မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲမှ ဒိုင်များ၏ စွမ်းဆောင်ရည်များကို ပြန်လည် သုံးသပ်သည့် MNL Referees Analyzing Meeting ပြုလုပ်

March 18, 2018

ကျင်းပလျက်ရှိသည့် MPT Myanmar National League 2018 အမှတ်ပေးဘောလုံး ပြိုင်ပွဲ အပါအဝင် မြန်မာနေရှင်နယ်လိဂ်မှ ကြီးမှူးကျင်းပလျှက်ရှိသည့် လိဂ်ပြိုင်ပွဲများအတွင်း တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဒိုင်လူကြီးများ၏ စွမ်းဆောင်ရည်များကို ပြန်လည်သုံးသပ်မှု ပြုလုပ်သည့် အစည်းအဝေးတစ်ရပ် (MNL Referees Analyzing Meeting) ကို မတ်လ ၁၆ ရက် မွန်းလွဲပိုင်းက သုဝဏ္ဏကွင်း ပထမထပ်ရှိ သတင်းစာရှင်းလင်းပွဲ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြန်မာနေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာနေရှင်နယ်လိဂ် စီမံခန့်ခွဲရေး အရာရှိချုပ် ဦးဆူးအောင်| မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဌ ဦးခင်မောင်ကြိုင်၊ အဖွဲ့ဝင် ဦးစိုးမြင့်၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်ဒိုင်ကော်မတီဥက္ကဌဦးဝင်းချို၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်လုပ်ငန်းဌာန ဒါရိုက်တာ ဦးထွန်းလှအောင်နှင့် မြန်မာနေရှင်နယ်လိဂ်မှ တာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပြိုင်ပွဲကြီးကြပ်သူများ၊ ဒိုင်ကြီးကြပ်သူများ၊ ဒိုင်လူကြီးများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ မြန်မာနေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်က အဖွင့်အမှာစကား ပြောကြားရာတွင် ယနေ့အစည်းအဝေးသည် မြန်မာ့ဘောလုံးတိုးတက်ရေးကို အထောက်အကူပြုနေသည့် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲများ ပိုမိုအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အလွန်အရေးကြီးသည့် အစည်းအဝေးတစ်ရပ်ဖြစ်ပါကြောင်း၊ မည်သည့်ဘောလုံးပွဲဖြစ်စေ အောင်မြင်ပြီးမြှောက်အောင် ဆောင်ရွက်ကျင်းပနိုင်ရန်အတွက် ပြိုင်ပွဲကို အဓိက တာဝန်ယူကိုင်တွယ်ဆုံးဖြတ်ရသည့် ဒိုင်လူကြီးများ၏ အရည်အသွေးသည် Laws of the Games နှင့်အညီ
