အကြိတ်အနယ်ကစားပြီး နှစ်ဂိုးစီ သရေရလဒ် ထွက်ပေါ်ခဲ့သည့် ဧရာဝတီယူနိုက်တက်-ရန်ကုန်ယူနိုက်တက်

February 3, 2018

~ပွဲစဉ်(၄) ပထမနေ့ အပြီး ရန်ကုန်အသင်းအမှတ်ပေး ဇယားထိပ်ဆုံးနေရာသို့ တက်ရောက်~

MPT Myanmar National League 2018 Week 4 ပွဲစဉ်တစ်ပွဲအဖြစ် ဧရာဝတီယူနိုက်တက်အသင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ်တွင် အပြန်အလှန်သွင်းဂိုးများဖြင့် ပွဲကောင်းတစ်ပွဲဖြစ်ခဲ့ပြီး တစ်ဖက်နှစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့သည်။
အပြန်အလှန်သွင်းဂိုးများဖြင့် ရသမြောက် ပွဲစဉ်တစ်ပွဲဖြစ်ခဲ့သည့် ဧရာဝတီ-ရန်ကုန်ပွဲစဉ်၌ အိမ်ရှင်အသင်းအတွက် နောက်ခံလူ အောင်ဟိန်းကျော်က ပွဲချိန် ၁၅ မိနစ်တွင် ဦးဆောင်ဂိုး သွင်းယူပေးခဲ့ပြီး ရာသီသစ်အတွက် ပထမဦးဆုံးနိုင်ပွဲ မျှော်လင့်ချက်ကို စတင်အသက်သွင်းခဲ့သည်။
သို့ သော် ထိုမျှော်လင့်ချက်မှာ ပြိုင်ဘက်အသင်းတိုက်စစ်မှူး ဆိုင်လာ၏ ချေပဂိုးကြောင့် ၃ မိနစ်ခန့် သာ ကြာခဲ့သည်။
ထို့ ပြင် ပွဲချိန် ၂၇ မိနစ်တွင် ဧရာဝတီအသင်းမှ အီဒူဘတ် ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့သည့် ဂိုးကြောင့် ရန်ကုန်အသင်းက ပထမပိုင်းအပြီး ၂-၁ ဂိုးဖြင့် ပွဲကို ဦးဆောင်နေခဲ့သည်။
ဒုတိယပိုင်းပြန်လည် စတင်ချိန်တွင် ဧရာဝတီအသင်း၏ နိုင်ပွဲတစ်ပွဲရရှိရေးအတွက် ကြိုးစားအားထုတ်မှုကြောင့် ပွဲမှာပိုမို အကြိတ်အနယ်ရှိလာခဲ့ပြီး ၅၈ မိနစ်တွင် အိမ်ရှင်အသင်း ချေပဂိုး ရရှိခဲ့သည်။

အိမ်ရှင်အသင်း ပရိသတ်များ၏ အားပေးသံများ ပိုမိုကျယ်လောင်သွားစေခဲ့သည့် ချေပဂိုးကို တိုက်စစ်မှူး ကက်ဆီယိုက ရယူပေးခဲ့သည်။ ကက်ဆီယိုမှာ ယနေ့ ပွဲစဉ်တွင် အဆိုပါ သွင်းဂိုးတစ်ဂိုးအပြင် အပိုင်အခွင့် အရေးများ ရရှိခဲ့သော်လည်း ထပ်မံ အသုံးချနိုင်ခဲ့ခြင်း မရှိချေ။ ထို့ ပြင် ရန်ပိုင်စိုး | အေးကိုကိုမောင်| ဖြိုးကိုကိုသိန်းတို့ ၏ တိုက်စစ်ဆင်မှုများ ဂိုးရလုနီးပါးဖြစ်ခဲ့သော်လည်း အဆုံးသတ် အားနည်းခဲ့သည်။

ပွဲစဉ် (၄) တွင် ရှမ်း-ရတနာပုံ ထိပ်တိုက်တွေ့ ဆုံနေမှုကို အခွင့်အရေးသဖွယ် အသုံးချရန် ပြင်ဆင်လာသည့် ရန်ကုန် အသင်းအနေဖြင့် ဒုတိယပိုင်းတွင် လူစားလဲမှု အချို့ ပြုလုပ် ယှဉ်ပြိုင်ခဲ့သော်လည်း အဆုံးသတ် မသေချာမှု ကြောင့် ယခုနှစ်ရာသီ ပထမဦးဆုံး သရေပွဲတစ်ပွဲကို ကြုံတွေ့ စေခဲ့သည်။
သို့ သော် ရန်ကုန်အသင်းအနေဖြင့် သရေပွဲကြုံ တွေ့ ခဲ့ရသော်လည်း ပွဲစဉ် (၄) ဒုတိယနေ့  ပြိုင်ပွဲများ မတိုင်မီ
ရမှတ် ၁၀ မှတ်ဖြင့် အမှတ်ပေးဇယားကို ဦးဆောင်ခွင့် ရရှိသွားခဲ့သည်။
ဧရာဝတီအသင်းမှာ ရာသီအစ အိမ်ကွင်းသုံးပွဲဆက် သရေပွဲကြုံတွေ့ ခဲ့ရပြီး ရမှတ် သုံးမှတ်ဖြင့် အဆင့် ၁၀ နေရာတွင် ရပ်တည်လျှက်ရှိနေသည်။

ဧရာဝတီယူနိုက်တက် ၂-၂ ရန်ကုန်ယူနိုက်တက် ပွဲစဉ်မှ ပုံရိပ်များ။
Ayeyawady United 2-2 Yangon United (FT)