အိမ်ကွင်းတွင် ဟံသာဝတီယူနိုက်တက်အသင်းကို အနိုင်ယူပြီး အဆင့် ၃ နေရာ တက်လှမ်းလာနိုင်ခဲ့သည့် ရှမ်းယူနိုက်တက်အသင်း

January 28, 2018

ယနေ့ ညနေပိုင်းက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် အိမ်ရှင် ရှမ်းယူနိုက်တက်အသင်းက ဧည့်သည်ဟံသာဝတီယူနိုက်တက်အသင်းကို
၂- ၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

လက်ရှိအမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်းအနေဖြင့် အဆိုပါ အနိုင်ရလဒ်ကြောင့် အမှတ်ပေးဇယား အဆင့်လေးနေရာမှ အဆင့် ၃ နေရာသို့ တက်လှမ်းလာနိုင်ခဲ့သည်။

အိမ်ရှင် ပရိသတ်ရှေ့မှောက်တွင် ယှဉ်ပြိုင်ခဲ့သည့် ထိုပွဲစဉ်တွင် ရှမ်းအသင်းအတွက် ဂိုးများကို တိုက်စစ်မှူး ဒွေးကိုကိုချစ်က ပွဲအစ ၇ မိနစ်နှင့် အခြား တိုက်စစ်မှူး တစ်ဦးဖြစ်သည့် ဇင်မင်းထွန်းက ဒုတိယပိုင်း ၅၈ မိနစ်တို့တွင် သွင်းယူပေးခဲ့သည်။
ဧည့်သည်ဟံသာဝတီယူနိုက်တက်အသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို အချိန်ပို ၉၀+၃ မိနစ်တွင် ကွင်းလယ်လူ မက်ဆာကီက ရယူပေးခဲ့ခြင်းဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်းမှာ ပွဲစဉ်(၄) တွင် ရတနာပုံအက်ဖ်စီအသင်းနှင့် အိမ်ကွင်းတွင် ယှဉ်ပြိုင်သွားရမည်ဖြစ်ပြီး ဟံသာဝတီယူနိုက်တက်အသင်းမှာ မကွေးအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။