ကိုင်တွယ်ကြီးကြပ်ဆောင်ရွက်နိုင်မှု အခြေအနေပေါ်တွင် အဓိကကျကြောင်း၊ ထို့ကြောင့်ဒိုင်လူကြီးအဖြစ် အသက်မွေးဝမ်းကြောင်း ပြုသူတိုင်းအနေနှင့် Laws of the Games ကို အာဂုဏ်ဆောင်နိုင်သည်အထိ သိရှိနေရန်လိုအပ်သကဲ့သို့ မိမိတာဝန်ကြီးကြပ်ရသည့်ပွဲအတွက် လိုအပ်သည့်ကြံ့ခိုင်မှု၊ ပွဲအနေအထားကိုသုံးသပ်နိုင်မှု၊ ပွဲတခုလုံးခြုံသုံး သပ်နိုင်ပြီး ဖြစ်စဉ်တိုင်းကို ဥပဒေနှင့် မှန်မှန်ကန်ကန်နှင့် အမြန်ဆုံး ဆုံးဖြတ် ဆောင်ရွက်ထိန်းကျောင်းနိုင်ရန်လိုအပ်ကြောင်း၊ ပွဲဖြစ်စဉ်တိုင်း အထူးသဖြင့် ဥပဒေကိုချိုးဖောက် ကစားသည့်ဖြစ်စဉ် ကစားပုံမျိုးရှိလာပါက မိမိက ယင်းဖြစ်စဉ်ကို အနီးကပ်ဆုံးအနေအထားတွင် ရောက်ရှိပြီး ရှင်းလင်း ပြတ်သားစွာသုံးသပ်၍ ဥပဒေနှင့်အညီ ပြတ်ပြတ်သားသားဆုံးဖြတ် Action ယူရန်လိုအပ်ကြောင်း၊ ဘယ်ပွဲကိုမျှ အသင်းကြီး အသင်းငယ်မခွဲခြားဘဲ ပွဲတိုင်းအရေးကြီးသည်ဟု နားလည်ထားရမည်ဖြစ်ပြီး ဥပဒေအတိုင်း ဘယ်အသင်းဘက်ကိုမျှ မသိမသာ/သိသိသာသာ အသာစီး/နှိမ့်ချသည့်ဆုံးဖြတ်ချက်မျိုး မချမိစေရန်လိုကြောင်း၊ ယခုကဲ့သို့ ပြောပြနေ၍ မိမိတို့ဒိုင်လူကြီးများ ယင်းသို့မှားယွင်းဆောင်ရွက်နေသည့်ဟု သတ်မှတ်ပြောဆိုခြင်းမျိုး မဟုတ်ပါကြောင်း၊ မိမိတို့ဒိုင်လူကြီးများ၏ အရည်အသွေးနှင့်ကိုယ်ကျင့်သိက္ခာကို မိမိအနေနှင့်ယခုအချိန်ထိ အပြည့်အဝယုံကြည်လျက်ရှိနေသေးကြောင်း၊ မည်သည့်အသင်းကိုမျှ ဘက်လိုက်ဆောင်ရွက်ခြင်းမျိုးမရှိသေးကြောင်းကိုလည်း မိမိအနေနှင့်ယုံကြည်ဆဲဖြစ်ပါကြောင်း၊ အလွန်ခက်ခဲပြီး သိမ်မွေ့နက်နဲသည့်ဘောလုံး အားကစားလောကတွင် ဒိုင်လူကြီးတစ်ဦး၏ လုပ်ငန်းတာဝန်များမှာ အလွန်ခက်ခဲပြီး ဘယ်ပွဲမဆို အမြဲတစေ ဝေဖန်ပြစ်တင်ခံနေရသည်ကိုလည်း မိမိစာနာပါကြောင်း၊ ဒိုင်လူကြီးများသည်လည်း လူသားများဖြစ်၍ တခါတရံအားနည်းချက်များရှိနိုင်သလို ပွဲတိုင်းကို ၁၀၀% အကောင်းဆုံးကြီးကြပ်ဆောင်ရွက်နိုင်မည် မဟုတ်သည်ကို မိမိအနေနှင့်နားလည်ပါကြောင်း၊ လက်ရှိအနေအထားတွင် မိမိတို့လက်ရှိဒိုင်လူကြီးအင်အားအရ (Human Resource လိုအပ်ချက်အရ) ဒိုင်အများစုမှာ လိုအပ်ချက်အရ တစ်ပါတ်လျင် M1ရော M2ပါ တွဲပြီး ၃ပွဲကနေ ၄ပွဲအထိတာဝန်ယူဆောင်ရွက်ပေးနေရသည့် အနေအထားရှိ၍ အခြေအနေအရ ဘောလုံးသမားများကဲ့သို့ပင် ပွဲတိုင်းကို Best Performance ဖြင့် ကြီးကြပ်နိုင်ရန် မလွယ်ကူကြောင်းကို မိမိနားလည်ပါကြောင်း၊ တခါတရံအကြောင်းအမျိုးမျိုးကြောင့် မိမိရှုထောင့်မြင်ကွင်းကနေ ကြည့်ပြီး စက္ကန့်ပိုင်းအတွင်း ချက်ချင်းဆုံးဖြတ်ဆောင်ရွက်ရတာဖြစ်၍ အနည်းငယ် မှားယွင်းချွတ်ချော်သွားသော ဆုံးဖြတ်ချက်အချို့ ချမှတ်မိနိုင်ကြောင်း၊ တခါတရံပွဲ၏ Tempo နှင့် Pressure အနေအထားကြောင့် မိမိတစ်ဦးတည်းရှုထောင့်မှ အလျင်စလိုဆုံးဖြတ်မိ၍ မှားယွင်းသွားတာမျိုးလည်း ရှိနိုင်ကြောင်း၊ နိုင်ငံတကာမှာလည်း ထိုကဲ့သို့မှားနေသော ဒိုင်လူကြီးများရှိနေဆဲဖြစ်ကြောင်း၊ တခါတရံ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် အနည်းငယ် မှားယွင်းဆုံးဖြတ်မိသွားတာမျိုးလည်းရှိနိုင်ကြောင်း၊ သို့ သော် တစ်ပွဲလုံးကိုင်တွယ်ပုံ အရမ်းကောင်းနေခဲ့ပြီး တခါတလေမှာ အားနည်းချက်တခုခုကြောင့် ဆုံးဖြတ်ချက် မပြတ်မသားဖြစ်သွားခဲ့တာမျိုး၊ မှားယွင်းသွားတာမျိုးကြောင့် မိမိရဲ့Best Performance တွေကို လူတွေက မြင်မှာမဟုတ်တော့ဘဲ မိမိဆုံးဖြတ်ချက် အမှားလေး တစ်ခုကိုပဲ ကြီးမားတဲ့ပြစ်မှုကြီးတစ်ခုအဖြစ် ဝေဖန်ပြစ်တင်ဆော်ကားပြောဆို ခံရခြင်းမျိုးရှိနိုင်ကြောင်း၊ မိမိဘက်၊ မိမိရှုထောင့်အမြင်နှင့်ဥပဒေအရ မိမိမှန်သည်ဟုထင်ပြီး ဆုံးဖြတ်လိုက်သည်ဟု ပြောနိုင်သော်လည်း မိမိ၏ တခါတရံဆုံးဖြတ်ချက် အမှာလေးတစ်ခုကြောင့် တစ်သင်းသင်းအပေါ်ထိခိုက်နစ်နာတာမျိုး ဖြစ်စေပါက ကလပ်အသင်းဘက်က ဝေဖန်ပုတ်ခတ်ပြောဆိုတာမျိုးတွေ လွန်လွန်ကျူးကျူးလုပ်လာမှာဖြစ်ကြောင်း၊ အားလုံးသိတဲ့အတိုင်း မြန်မာ့ဘောလုံးတိုးတက်ရေးအတွက် ကလပ်အသင်းများ၏ ကူညီပံ့ပိုးမှုကလည်း အလွန်အရေးကြီးကြောင်း၊ မိမိဆုံးဖြတ်ချက်အမှားလေး တစ်ခုကြောင့် တစ်သင်းက အနိုင်ကနေ သရေ/အရှုံးဖြစ်သွားဖို့ ဖြစ်လာခဲ့ရင် ထိုကလပ်အသင်းအတွက် အလွန်နစ်နာမှုရှိသည်ကို ကိုယ်ချင်းစာနားလည်ပေးတတ်ရန်လိုကြောင်း၊ အထူးသဖြင့် မြန်မာ့ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာ ဘောလုံးလောကကို အမီလိုက်နိုင်ဖို့ နိုင်ငံတကာပရိုစည်းမျဉ်းများနှင့်အညီ ပရိုစနစ်ကို စတင်ကူးပြောင်းအကောင်ထည်ဖေါ်ဆောင်ရွက်ခဲ့ချိန်ကစပြီး ဘာအကျိုးအမြတ်ကိုမျှ မမျှော်ကိုးဘဲ ဘောလုံးနဲ့နိုင်ငံကိုချစ်တဲ့စိတ်နဲ့ ငွေကုန်ကြေးကျများစွာခံပြီး ကလပ်အသင်းများကို တည်ထောင်ပံ့ပိုးပေးခဲ့ကြသည့် ကလပ်အသင်းပိုင်ရှင်များ၏ စေတနာကိုလည်း မိမိတို့ အစဉ်ကျေးဇူးတင် လေးစားနေရမှာဖြစ်ကြောင်း၊ အလားတူအသင်းများကို အနီးကပ်တာဝန်ယူနေသည့် အုပ်ချုပ်နည်းပြအဖွဲ့ဝင်များကိုလည်း ဥပဒေနှင့်အညီ Respect ပေး ဆက်ဆံပြောဆိုနေရမှာဖြစ်ကြောင်း၊ အချို့သော အသင်း နည်းပြ/အုပ်ချုပ်မှုအဖွဲ့ဝင်များအနေနဲ့လည်း ဘောလုံးဥပဒေနဲ့ ပြိုင်ပွဲစဉ်းမျဉ်း စည်းကမ်းများကို သေခြာမသိ၍ဖြစ်စေ၊ လိုတာထက်ပိုပြီးEmotional ဖြစ်ပြီး ဥပဒေပ ပြောဆိုဝေဖန်မိတာမျိုးကိုလည်း စိတ်ရှည်သည်းခံပြီး ၄င်းတို့ကို တတ်နိုင်သမျှ Educate လုပ် စည်းရုံးရှင်းပြပြီး ဥပဒေအတိုင်းပြုမှုနေထိုင်ရန်ထိန်းသိမ်း ပြောဆိုဆောင်ရွက်တတ်ဖို့လိုကြောင်း၊ သိပ်လွန်ကဲလာပြီး လိုတာထက်ပိုမိုဆော်ကား ပုတ်ခတ်ပြောဆိုလာခဲ့ရင်လည်း ဘောလုံးဥပဒေနဲ့အညီ Action ယူဆောင်ရွက်ရန်လိုကြောင်း ၊မိမိတို့ဒိုင်များ အမှားမရှိဘဲ ပုဂ္ဂိုလ်ရေးအရ တမင်ဝေဖန်ဆော်ကားပြောဆိုလာခဲ့ရင်လည်း လိုအပ်သလို စည်းကမ်းထိန်းသိမ်းရေးမူနဲ့ အရေးယူထိန်းကြောင်းနိုင်ရန် ပွဲပြီးReport များကို မှန်မှန်ကန်ကန်ရဲရဲတင်းတင်း ရေးသားတင်ပြရန်လိုပါကြောင်း၊ မိမိတို့ ဒိုင်တွေဘက်က မည်သူ့ကိုမျှ ဘက်လိုက်ဆောင်ရွက်ခြင်းမျိုးမရှိလို့ မိမိတို့ဘက်က လိပ်ပြာသန့်ပါသည်ဟု ဘယ်လောက်ပြောပြော တခါတရံမိမိ၏ ဆုံးဖြတ်ချက် အားနည်းမှုလေးတခုကြောင့် ပွဲကိုင်တွယ်ပုံအားနည်းပုံများ ရှိခဲ့၍ တစ်သင်းသင်းက များစွာထိခိုက်နစ်နာသွားခြင်းရှိခဲ့ပြီး တကယ်လည်း သက်ဆိုင်ရာအသင်းရဲ့အမြင်မှာ ရုပ်သံပြကွက်ပြန်ကြည့်ချိန်တွင် မှန်ကန်နေပါက “ကျွန်တော်တို့ဘယ်အသင်းကိုမျှ ဘက်လိုက်ဆောင်ရွက်ခဲ့ခြင်းမရှိလို့ ကိုယ့်လိပ်ပြာ ကိုယ်လုံပါသည်” ဟု မည်မျှပြောပြော အများက အမှန်ကိုမြင်တွေ့ရပြီး ဗီဒီယိုပြကွက်တွင်ပါ မိမိဆုံးဖြတ်ချက် အမှားရှိခဲ့သည်ကို အထင်အရှား သက်သေခံနေလျင် မိမိပြောခဲ့သောစကားကို တာဝန်ယူရမှာဖြစ်ကြောင်း၊ ဒါကြောင့်ကျွန်တော်တို့လိပ်ပြာသန့်ပါသည်၊ဆုံးဖြက်မှန်ပါသည်ဟု ချည်းပဲပြောနေ၍မရပါကြောင်း ထို့အတွက် ဒိုင်စည်းကမ်းထိန်းသိမ်းရေးကော်မတီကလည်း ပွဲဖြစ်စဉ်နဲ့ ဒိုင်များရဲ့ဆုံးဖြတ်ချက်အမှားများကို အမြဲတမ်းပြန်လည်သုံးသပ်ပြီး လိုအပ်သလို စိစစ်သုံးသပ် အရေးယူနေသည်ကိုလည်း အသိအမှတ်ပြုချီးကျူးပါကြောင်း၊ ဒိုင်များကို လိုအပ်သလို အရေးယူတာမျိုးကိုလည်း အများသိအောင် ပြီးခဲ့တဲ့ လကစပြီး မိမိတို့ ဝက်ဘ်ဆိုက်များတွင် ဖေါ်ပြပေးခဲ့ပါကြောင်း၊ မိမိမမျှော်လင့်ဘဲ အမှာလေးရှိခဲ့လို့ ပညာပေးတဲ့အနေနဲ့ အရေးယူခံရတာကိုလည်း ဝမ်းနည်းစိတ်ဓာတ်ကျစရာမလိုကြောင်း၊ မိမိအမှားကို သိပြီးအမှန်ပြင်လိုက်နိုင်ဖို့သာအရေးကြီးကြောင်း၊ မိမိတို့ဒိုင်လူကြီးအများစုမှာ ပွဲကောင်းကောင်းဆိုးဆိုး အမြဲတမ်းနီးပါးဝေဖန်ပြောဆိုခံနေရတာကိုလည်း မိမိအနေနဲ့ ကိုယ်ချင်းစာမိပါကြောင်း၊ ဒီနေ့ခေတ်ဘောလုံးအခြေအနေအရ တော်ရုံအရည်အချင်း၊သတ္တိ၊စိတ်ဓါတ်မျိုး၊ သည်းခံမှုမျိုးရှိရုံနဲ့ ဒိုင်လူကြီးမဖြစ်နိုင်ကြောင်း၊ လူမုန်းများပြီး အမြဲတမ်းနီးပါး အသားလွှတ် အဆဲအဆိုခံရပြီး အခက်အခဲဖိအားများကြားက ဒိုင်လူကြီးအလုပ်ကို ဝါသနာအရ လုပ်ကိုင်နေသူအားလုံးကို လေးစားကျေးဇူးတင်ပါကြောင်း၊ သို့သော်မိမိတို့အနေနဲ့ အမြင်၊တစ်ဖက်နားကို နားထောင်/ကြည့်ပြီး မိမိတို့အနေနဲ့ ဘယ်သူ့ကိုမျှ မသေခြာဘဲ Action ယူမိတာမျိုးမရှိခဲ့ပါကြောင်း၊ မိမိတို့ဘောလုံးလောကသားခြင်းကိုလည်း အပြန်အလှန် ဖေးမနားလည်ပြီး တတ်နိုင်သမျှကာကွယ်စောင့်ရှောင့် ဖေးမခဲ့ပါကြောင်း၊ သို့သော် ယခုနှစ် MNL ပွဲစဉ်အချို့အနက် လတ်တလော ပွဲစဉ်အချို့မှာ မိမိတို့ ဒိုင်လူကြီးအချို့ရဲ့ မမျှော်လင့်သော အားနည်းချက်/ဆုံးဖြတ်ချက်လေးအချို့ကြောင့် အသင်းအချို့မှာ အလွန်နစ်နာခဲ့ပြီ၊ ဝေဖန်ပြစ်တင်မှုတွေ၊ Complain letter များပေးပို့လာမှုတွေ ခပ်စိပ်စိပ် လေးဖြစ်ပွားလာခဲ့ကြောင်း၊ အလုပ်များများလုပ်သူက တခါတရံ ပိုမှားနိုင်ခြေ ရှိသည် မှန်သော်လည်း မိမိတို့၏ အမှားအယွင်းများမှာ လက်ခံနိုင်သည့် အမှားမျိုး ဖြစ်ရန် လိုအပ်ကြောင်း၊ ထို့ကြောင့် အလားတူအမှာမျိုး၊ အားနည်းချက်မျိုး ထပ်မံမဖြစ်ပွားရအောင် အားလုံးပူပေါင်းဆောင်ရွက်ဖို့ ပိုမိုလိုအပ်ပါကြောင်း၊ ယခုအစည်းအဝေးတွင် ယင်းပွဲအချို့မှ အားနည်းချက် အမှာတချို့လုပ်ခဲ့၍ စည်းကမ်းထိန်းကအရေးယူခံရတဲ့ ဒိုင်လူကြီးများကို ထပ်မံအပြစ်ပေး ပြောဆိုရန် ခေါ်ယူခြင်းမဟုတ်ဘဲ အဆိုပါမှားယွင်းမှုများကို သင်ခန်းစာယူကာ အကောင်းဆုံးပြန်လည်ပြုပြင်ပြီး ရှေ့လျှောက်တွင် ပိုမိုကောင်းမွန်သည့် စွမ်းဆောင်ရည်များကို ပြသကြစေလိုသည့် စိတ်စေတနာဖြင့် အားလုံးကိုရှင်းလင်းပြောကြား ဝိုင်းဝန်သုံးသပ်အကြံပြုနိုင်အောင်ခေါ်ယူတွေ့ဆုံခြင်းဖြစ်ပါကြောင်း၊ လူတိုင်း တစ်ကြိမ်မှားတတ်သော်လည်း ခဏခဏအမှားမလုပ်မိအောင် အားလုံးစုပေါင်းဆွေးနွေးတိုင်ပင်ပြီး ဘောလုံးပွဲများကို မိမိတို့ဘက်က အမှားအယွင်းတစ်စုံတစ်ရာမရှိပဲ ပိုမိုကြိုးစားဆောင်ရွက်ပေးကြပါရန် အလေးအနက်တိုက်တွန်းလိုပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ဦးခင်မောင်ကြိုင်က မှာကြားရာတွင်လည်း ဘောလုံးပြိုင်ပွဲတစ်ခု၏ အသက်မှာ ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများပင် ဖြစ်ကြောင်း၊ မိမိတို့ စည်းကမ်းထိန်းသိမ်းရေး ကော်မတီ အနေဖြင့် ပြိုင်ပွဲတစ်ခု ကျင်းပရာတွင် ဥပဒေနှင့်အညီ ဖြစ်စေရန် ထိန်းညှိပေးရ သကဲ့သို့ ဒိုင်လူကြီးများ ဆိုသည်မှာလည်း ဘောလုံးပွဲတစ်ပွဲ၏ စည်းမျဉ်းဥပဒေများကို အဓိက ထိန်းသိမ်းပေးရသူများ ဖြစ်ကြောင်း၊ ဒိုင်များအနေဖြင့် အိမ်ကွင်း၊ အဝေးကွင်း စသည်များကို ဂရုပြုရန် မလိုအပ်ဘဲ အလယ်တည့်တည့်မှသာ ရပ်တည်ကြပြီး ဘောလုံးဥပဒေများနှင့်အညီသာ ဆောင်ရွက်ရန် လိုအပ်ကြောင်း စသဖြင့် ပြောကြားခဲ့သည်။ စည်းကမ်းထိန်းသိမ်းရေးကော်မတီဝင် ရွှေခေတ်လက်ရွေးစင်ကစားသမားဟောင်းကြီး ဦးစိုးမြင့်ကလည်း ဘောလုံးပွဲများအောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဒိုင်လူကြီးများ၏ ပွဲကြီးကြပ်ဆောင်ရွက်နိုင်သည့်အရည်အသွေးက အရေးကြီးသကဲ့သို့ ဘောလုံးသမားများ၊ နည်းပြ/အုပ်ချုပ်သူများ၏ ဘောလုံးဥပဒေနှင့် စည်းမျဉ်းများကို နားလည်လိုက်နာတတ်မှုနှင့် အပြန်အလှန်လေးစားမှုထားပြီး ပူးပေါင်းဆောင်ပေးနိုင်မှုများလည်း အလွန်လိုအပ်ပါကြောင်း၊ ပရိုနာမည်သာခံ/အခွင့်အရေးတွေသာယူနေပြီး မိမိကိုယ်တိုင်က ပရိုမပီသပါက ဘောလုံးလောကအတွက် နစ်နာဆုံးရှုံးမှုများရှိလာနိုင်ကြောင်း သတိပြုဆောင်ရွက်ရန်လိုကြောင်းတိုက်တွန်းအကြံပြုပြောကြားသည်။

ယင်းနောက်တွင် ယခုနှစ် မြန်မာနေရှင်နယ်လိဂ် ပြိင်ပွဲအတွင်း ဖြစ်ပွားခဲ့သည့် အမှားအယွင်းများကို ဗီဒီယိုဖြင့် ပြန်လည် ပြသမှု ပြုလုပ်ခဲ့သည်။ ထို့နောက် ဒိုင်လုပ်ငန်းဌာန ဒါရိုက်တာ ဦးထွန်းလှအောင်ကလည်း အမှာစကား ပြောကြားခဲ့သည်။
ယင်းနောက်တွင် အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် MNL CEO က နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုပ်သိမ်းခဲ့သည်။