ရှမ်းယူနိုက်တက်အသင်း နည်းပြချုပ်အဖြစ် မာယန် တာဝန်ယူမည်

April 29, 2018

ဧပြီ ၂၈၊ ရန်ကုန်
မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည် မြန်မာ့ဘောလုံးလောက အတွေ့ အကြုံ ရင့်ကျက်သော မက်ဆီဒိုးနီးယား လူမျိုး မာယန်စက်ကူလော့စကီး (MARJAN SEKULOVSKI ) အားနည်းပြချုပ်အဖြစ် ရာသီကုန်အထိ ခန့်အပ်လိုက်ပြီ ဖြစ်သည်။

၁၉၇၃ ခုနှစ်ဖွား နည်းပြသည် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းကြီးများဖြစ်သည့် ဧရာဝတီယူနိုက်တက် နှင့် ရန်ကုန်ယူနိုက်တက်တက် တို့တွင် နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့ဖူးပြီး၊
ဧရာဝတီအသင်းနှင့်အတူ ရှုံးထွက်ဖလားကို ၂၀၁၂ ခုနှစ်နှင့် ၂၀၁၅ ခုနှစ်တို့တွင် ရရှိခဲ့ဖူးသည်။

UEFA Pro လိုင်စင်ရ နည်းပြ မာယန်သည်
ဧပြီလ ၂၈ ရက်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံသို့
ရောက်ရှိလာပြီး ရာသီကုန်အထိ စာချုပ်ခဲ့ခြင်းဖြစ်သည်။

ရှမ်းယူနိုက်တက်အသင်း ဥက္ကဌ ဦးခွန်နောင်မြင့်ဝေက
“ရှမ်းယူနိုက်တက်အသင်းက လက်ရှိ ချန်ပီယံပါ။
ဘယ်လို အခက်အခဲတွေပဲ ရှိပါစေ၊ အကောင်းဆုံး ကျော်ဖြတ်နိုင်ဖို့ ပြင်ဆင်ထားပါတယ်။
ချန်ပီယံဆုကို ကာကွယ်နိုင်ဖို့ ကြိုးစားသွားမှာပါ။ ဒါကြောင့်လည်း မြန်မာဘောလုံး အတွေ့အကြုံ ရှိတဲ့ မာယန်ကို ခေါ်ယူခဲ့တာ ဖြစ်ပါတယ် ” ဟု ပြောကြားသည်။
Credit – Shan United