MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ (Week-9) ပွဲစဉ်တစ်ပွဲအဖြစ် ဧပြီ ၁ ရက်(ယနေ့) ညနေ ၄း၀၀ နာရီက ၊ အောင်ဆန်းကွင်းတွင် ဇွဲကပင်ယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့ ကစားခဲ့ရာ ဇွဲကပင်အသင်းက သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

ဧရာဝတီယူနိုက်တက်အသင်းသည် ပွဲစတင်သည်နှင့်တစ်ပြိုင်နက် ဇွဲကပင်အသင်းဘက်သို့ ဖိအားပေး တိုက်စစ်ဆင်ကစားခဲ့သော်လည်း ထိရောက်မှု မရှိခဲ့ပေ။ ဇွဲကပင်ယူနိုက်တက်အသင်းသည် ပထမပိုင်းတွင် ခံစစ်မှ တန်ပြန် တိုက်စစ်ပုံစံမျိုးသာ ကစားခဲ့သည်။ ပထမပိုင်း ပြီးဆုံးချိန်ထိ တစ်သင်းနှင့်တစ်သင်း ဂိုးမသွင်းနိုင်ခဲ့သည့်အတွက် ဂိုးမရှိသရေကျခဲ့သည်။

ဒုတိယပိုင်း ပြန်လည်စတင်ချိန်တွင် နှစ်သင်းစလုံးမှ ဦးဆောင်ဂိုးရရန် ကြိုးစားခဲ့ပြီး ပွဲချိန် ၆၅ မိနစ်တွင် ဇွဲကပင်ယူနိုက်တက်အသင်းက ဦးဆောင်ဂိုးရခဲ့သည်။ အဆိုပါဂိုးကို ဇွဲကပင်အသင်း တိုက်စစ်မှူး သန်းထက်အောင်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ပွဲချိန် ၇၂ မိနစ်၌ ဇွဲကပင်ယူနိုက်တက်အသင်းက ဒုတိယဦးဆောင်ဂိုးထပ်မံရခဲ့ပြီး စိုင်းမင်းထွန်းက သွင်းယူပေးခဲ့သည်။ ဧရာဝတီယူနိုက်တက် အသင်းသည် ချေပဂိုးများ ပြန်လည်ရရှိရန် ကြိုးပမ်းခဲ့သော်လည်း မထိရောက်ခဲ့ပေ။ ဇွဲကပင်ယူနိုက်တက်အသင်းအတွက် တတိယဂိုး ကို လူစားဝင်ရောက်လာသည့် ရန်ကျော်ထွေးက ပွဲချိန် ၉၀+၂ မိနစ်တွင် သွင်းယူပေးခဲ့သည်။ ဧရာဝတီအသင်းသည် ချေပဂိုးများ ပြန်လည် မသွင်းနိုင်ခဲ့သည့်အတွက် ဇွဲကပင်ယူနိုက်တက်အသင်းက သုံးဂိုး ဂိုးမရှိဖြင့် အနိုင်ရသွားခဲ့သည်။
ဇွဲကပင်ယူနိုက်တက်အသင်းသည် ဧရာဝတီအသင်းကို အနိုင်ရခဲ့သည့်အတွက် ကိုးပွဲ ကစားပြီးချိန်တွင် လေးပွဲ နိုင်၊ တစ်ပွဲ သရေ၊ လေးပွဲ ရှုံး ရမှတ် ၁၃ မှတ်ဖြင့် အဆင့် ၆ သို့ တက်လှမ်းနိုင်ခဲ့သည်။ ဇွဲကပင်ယူနိုက်တက်အသင်းသည် လာမည့်တစ်ပတ်တွင် မကွေးအသင်းနှင့် ကစားရမည်ဖြစ်ပြီး ဧရာဝတီယူနိုက်တက်အသင်းသည် စစ်ကိုင်းယူနိုက်တက်အသင်းနှင့် ကစားရမည်ဖြစ်သည်။
MPT Myanmar National League 2018
| Pos | Club | P | W | D | L | F | A | GD | Pts |
|---|---|---|---|---|---|---|---|---|---|
| 1 | YUFC | 9 | 7 | 1 | 1 | 20 | 6 | 14 | 22 |
| 2 | Magwe | 9 | 5 | 2 | 2 | 11 | 6 | 5 | 17 |
| 3 | SUFC | 8 | 5 | 2 | 1 | 9 | 4 | 5 | 17 |
| 4 | YDNB | 9 | 4 | 3 | 2 | 16 | 10 | 6 | 15 |
| 5 | HUFC | 9 | 5 | 0 | 4 | 10 | 11 | -1 | 15 |
| 6 | ZUFC | 9 | 4 | 1 | 4 | 10 | 8 | 2 | 13 |
| 7 | RUFC | 9 | 3 | 2 | 4 | 11 | 12 | -1 | 11 |
| 8 | SMFC | 9 | 2 | 4 | 3 | 9 | 9 | 0 | 10 |
| 9 | AUFC | 9 | 2 | 3 | 4 | 15 | 17 | -2 | 9 |
| 10 | SGFC | 9 | 2 | 3 | 4 | 9 | 12 | -3 | 9 |
| 11 | GFA | 8 | 2 | 1 | 5 | 6 | 17 | -11 | 7 |
| 12 | MWD | 9 | 0 | 2 | 7 | 5 | 19 | -14 | 2 |
