ဒုတိယနေရမှ မောရ၀တီကို အနိုင်ကစားကာ ရာသီဝက်ချန်ပီယံဖြစ်ခဲ့သည့် Royal Thanlyin အသင်း

March 23, 2018

MPT Myanmar National League II 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ (Week-7) ပွဲစဉ်တစ်ပွဲအဖြစ် မတ် ၂၃ ရက်(ယနေ့) ညနေ က စလင်းကွင်းတွင် Royal Thanlyin အသင်းနှင့် မောရ၀တီအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ Royal Thanlyin အသင်းက ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။

နှစ်သင်းစလုံးသည် ပွဲစတင်သည်နှင့် ဂိုးရရှိရေးအတွက် အသည်းအသန် ကြိုးပမ်းခဲ့ပြီး ပွဲချိန် ကိုးမိနစ်တွင် Royal Thanlyin အသင်းက ဦးဆောင်ဂိုးစတင်ရခဲ့သည်။ Royal Thanlyin အသင်းအတွက် ဦးဆောင်ဂိုးကို Laut Lat Mang က သွင်းယူပေးခဲ့သည်။ မောရ၀တီ အသင်းသည် ချေပဂိုး ပြန်လည်ရရေးအတွက် ကြိုးပမ်းခဲ့သော်လည်း ဂိုးမသွင်းနိုင်ခဲ့ဘဲ ပထမပိုင်းတွင် Royal Thanlyin အသင်းက ၁-၀ ဂိုးဖြင့် ဦးဆောင်ခဲ့သည်။

ဒုတိယပိုင်းတွင် မောရ၀တီအသင်းက ချေပဂိုးရရေးအတွက် ကြိုးပမ်းခဲ့သလို ဂိုးကန်သွင်းခွင့်များ ရခဲ့သည်။ Royal Thanlyin အသင်း သည်လည်း ချေပဂိုးပြန်လည်မပေးရရေးအတွက် ကြိုးစားခဲ့သည့်အတွက် ပွဲစဉ်မှာ ပိုမိုအကြိတ်အနယ်ရှိခဲ့သည်။ သို့သော် နှစ်သင်းစလုံး ဒုတိယပိုင်းတွင် ဂိုးမသွင်းနိုင်ခဲ့သည့်အတွက် Royal Thanlyin အသင်းက တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရသွားခဲ့သည်။

Royal Thanlyin အသင်းသည် မောရ၀တီအသင်းကို အနိုင်ရခဲ့သည့်အတွက် ခြောက်ပွဲ ကစားပြီးချိန်တွင် လေးပွဲနိုင်၊ နှစ်ပွဲ သရေ၊ ရှုံးပွဲ မရှိ ရမှတ် ၁၄ မှတ်ဖြင့် အဆင့် ၁ နေရာတွင် ဆက်လက်ရပ်တည်ပြီး ရာသီဝက်ချန်ပီယံဖြစ်လာခဲ့သည်။