ချန်ပီယံခြေစွမ်းအတွက် မှတ်ကျောက်တင်ခံရမယ့် ရှမ်းနဲ့… အိမ်ကွင်းမှာ ရလဒ်ကောင်းရဖို့ ရုန်းကန်ရမယ့် ဧရာဝတီ….

February 2, 2018

“ရှမ်းတောင်တန်းကြီး တုန်ဟီးသွားလောက်အောင် ကျယ်လောင်စွာ အောင်ပွဲခံမယ့် အသင်းက ” . . . .

MPT ရဲ့ အဓိက Partnership အဖြစ် ပံ့ပိုးထားမှုနဲ့ အပတ်စဉ် ကျင်းပလာတဲ့ MPT Myanmar National League 2018 ပြိုင်ပွဲကြီး ကျင်းပလာတာဟာ ပွဲစဉ် (၄) အထိ အောင်မြင်စွာ ရောက်ရှိလာခဲ့ပါပြီ။
ပွဲစဉ်(၃) အပြီးအထိ ရာနှုန်းပြည့်နိုင်ပွဲတွေနဲ့ ဖြတ်သန်းခဲ့တဲ့အသင်းတွေက ရတနာပုံနဲ့ ရန်ကုန် နှစ်သင်းတည်းသာ ရှိနေပါတယ်။ လက်ရှိချန်ပီယံ ရှမ်းအသင်းက နှစ်ပွဲနိုင်၊ တစ်ပွဲသရေ ရလဒ်ကို ပိုင်ဆိုင်ခဲ့ပြီး နာမည်ကြီးဧရာဝတီအသင်းကတော့ လတ်တလောအချိန်အထိ နိုင်ပွဲရဲ့ အရသာကို မြည်းစမ်းခွင့် မရသေးပါဘူး။

ဒါ့အပြင် ရခိုင်၊ ဆောက်သမ်းနဲ့ တန်းတက် အသင်းတွေဖြစ်တဲ့ စစ်ကိုင်းယူနိုက်တက်နဲ့ မြ၀တီအသင်းတို့လည်း နိုင်ပွဲတွေနဲ့ ထိတွေ့ခွင့် မရသေးတာပါ။ ဒါကြောင့် ယခုတစ်ပတ်မှာ နိုင်ပွဲတွေနဲ့ ခရီးဆက်မှာက ဘယ်အသင်းတွေလဲ…. ရလဒ်ဆိုး ၀ဲဂယက်ကြားမှာ ဆက်လက်ရုန်းကန်ရဦးမှာ ဘယ်အသင်းတွေလဲ….။

၃-၂-၂၀၁၈
ဧရာဝတီယူနိုက်တက်-ရန်ကုန်ယူနိုက်တက် – ၃း၃၀ (ပုသိမ်)- MRTV & For Sports
ရာသီသစ်မှာ ပုံစံကောင်းပြသဖို့ ရုန်းကန်နေရပြီး နိုင်ပွဲ မရသေးတဲ့ ဧရာဝတီအတွက် ရန်ကုန်အသင်းနဲ့ တွေ့ဆုံနေတာဟာ ကံဆိုးမှု တစ်ခုအဖြစ် ကင်ပွန်းတပ်မယ်ဆို လွန်အံ့မထင်ပါဘူး။ သုံးပွဲကစား နှစ်ပွဲသရေ၊ တစ်ပွဲရှုံး ရလဒ်က ဧရာဝတီအတွက် အဆိုးရွာဆုံး မဟုတ်ပေမယ့် မြန်မာနေရှင်နယ်လိဂ်ရဲ့ အစဉ်အလာအသင်းကြီး တစ်သင်း စာရင်းဝင်အဖြစ်က သွေဖယ်မသွားဖို့ အတွက်တော့ နိုင်ပွဲစတင်ရရှိဖို့ လိုအပ်နေပါပြီ။ ဒါ့အပြင် လတ်တလော မြန်မာနေရှင်နယ်လိဂ်ရဲ့ ပေးဂိုးအများဆုံး နှစ်သင်းထဲမှာ တစ်သင်းအပါအ၀င် ဖြစ်နေတာလည်း နည်းပြချုပ် ဦးကျော်လွင်အတွက် စိတ်မချမ်းမြေ့ဖွယ်ရာ ရလဒ်တစ်ခု ဖြစ်နေမှာပါ။
ရန်ကုန်အသင်းကတော့ ရာနှုန်းပြည့်နိုင်ပွဲတွေနဲ့ ချီတက်နေဆဲဖြစ်ပါတယ်။ ခံစစ်ပိုင်းကလည်း စီနီယာနောက်ခံလူတွေ မပါဝင်တော့ပေမယ့် နှစ်ဂိုးသာ ပေးထားရတဲ့ အသင်းပါ။ ဒါ့အပြင် တိုက်စစ်ပိုင်းကလည်း ၇ ဂိုးအထိ ရယူထားနိုင်တဲ့အသင်း ဖြစ်လို့ တိုင်းဧရာဆီကို ယုံကြည်မှုအပြည့်နဲ့ ခရီးနှင်လာမှာ အသေအချာပါ။ ဒီနှစ်သင်းရဲ့ နောက်ဆုံးလေးကြိမ် တွေ့ဆုံမှုမှာ နှစ်ပွဲစီနိုင်ပြီး နှစ်ပွဲသရေကျထားတာ တွေ့ရပါတယ်။ မနှစ်က ဒုတိယအကျော့ ပုသိမ်ကွင်းမှာ တစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ထားပါတယ်။ ရန်ကုန်အသင်း ကတော့ တစ်ဖက်က ရှမ်း-ရတနာပုံ ထိပ်တိုက်တွေ့ဆုံနေမှုကို အခွင့်အရေးယူပြီး အမှတ်ရအောင် ကြိုးစားလာမှာဖြစ်လို့ အိမ်ကွင်းမှာ ဧရာဝတီအသင်း ရုန်းကန်ရနိုင်ပါတယ်။

