အပြန်အလှန်သွင်းဂိုးများနှင့်အတူ စစ်ကိုင်းယူနိုက်တက်အား ဇွဲကပင်အသင်း အနိုင်ယူ

March 4, 2018

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-8) ၏ ပွဲစဉ်တစ်ပွဲအဖြစ် မတ် ၄ ရက်(ယနေ့) ညနေက အောင်ဆန်းကွင်းတွင် ဇွဲကပင်ယူနိုက်တက်အသင်းနှင့် စစ်ကိုင်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အပြန်အလှန်သွင်းဂိုးများ နှင့်အတူ ဇွဲကပင်ယူနိုက်တက်အသင်းက ၃-၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။

ပထမပိုင်း အစောပိုင်းမိနစ်များတွင် ဇွဲကပင်ယူနိုက်တက်အသင်းသည် ဘောလုံးဖိကစားရန် ကြိုးပမ်းခဲ့သော်လည်း ကစားပုံမကောင်းခဲ့ ပေ။ စစ်ကိုင်းယူနိုက်တက်အသင်းက တန်ပြန်တိုက်စစ်မှတစ်ဆင့် ပွဲချိန် ၁၀ မိနစ်တွင် ဦးဆောင်ဂိုးရခဲ့ပြီး သက်နောင်ထွေးက သွင်းယူပေး ခဲ့သည်။ ချေပဂိုးပေးရပြီးနောက်တွင် ဇွဲကပင်ယူနိုက်တက် ကစားပုံ ပြန်လည်ကောင်းမွန်လာခဲ့သည်။ ပွဲချိန် ၃၁ မိနစ်တွင် ဇွဲကပင်ယူနိုက် တက်အသင်းက ပင်နယ်တီရခဲ့ပြီး စိုင်းမင်းထွန်းက အမှားအယွင်းမရှိ ကန်သွင်းခဲ့သည်။ ဇွဲကပင်ယူနိုက်တက်အသင်းသည် ချေပဂိုးရပြီး နောက်ထပ် နှစ်မိနစ်အကြာတွင် ဒုတိယဦးဆောင်ဂိုးထပ်မံရခဲ့သည်။ ဒုတိယဦးဆောင်ဂိုးကို ဇင်မင်းထွန်းက ခေါင်းတိုက်သွင်းယူပေးခဲ့ ခြင်းဖြစ်သည်။  ပထမပိုင်းပြီးခါနီး သုံးမိနစ်အလိုတွင် ဇွဲကပင်အသင်းက ထပ်မံ တတိယဂိုးရရှိခဲ့ပြီး တိုက်စစ်မှူး ပေါ်လိုက သွင်းပေးခဲ့ ခြင်း ဖြစ်သည်။ ထို့ကြောင့် ပထမပိုင်း ပြီးဆုံးချိန်တွင် ဇွဲကပင်ယူနိုက်တက်အသင်းက စစ်ကိုင်းယူနိုက်တက်အသင်းကို ၃-၁ ဂိုးဖြင့် ဦးဆောင် ခဲ့သည်။

ဒုတိယပိုင်း ပြန်လည်စတင်ရာတွင် စစ်ကိုင်းယူနိုက်တက်အသင်းမှ ချေပဂိုးများ ပြန်လည်ရရှိရန် ကြိုးပမ်းခဲ့ပြီး ဇွဲကပင်ယူနိုက် တက် အသင်းက ခံစစ်အသာပေး ပုံစံမျိုးဖြင့် ကစားခဲ့သည်။ စစ်ကိုင်းယူနိုက်တက်အသင်းမှလည်း ချေပဂိုးများရရှိရန် တိုက်စစ်ဖိကစား ခဲ့သလို ဇွဲကပင်ယူနိုက်တက်အသင်းကလည်း တန်ပြန်တိုက်စစ်များဖြင့် ပြန်လည်ကစားခဲ့သည့်အတွက် ပွဲစဉ်သည် ပိုမိုအကြိတ် အနယ် ရှိခဲ့သည်။ ပွဲချိန် ၇၈ မိနစ်တွင် စစ်ကိုင်းယူနိုက်တက်အသင်းက ဒုတိယဦးဆောင်ဂိုးရခဲ့ပြီး ဖရိုင်းဒေးက အဝေးကန်ချက်ဖြင့် သွင်းယူပေးခဲ့ ခြင်းဖြစ်သည်။ စစ်ကိုင်းယူနိုက်တက်အသင်းက ဒုတိယချေပဂိုး သွင်းယူအပြီးတွင် တတိယချေပဂိုးထပ်မံရရှိရန် တစ်သင်းလုံးနီးပါး တိုက်စစ်ထိ လိုက်ပါ ကစားခဲ့သည်။  သို့သော် စစ်ကိုင်းယူနိုက်တက်အသင်းအနေဖြင့် လိုအပ်နေသည့် တတိယချေပဂိုးမရခဲ့သည့် အတွက် ပွဲပြီးဆုံးချိန်တွင် ဇွဲကပင်ယူနိုက်တက်အသင်းက ၃-၂ ဂိုးဖြင့် အနိုင်ရသွားခဲ့သည်။