နောက်ကျသွင်းဂိုးနဲ့ မကွေးအသင်းကို အနိုင်ယူပြီး နိုင်ပွဲစတင် ရရှိသွားခဲ့တဲ့ ရှမ်းယူနိုက်တက်

January 19, 2018

MPT Myanmar National League 2018 အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၂ ရဲ့ ပထမဆုံးပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ မကွေးအသင်းနဲ့ ရှမ်းယူနိုက်တက် တို့ရဲ့ ပွဲစဉ်မှာ ရှမ်းယူနိုက်တက်က မကွေးအသင်းကို နောက်ကျသွင်းဂိုးကြောင့် (၂-၃) ဂိုးနဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။

မြန်မာနေရှင်နယ်လိဂ် အသင်းကြီးတွေ ထိပ်တိုက်တွေ့တာ ဖြစ်လို့ မျှော်မှန်းထားသလိုပဲ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ဒီပွဲမှာ ရှုံးသွားခဲ့တဲ့ မကွေးရဲ့ ခြေစွမ်းက ပိုပြီး အထင်ကြီးစရာကောင်းပြီး ရှမ်းကတော့ ကစားသမားကောင်းတွေကြောင့် အနိုင်ရလဒ် ရယူနိုင်ခဲ့တာလို့ ဆိုနိုင်ပါတယ်။ မကွေးအသင်းက ဒီနေ့ပွဲမှာ လူငယ်ကစားသမားတွေကို အဓိက ပွဲထုတ်ခဲ့ပြီး လူငယ်တွေနဲ့ စုဖွဲ့ထားတဲ့ ခံစစ်ကြောင်းက ဒီနေ့ပွဲမှာ ၃ ဂိုးပေးခဲ့ရတယ် ဆိုပေမယ့် ခြုံကြည့်မယ် ဆိုရင်တော့ ကျေနပ်လောက်စရာ စွမ်းဆောင်ရည်တွေ ရှိခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဂိုးသွင်းဘုရင် ဖြစ်ခဲ့တဲ့ ခရစ္စတိုဖာကတော့ ရှမ်းအသင်းရဲ့ အဓိက ဂိုးသွင်းစက် ပီသစွာပဲ ရှမ်းယူနိုက်တက် ရရှိတဲ့ ၃ ဂိုးစလုံးကို ဒိုင်ခံသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဂိုးတွေဒိုင်ခံသွင်းခဲ့တဲ့ ခရစ္စတိုဖာရဲ့ ကွင်းအတွင်း ခြေစွမ်းပိုင်းနဲ့ စိတ်ဓာတ်ပိုင်းကတော့ မေးခွန်းထုတ်ရမယ့် အနေအထားမှာ ရှိနေခဲ့ပါတယ်။

ဒီနေ့ပွဲအတွက် အဖွင့်ဂိုးကို ပွဲချိန် ၁၅ မိနစ်မှာ အောင်မြင့်ထွန်းက မကွေးအတဗွက် သွင်းယူပေးခဲ့ပြီး ခရစ္စတိုဖာက ၃၅ မိနစ်နဲ့ ၅၂ မိနစ်တွေမှာ ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေကို ရှမ်းယူနိုက်တက် အတွက် သွင်းယူပေးခဲ့ပါတယ်။ ပွဲချိန် ၈၄ မိနစ်မှာတော့ ရှမ်းယူနိုက်တက် လူငယ် ကစားသမားဟောင်း စိုးလွင်လွင်က မကွေးအတွက် ချေပဂိုးသွင်းယူပေးခဲ့ပါတယ်။ ဒါပေမဲ့ မကွေးရဲ့ ချေပဂိုးက သိပ်ကြာကြာမခံလိုက်ဘဲ ၈၆ မိနစ် အရောက်မှာ ခရစ္စတိုဖာက အနိုင်ဂိုး ပြန်သွင်းသွားခဲ့တာကြောင့် ပွဲအပြီးမှာ ရှမ်းယူနိုက်တက်က အနိုင်ရခဲ့ပြီး ရာသီအစ နိုင်ပွဲပျောက်ဆုံးနေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။