၃-၂-၂၀၁၈
ဇွဲကပင်ယူနိုက်တက်-ရခိုင်ယူနိုက်တက်- ၄း၀၀(သုဝဏ္ဏ)- FB Live
တစ်ပွဲနိုင်၊ တစ်ပွဲသရေ၊ တစ်ပွဲရှုံး ရလဒ်နဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေတဲ့ ဇွဲကပင်အသင်းအနေနှဲ့နှစ်ပွဲသရေ၊ တစ်ပွဲရှုံး ရလဒ်နဲ့ နိုင်ပွဲမရသေးတဲ့ ရခိုင်ယူနိုက်တက်အသင်းတို့ ထိပ်တိုက်တွေ့ဆုံနေတာပါ။ ခြေညီတဲ့ နှစ်သင်းလို့လည်း ပြောနိုင်ပါတယ်။ ဒါကြောင့် ဒီပွဲစဉ်ဟာ အကြိတ်အနယ်ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာ မလွဲမသွေပါ။ ပြီးခဲ့တဲ့ရာသီ ဒီနှစ်သင်းတွေ့ဆုံမှုမှာ ရခိုင်အသင်းက နှစ်ကျော့စလုံး တစ်ဂိုးအသာနဲ့ နိုင်ပွဲ ရရှိထားပါတယ်။

၃-၂-၂၀၁၈
စစ်ကိုင်းယူနိုက်တက်-ဂျီအက်ဖ်အေအက်ဖ်စီ- ၃း၃၀(မုံရွာ)
ကစားပုံကောင်းပြီး နိုင်ပွဲမရသေးတဲ့ စစ်ကိုင်းယူနိုက်တက်အသင်းနဲ့ အဆင့် ၄ နေရာက ဂျီအက်ဖ်အေ အသင်းတို့ ထိပ်တိုက်တွေ့ဆုံနေတာပါ။ စစ်ကိုင်းယူနိုက်တက်အသင်းအတွက် လာမယ့်ပွဲစဉ်ဟာ အိမ်ကွင်းသုံးပွဲမြောက် လက်ခံယှဉ်ပြိုင်ရမယ့် ပွဲစဉ်လည်း ဖြစ်ပါတယ်။ နည်းပြချုပ် ဦးဇော်လင်းထွန်း(၂) ရဲ့ စစ်ကိုင်းအသင်းအနေနဲ့ အိမ်ကွင်း ပရိသတ်တွေအတွက် နိုင်ပွဲ မဖြစ်မနေ ရှာဖွေရတော့မယ့် ပွဲစဉ်ဖြစ်လာပါပြီ။ ဂျီအက်ဖ်အေ အသင်းဆိုတာ စစ်ကိုင်းယူနိုက်တက်အတွက် ပြိုင်ဘက်ကောင်းတစ်သင်း ဖြစ်လို့ ဒီပွဲစဉ်ဟာ ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲဖြစ်ဖို့ မျှော်လင့်နိုင်မှာပါ။ အိမ်ရှင်အသင်းရဲ့ နိုင်ပွဲဆာလောင်မှု…. ပွဲစဉ်(၃) မှာ ရှုံးပွဲကြုံတွေ့ခဲ့တဲ့ ဂျီအက်ဖ်အေရဲ့ အဝေးကွင်း ရုန်းကန်အားတွေကြောင့် အကြိတ်အနယ် ပွဲစဉ်တစ်ပွဲက အနောက်မြောက်တိုင်းမြို့တော် မုံရွာမြေမှာ မြင်တွေ့ရဖို့ ရှိနေပါတယ်။

