ရှမ်းယူနိုက်တက်- စီရက်စ်နီဂရိုး ပွဲမတိုင်မီ ပွဲကြိုမန်နေဂျာအစည်းအဝေးနှင့် သတင်းစာရှင်းလင်းပွဲ အခမ်းအနားပြုလုပ်

January 15, 2018

အေအက်ဖ်စီချန်ပီယံလိဂ် (AFC Champions League 2018 Preliminary Stage) အဖြစ် ရှမ်းယူနိုက်တက်အသင်းနှင့် ဖိလစ်ပိုင်ကလပ် စီရက်စ်နီဂရိုး အသင်းတို့ ဇန်န၀ါရီ ၁၆ ရက်၊ ညနေ ၄ နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
အဆိုပါပြိုင်ပွဲအတွက် ပွဲကြိုမန်နေဂျာအစည်းအဝေးနှင့် သတင်းစာရှင်းလင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ယနေ့ပွဲကြိုအစည်းအဝေးတွင် ဇန်န၀ါရီ ၁၄ ရက်က ကွယ်လွန်သွားခဲ့သည့် မြန်မာ့လက်ရွေးစင်အသင်းနည်းပြချုပ်ဟောင်းနှင့် ရှမ်းယူနိုက်တက်အသင်း နည်းစနစ်ဒါရိုက်တာ ဦးဆန်းဝင်းအတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ် တစ်မိနစ် ငြိမ်သက်ခြင်း အစီအစဉ်ကိုလည်း ပြုလုပ်သွားရန် ဆုံးဖြတ်ခဲ့ပါသည်။

နှစ်ဖက်အသင်းနည်းပြများနှင့် ကစားသမားများ၏ ပွဲကြိုပြောစကားများ

ဦးစိုးမြတ်မင်း (ရှမ်းယူနိုက်တက်အသင်းနည်းပြချုပ်)
“ အာရှချန်ပီယံလိဂ်ဆိုတာ ကျွန်တော်တို့အတွက်မြင့်မားတဲ့ အဆင့်တစ်ခုပါ။ အရမ်းလည်း ခက်ခဲတဲ့ပြိုင်ပွဲတစ်ခုဖြစ်ပါတယ်။ ဖိလစ်ပိုင်ကလပ်ကို အနိုင်ရခဲ့ရင် နောက်တစ်ဆင့်မှာ သြစတြေးလျကလပ်နဲ့ ရင်ဆိုင်ရမယ်။ ထပ်ပြီးအနိုင်ရခဲ့ရင် တရုတ်ကလပ်အသင်းနဲ့ ဆက်ပြီး ခြေစစ်ပွဲ ကစားရအုံးမယ်။ ဒါကြောင့် ခက်ခဲတဲ့ပြိုင်ပွဲပါ။ ဒါပေမယ့် ဒီလိုအသင်းတွေနဲ့ ကစားခွင့်ရတာက အသင်းအတွက် အများကြီး အကျိုးရှိနေပါပြီ။ ကစားသမားတွေအတွက်လည်း အတွေ့အကြုံကောင်းတွေ ရမယ်။ ဒီလိုမှ မကစားရင်လည်း အတွေ့အကြုံတွေ ရလာမှာ မဟုတ်ဘူး။ ပရိသတ်တွေ လာရောက်အာပေးမယ်လို့ မျှော်လင့်ထားပါတယ်။ အမှတ်ပေးပြိင်ပွဲမှာ သရေရလဒ်ထွက်ပေါ်ထားပေမယ့် အကောင်းဆုံးကြိုးစားအားထုတ်ယှဉ်ပြိုင်သွားမှာပါ”

သီဟစည်သူ(ရှမ်းယူနိုက်တက်အသင်းခေါင်းဆောင်)
“ ဖိလစ်ပိုင်ကလပ်အသင်းရဲ့ အားနည်းချက်တွေကို လေ့လာပြီး ဂိုးမပေးရရေး အကောင်းဆုံးပိတ်ဆို့ ကစားသွားမယ်။ နိုင်ငံနိုင်ငံဂုဏ်ဆောင်နိုင်တဲ့ အသင်းတစ်သင်းဖြစ်အောင် အကောင်းဆုံးကြိုးစားသွားမှာပါ”

ရစ်စတိုဗီဒါကိုဗစ် (စီရက်စ်နီဂရိုး အသင်းနည်းပြချုပ်)
“ အမှတ်ပေးပြိုင်ပွဲမစင်ခင် ACL ပွဲလို ခြေစစ်ပွဲအဆင့်ကို ကစားခွင့်ရတာ အသင်းအတွက် အရမ်းကို အကျိုးရှိပါတယ်။ ဒီပွဲအတွက်အကောင်းဆုံးလည်း ပြင်ဆင်ထားပါတယ်။ ကစားသမားတွေကလည်း ရှမ်းအသင်းနဲ့ ပွဲအတွက် စိတ်အားထက်သန်နေပါတယ်။ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအကြောင်း အများကြီး မသိထားပေမယ့် ရှမ်းအသင်းနဲ့ ပတ်သက်လို့တော့ ကျွန်တော် အများကြီး လေ့လာထားပါတယ်။ ရှမ်းအသင်းက အသင်းကောင်းတစ်သင်းပါ။ တစ်ကယ့်ပွဲကောင်းတစ်ပွဲ ဖြစ်လာမှာပါ”

စတီဖင်ရှရော့ခ် (စီရက်စ်နီဂရိုး ကွင်းလယ်ကစားသမား)
“ ဖိလစ်ပိုင်နိုင်ငံကို ကိုယ်စားပြုပြီး အာရှအဆင့်ကို ကစားခွင့်ရတာ ဂုဏ်ယူစရာပါ။ ဒီပွဲအတွက်လည်း စိတ်လှုပ်ရှားမိပါတယ်။ ရှမ်းအသင်းနဲ့ပွဲမှာ အကောင်းဆုံးခြေစွမ်းပြနိုင်မယ်လို့ ယုံကြည်ပါတယ်”