AFC Club Licensing Criteria များဖြည့်ဆည်း ဆောင်ရွက်ထားနိုင်မှုနှင့် ပတ်သက်၍ AFC ကိုယ်စားလှယ်အဖွဲ့ မလာရောက်မီ ကလပ်အသင်များ၏အခြေအနေအား MNL CEO နှင့် အဖွဲ့ ကြိုတင်သွားရောက်ကြည့်ရှု

February 7, 2018

မြန်မာနေရှင်နယ်လိဂ်အသင်းများအနက် AFC ပြိုင်ပွဲဝင်ခွင့်ရရှိထားသည့် ရှမ်းယူနိုက်တက်၊ ရန်ကုန်ယူနိုက်တက်နှင့် ရတနာပုံအသင်းများ၏ ၂၀၁၇ ခုနှစ်အတွင်းက AFC Club Licensing Criteria များအား ဖြည့်ဆည်းဆောင်ရွက်ထားခဲ့မှုအခြေအနေများ အနက် Finance နှင့် Legal Criteria နှင့် အခြားလိုအပ်ချက်များအား ဖြည့်ဆည်းဆောင်ရွက်ထားရှိခဲ့မှု အခြေအနေများကို စစ်ဆေးကြည့်ရှုရန် အာရှဘောလုံးအဖွဲ့ချုပ်(AFC) မှ Spot Check ပြုလုပ်မည့် ကိုယ်စားလှယ်အဖွဲ့ဝင်များသည် မြန်မာနိုင်ငံသို့ ဖေဖော်ဝါရီလ ၂၄ ရက်မှ ၂၇ ရက်နေ့ထိ လာရောက်မည်ဖြစ်ရာ ယင်းအသင်းများ၏ ပြင်ဆင်ဆောင်ရွက်ထားမှု များကို ပဏာမကြိုတင်စစ်ဆေးပြီး လိုအပ်သည်များကိုကြိုတင်ဆောင်ရွက်ထားနိုင်ရေး အကြံပြုနိုင်ရန် အတွက် မြန်မာနေရှင်လိဂ် အမှုဆောင်အရာရှိချုပ်နှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းမှ စတင်၍ အဆိုပါ ကလပ်အသင်း ၃ သင်းသို့ သွားရောက်ခဲ့ပြီး အသင်းတာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးပြီး လိုအပ်သည်များကို အကြံပြု ဆွေးနွေးခဲ့သည်။

မြန်မာနေရှင်နယ်လိဂ်အမှုဆောင်အရာရှိချုပ်ဦးစိုးမိုးကျော်သည် MNL Club Licensing နှင့်ပါတ်သက်သည့် ပဏာမစိစစ်ရေးအဖွဲ့ (First Instance Body – FIB) ဥက္ကဌ ဦးတင်အောင်(ဂိုး)၊ FIB အဖွဲ့ ဝင် ဗဟိုတရားရုံးချုပ်ရှေ့ နေ ဦးဇော်မင်းစိန်| အယူခံဘုတ်အဖွဲ့(Appeals Body-AB) ဥက္ကဌဦးလှရွှေလေး နှင့် MFF Club Licensing Manager ဦးမိုးသွင်ထွန်းတို့နှင့်အတူ ယနေ့နံနက် ၁၀ နာရီတွင် လမ်းမတော်မြို့နယ်ရှိ ရတနာပုံအသင်းရုံးသို့ ရှေးဦးစွာ သွားရောက် စစ်ဆေးခဲ့ရာ အသင်းအထွေထွေ မန်နေဂျာ ဦးအောင်ဟိန်းခိုင်နှင့် သက်ဆိုင်ရာကဏ္ဍအလိုက် မန်နေဂျာများက အသင်းသမိုင်းကြောင်း အကျဉ်းအပါ အဝင် Club Licensing နဲ့ပါတ်သက်ပြီး စီမံဆောင်ရွက်ခဲ့မှု အခြေအနေများကို အသေးစိတ် ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် MNL CEO နှင့်အဖွဲ့သည် မွန်းလွဲ ၁၂ နာရီတွင် လှိုင်မြို့နယ်ရှိ ရန်ကုန်ယူနိုက်တက်အသင်း၏ YUSC ကွင်း သို့ရောက်ရှိရာ အသင်းအထွေမန်နေဂျာ ဦးစောခရစ်ယာန်လော၊ ဒုတိယအထွေထွေမန်နေဂျာ၊ စီနီယာအသင်းမန်နေဂျာနှင့် သက်ဆိုင်ရာ မန်နေဂျာများက ကြိုဆိုနူတ်ဆက်ကြပြီး အသင်းသမိုင်းကြောင်းအကျဉ်း၊ Club Licensing နှင့် ပါတ်သက်၍ စီမံဆောင်ရွက်မှုအခြေအနေများ၊ ကလပ်အသင်း ဝင်ငွေရရှိအောင်စီမံဆောင်ရွက်နေသည့် အခြေအနေများနှင့် အသင်း Facilities များ၊ တိုးချဲ့တည်ဆောက်ထားသော လေ့ကျင့်ရေးကွင်းနှင့် ဖူဆယ်ကွင်းသစ်များကို အသေးစိတ် လိုက်လံ ရှင်းလင်း တင်ပြခဲ့သည်။

ယင်းနောက် MNL CEO နှင့်အဖွဲ့သည် ပုလဲမြို့သစ်ရှိ ရှမ်းယူနိုက်တက်အသင်းရုံးသို့ ညနေပိုင်းတွင်ရောက်ရှိရာ အသင်းမီဒီယာနှင့် Club Licensing Officer ဦးအောင်ပိုင်နှင့် အသင်းတာဝန်ရှိသူများက Club Licensing Criteria များအား ဖြည့်ဆည်း ဆောင်ရွက်ခဲ့မှုနှင့် ပါတ်သက်၍ ရှင်းလင်းတင်ပြရာ MNL CEO ၊ FIB ဥက္ကဌနှင့် AB ဥက္ကဌတို့က ကြိုတင်ပြင်ဆင်ထားရန် လိုအပ်သည်များကို အကြံပြု ဆွေးနွေး မှာကြား ခဲ့သည်။