၎-၂-၂၀၁၈

ရှမ်းယူနိုက်တက်-ရတနာပုံအက်ဖ်စီ- ၃း၃၀(တောင်ကြီး)- MRTV & For Sports
ဒီတစ်ပတ် မြန်မာနေရှင်နယ်လိဂ် ရပ်ဝန်းရဲ့ စောလျင်စွာ သိချင်နေမိတဲ့ အဖြေတစ်ခုအတွက် ရှမ်း-ရတနာပုံ ပွဲစဉ်က မကြာခင် အဖြေထုတ်ပေးတော့မှာပါ။ ဒီတစ်ပတ်ရဲ့ စောင့်ကြည့်ချင်စရာ အကောင်းဆုံးပွဲတစ်ပွဲအဖြစ် တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်းက ပရိသတ်တွေကို စောင့်ကြိုလို့ နေပါပြီ။
ရှမ်းအသင်းအနေနဲ့ ပွဲဦးထွက်မှာ သရေရလဒ်သာ ရရှိခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ်ပွဲဆက်မှာ အမှားအယွင်း မရှိခဲ့ပါဘူး။ တစ်ဖက်မှာ ဧည့်သည် ရတနာပုံအသင်းဆိုတာလည်း ရာနှုန်းပြည့်နိုင်ပွဲတွေနဲ့ အမြင့်ကိုပျံသန်းနေတဲ့အသင်းပါ။ ပွဲစဉ်(၃) အထိတော့ မန္တလာသားတွေ လျှောက်သောလမ်းဟာ အတားအဆီးမရှိ ဖြောင့်ဖြူးနေဆဲပါပဲ။ ဒါကြောင့် ရှမ်းအသင်းအနေနဲ့ အိမ်ကွင်းမှာ ခြေစွမ်းပြနိုင်မလားဆိုတာလည်း စောင့်ကြည့်ချင်စရာပါ…။ အလားတူပဲ ဒီတစ်ကြိမ် ရတနာပုံရင်ဆိုင်ရမယ့် အသင်းက လွယ်လင့်တကူ ကျော်ဖြတ်လို့ ရမယ့် အသင်းတော့ မဖြစ်တန်ရာပါဘူး။ လက်ရှိချန်ပီယံ ဂုဏ်ပုဒ်ကို စောင့်ထိန်းရမယ့် ရှမ်းအသင်းနဲ့ ရင်ဆိုင်ရမှာပါ။ ဒီပွဲစဉ်မှာ ရှမ်းအသင်းက ပြည်ပကစားသမားတွေဖြစ်တဲ့ တိုက်စစ်မှူး ပက်ထရစ်၊ ၀ီလျံတို့ အနေနဲ့ အသင်းဟောင်းကို ပြန်လည်ရင်ဆိုင်ရမယ့် ပွဲစဉ်ဖြစ်ပါတယ်။ ဒါ့အပြင် အသင်းဟောင်းနဲ့ ပြန်လည် တွေ့ဆုံနေတဲ့ ပြည်တွင်းကစားသမားတွေလည်း ရှိနေလို့ ဒီပွဲစဉ်ဟာ သာမန်ပွဲစဉ်တစ်ပွဲထက် ပိုမိုလာမှာ သေချာပါတယ်။ ဒီနှစ်သင်းရဲ့ နောက်ဆုံးလေးကြိမ် တွေ့ဆုံမှုမှာ ဘယ်အသင်းကမှ အသာရထားတာ မတွေ့ရဘဲ တစ်ပွဲစီနိုင်ပြီး နှစ်ပွဲသရေရလဒ်နဲ့ ပြီးဆုံးထားပါတယ်။ ကစားသမားကောင်းတွေ ပိုင်ဆိုင်ထားပြီး ခြေညီတဲ့ နှစ်သင်းဖြစ်လို့ ပွဲကောင်းတစ်ပွဲလည်း ဖြစ်လာမှာပါ။
ရှမ်းတောင်တန်းကြီး တုန်ဟီးသွားလောက်အောင် ကျယ်လောင်စွာ အောင်ပွဲခံမယ့် အသင်းက အိမ်ရှင်လား…. ဧည့်သည်လား ဆိုတာလည်း စိတ်ဝင်စားစရာပါပဲ…။

