၂၀၁၈ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲအတွက် မဲခွဲပွဲပြုလုပ်

February 6, 2018

ပထမအဆင့် ရှုံးထွက်ပွဲများကို မေလ ၁၂ ရက်တွင် စတင်ကစားမည် ဖြစ်ပြီး ဗိုလ်လုပွဲရောက်နှစ်သင်း ကွာတားဖိုင်နယ်မှ စတင်ကစားရမည်

၂၀၁၈ ခုနှစ်အတွက် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲကြီး၏ မဲခွဲပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁း၃၀ နာရီက မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် တည်ရှိရာ Goal Hotel အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်မှ ဦးစီးဦးဆောင် ပုဂ္ဂိုလ်များ၊ မြန်မာဘရူဝါရီ လိမိတက်၊ MPT Joint Operation၊ 100 Plus အစရှိသည့် စပွန်ဆာ ကုမ္ပဏီများမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ သက်ဆိုင်ရာ ကလပ်အသင်းများမှ တာဝန်ရှိသူများ၊ မီဒီယာများ တက်ရောက်ခဲ့ကြသည်။

၂၀၁၈ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ဘောလုံးပြိုင်ပွဲကို မြန်မာနေရှင်နယ်လိဂ်-၂ မှ ကလပ်အသင်း ၇ သင်း၊ မြန်မာနေရှင်နယ်လိဂ်-၁ မှ ကလပ်အသင်း ၁၂ သင်း စုစုပေါင်း ကလပ်အသင်း ၁၉ သင်း ပါဝင်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။

ပထမအဆင့် ပွဲစဉ်များကို မေလ ၁၂ ရက်နှင့် ၁၃ ရက်များတွင် ကျင်းပသွားမည် ဖြစ်ပြီး လိဂ်-၂ မှ ကလပ်အသင်း ၇ သင်းနှင့် လိဂ်-၁ မှ ကလပ်အသင်း ၃ သင်း စုစုပေါင်း ၁၀ ပါဝင်ယှဉ်ပြိုင်မည် ဖြစ်သည်။ ယင်းအဆင့်ကို ဖြတ်ကျော်နိုင်ခဲ့သည့် အသင်းများအနေဖြင့် ဒုတိယအဆင့် ရှုံးထွက်ပွဲများ အဖြစ် မေလ ၃၀ ရက်နှင့် ဇွန်လ ၆ ရက်များတွင် ကွာတားဖိုင်နယ် အဆင့်မှ ပါဝင်လာမည့် ရန်ကုန်၊ ရှမ်းယူနိုက်တက် အသင်းများမှ လွဲ၍ ကျန် လိဂ်-၁ အသင်းများနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။

ကွာတားဖိုင်နယ် ပွဲစဉ်များကို ဇွန်လ ၁၃ ရက်နှင့် ၂၀ ရက်များတွင် ဆက်လက် ကျင်းပသွားမည် ဖြစ်ပြီး ယင်းအဆင့်မှ စတင်ကာ ပြီးခဲ့သည့် နှစ်က ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည့် ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက် အသင်းများ ပါဝင်လာမည် ဖြစ်သည်။ ကွာတားဖိုင်နယ် အဆင့်ကို ကျော်ဖြတ်နိုင်ခဲ့သည့် အသင်းများ အနေဖြင့် ဆီမီးဖိုင်နယ် အဆင့်သို့ ဆက်လက် တက်ရောက်ခွင့် ရမည် ဖြစ်ပြီး ဆီမီးဖိုင်နယ် အဆင့်ကို ယခင်နှစ်မျာအတိုင်း အိမ်ကွင်းအဝေးကွင်း စနစ်ဖြင့် နှစ်ကျော့ ကျင်းပသွားမည် ဖြစ်သည်။ ဆီမီးဖိုင်နယ် ပထမအကျော့ ပွဲများကို ဇူလိုင် ၂၁ နှင့် ၂၂ များတွင် လည်းကောင်း၊ ဒုတိအကျော့ ပွဲများကို စက်တင်ဘာ ၁၈ နှင့် ၁၉ ရက်များတွင်လည်းကောင်း ကျင်းပသွားမည် ဖြစ်သည်။ နောက်ဆုံးဗိုလ်လုပွဲကိုမူ စက်တင်ဘာ ၃၀ ရက်တွင် နှစ်စဉ်ကျင်းပနေကြဖြစ်သည့် အောင်ဆန်းအားကစား ကွင်းကြီး၌ပင် တစ်ကျော့တည်း ကျင်းပသွားမည် ဖြစ်သည်။

ဗိုလ်ချုပ်အောင်ဆန်းဒိုင်းဆု ရှုံးထွက်ပွဲများကို ကျင်းပရာတွင် ရှုံးထွက်ပွဲများ ဖြစ်သောကြောင့် နှစ်ကျော့ကစားရမည့် ဆီမီးဖိုင်နယ် ပွဲများမှ လွဲ၍ ကျန်ပွဲများကို ပြတ်သားသည့် ရလဒ်ထွက်ပေါ်သည် အထိ ယှဉ်ပြိုင်ကစားစေမည် ဖြစ်သည်။ သို့ဖြစ်ရာ သာမာန် ပွဲကစားချိန်အတွင်း သရေကျနေပါက အချိန်ပို ဆက်ကစားရမည် ဖြစ်ပြီး အချိန်ပို ပြီးဆုံးသည် အထိ ရလဒ် မပြတ်သားပါက ပင်နယ်တီ ကန်သွင်း ဆုံးဖြတ် ရမည် ဖြစ်သည်။ ဆီမီးဖိုင်နယ် ပွဲများကိုမူ နှစ်ကျော့ပေါင်း ဂိုးရလဒ်နှင့် ဆုံးဖြတ်သွားမည် ဖြစ်ပြီး အဝေးဂိုးစည်းမျဉ်း ပါဝင်လာမည် ဖြစ်သည်။