မြေလတ်သားတို့ မန္တလာမြေမှာ အောင်ပွဲခံ~ အိမ်ကွင်းရှုံးပွဲကြောင့် အမှတ်ပေးဇယားထိပ်ဆုံး နေရာက ဖယ်ပေးလိုက်ရသည့် ရတနာပုံအက်ဖ်စီ~

February 10, 2018
MPT Myanmar National League 2018 ပွဲစဉ်(၅) ပွဲစဉ်တစ်ပွဲအဖြစ် ယနေ့ ညနေပိုင်းက မန္တလေးမြို့ရှိ မန္တလာသီရိအားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သော ပွဲစဉ်တွင် မကွေးအက်ဖ်စီ အသင်းက တစ်ဂိုး၊ ဂိုးမရှိဖြင့် အိမ်ရှင် ရတနာပုံအသင်းကို အနိုင်ရရှိခဲ့သည်။
 
မကွေးအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို အချိန်ပို ၉၀+၃ မိနစ်တွင် တိုက်စစ်မှူး မောင်မောင်စိုးက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။
 
အဆိုပါ ရလဒ်ကြောင့် ရတနာပုံအသင်းက အဆင့် ၃ နေရာသို့ ရောက်ရှိသွားခဲ့ပြီး မကွေးအသင်းမှာ ရတနာပုံအသင်းနှင့် အတူ ရမှတ်တူ ဂိုးကွာခြားချက်ဖြင့် အဆင့် ၄ နေရာတွင် ရပ်တည်လျက်ရှိသည်။
အိမ်ရှင်ရတနာပုံအသင်းမှာ ပွဲချိန်တစ်လျှောက် မကွေးအသင်းအပေါ် ဖိအားပေး ကစားနိုင်ခဲ့သော်လည်း ပွဲပြီးရန် မိနစ်ပိုင်းအလိုတွင် ခွင့်ပြုခဲ့ရသည့် ဂိုးကြောင့် ယခုနှစ်ရာသီ ပထမဆုံးရှုံးပွဲ ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။
 
ဧည့်သည် မကွေးအသင်းမှာမူ ယခုပွဲစဉ်အပါအ၀င် သုံးပွဲဆက် နိုင်ပွဲ ရရှိကာ ၎င်းတို့၏ ပုံစံကောင်းကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့သည်။