၎-၂-၂၀၁၈

ဆောက်သမ်းမြန်မာ-မြ၀တီအက်ဖ်စီ- ၃း၃၀ (မော်လမြိုင်) – FB Live
ရာသီသစ်မှာ နိုင်ပွဲမရကြသေးတဲ့ ဆောက်သမ်းမြန်မာနဲ့ မျက်နှာသစ် မြ၀တီအသင်းတို့ ရာမညမြေမှာ တွေ့ဆုံနေတာ ဖြစ်ပါတယ်။ အိမ်ရှင် ဆောက်သမ်းအသင်းအနေနဲ့ သုံးပွဲကစားပြီးချိန်မှာ နိုင်ပွဲ မရသေးလို့ အဆင့် ၉ နေရာမှာ ရပ်တည်နေပါတယ်။ ပြည်တွင်းလက်ရွေးစင်ဟောင်းတွေနဲ့ လူငယ်ခြေတက် ကစားသမားတွေ ပိုင်ဆိုင်ထားပေမယ့် နိုင်ပွဲမရသေးတာက ဆောက်သမ်းအသင်း အဖြေထုတ်ရမယ့် ပုစ္ဆာတစ်ခုပါ။ ဒါပေမယ့် အသစ်ခေါ်ယူထားတဲ့ ပြည်ပကစားသမားတွေ ခြေစွမ်းမပြနိုင်သေးတာလည်း ထွက်ပေါ်နေတဲ့ ရလဒ်တွေနဲ့ သက်ဆိုင်နေမယ်ထင်ပါတယ်။ မြ၀တီအသင်းကတော့ သုံးပွဲကစားပြီးချိန်အထိ ရဂိုး မရှိသေးဘဲ ပေးဂိုး လေးဂိုးခွင့်ပြုထားရပါတယ်။ အဆင့်ရပ်တည်မှုအနေအထားမှာလည်း ၁၂ နေရာကို ရောက်ရှိနေပါတယ်။ ဒါကြောင့် ကစားသမားအင်အား၊ အတွေ့အကြုံပိုင်း သာလွန်တဲ့ အိမ်ရှင်အသင်း နိုင်ပွဲ စတင်ထိတွေ့ခွင့်ရမယ့် ပွဲစဉ်လည်း ဖြစ်လာဖွယ်ရှိနေပါတယ်။

၎-၂-၂၀၁၈

မကွေးအက်ဖ်စီ-ဟံသာဝတီယူနိုက်တက်- ၄း၀၀(သုဝဏ္ဏ) – FB Live
ခြေညီတဲ့ နှစ်သင်း တွေ့ဆုံနေတဲ့ပွဲစဉ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် မကွေးအသင်းက လတ်တလောမှာ အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး ဟံသာဝတီအသင်းကတော့ အဆင့် ၇ နေရာမှာ ရပ်တည်နေပါတယ်။ ဒါ့အပြင် နောက်ဆုံး လေးကြိမ် တွေ့ဆုံရာမှာလည်း မကွေးအသင်းက နှစ်ပွဲနိုင်ပြီး၊ နှစ်ပွဲသရေ ရလဒ်ထွက်ပေါ်ထားလို့ မကွေးအသင်းက အသာရထားပြန်ပါတယ်။ ဒါပေမယ့် မကွေးအသင်းက ပြည်တွင်းကစားသမားတွေနဲ့သာ ယှဉ်ပြိုင်လာမှာဖြစ်ပြီး ဟံသာဝတီအသင်းကတော့ ပြည်တွင်း၊ပြည်ပ ကစားသမားပေါင်းစပ်ပြီး ရလဒ်ကောင်းဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းလာမှာပါ….။