ် ပထမဆုံးပွဲမှာ ပရိသတ်တွေကို ကွင်းလုံးပြည့် ပျော်ရွှင်တက်ကြွစွာနဲ့ တွေ့ရတာ တကယ်ပဲ အားရမိပါတယ်။ ကစားသွားတဲ့ပွဲကလည်း တကယ်အကြိတ်အနယ်ရှိပြီး စိတ်လှုပ်ရှားဖို့ အရမ်းကောင်းပါတယ်။ ဒီပွဲကို တိုင်းနဲ့ပြည်နယ်အစုံက MPT ရဲ့ဝန်ထမ်းတွေ ကိုယ်စား တက်ရောက်ဖွင့်လှစ်ခွင့်ရရှိတာကိုလည်း ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ တက်ရောက်ချီးမြှင့်အမှာစကားပြောကြားပေးတဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ်၊ ဘောလုံးအဖွဲ့ချုပ်ဥက္ကဌနဲ့ တာဝန်ရှိသူများ အပါအဝင် ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်” ဟု ပြောကြားသွားခဲ့သည်။