ဒေးဗစ်ထန်း နှင့် ဆွမ်လမ်မာန် တို့အား ရှမ်းယူနိုက်တက်အသင်း ခေါ်ယူအားဖြည့်ခဲ့ပြီး ဇွန်မိုးအောင် ဇွဲကပင်ယူနိုက်တက်သို့ ပြောင်းရွှေ့

May 14, 2018

၂၀၁၇ မြန်မာနေရှင်နယ်လိဂ်နှင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည်
မြန်မာ့လက်ရွေးစင် ညာတောင်ပံ ကစားသမားများဖြစ်သော ဒေးဗစ်ထန်းနှင့် ဆွင်လမ်းမန်တို့အား ခေါ်ယူအားဖြည့်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။

MPT Myanmar National League 2018 ပထမအကျော့အပြီးတွင် ရာသီဝက် ချန်ပီယံအဖြစ် ရပ်တည်နိုင်ခဲ့သော ရန်ကုန်ယူနိုက်တက်အသင်းသည် အသင်း၏ ကွင်းလယ် တောင်ပံကစားသမား ဆွမ်​လမ်​မာန်​အား ရှမ်းယူနိုက်တက်အသင်းသို့ ၁ နှစ်​ နှင့်​ ၅ လ စာချုပ်​ဖြင့်​ အငှါးချထားခဲ့ခြင်းဖြစ်သည်။ မြန်မာ့လက်ရွေးစင် ညာတောင်ပံ ကစားသမား ဒေးဗစ်ထန်းမှာ ရန်ကုန်အသင်းနှင့် စာချုပ်သက်တမ်းပြည့်ခဲ့၍ ပြိုင်ဘက် ရှမ်းယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့အတူ အသင်းနှင့် စာချုပ်သက်တမ်း ပြည့်သွားခဲ့သည့် ဘယ်တောင်ပံ ကွင်းလယ်လူ ဇွန်မိုးအောင်မှာလည်း  ဇွဲကပင်ယူနိုက်တက်အသင်းသို့ ပြောင်းရွှေ့သွားခဲ့ကြောင်း သတင်းရရှိသည်။

” ဆွမ်​လမ်​မာန်​က ကစားသမား​ကောင်း တစ်​​ယောက်​ပါ။ အခုလို အငှါးချထားလိုက်​တာလည်း ပွဲထွက်​ခွင့်​ရ​အောင်​နဲ့ လက်​​ရွေးစင်​အသင်းမှာ ပြန်​ပါ​အောင်​လို့ အခွင့်​အ​ရေး ​ပေးလိုက်​တာပါ” ဟု
ရန်​ကုန်​ယူနိုက်​တက်​အသင်း နည်းပြချုပ်​ ဦးမျိုးမင်းထွန်း က ​အသင်းဝက်ဆိုဒ်သို့ ပြောကြားခဲ့သည်။

လက်ရွေးစင်ဟောင်း ဆွမ်​လမ်​မာန်​သည်​ MPT Myanmar National League 2018 ပြိုင်ပွဲဝင် ရန်​ကုန်​ယူနိုက်​တက်​အသင်းနှင့် အတူ ခြေစွမ်းပြ ကစားနိုင်ရန် ရုန်းကန်နေရသူဖြစ်သည်။

ထို့အတူ ရှမ်းယူနိုက်တက်အသင်းသို့ ရောက်ရှိခဲ့သည့် ဒေးဗန်ထန်းက “ကျွန်တော်ကတော့ ဘောလုံးကစားဖို့ကိုပဲ စိတ်ဝင်စားပါတယ်။ နည်းပြကစားခိုင်းတဲ့နေရာမှာ ကြိုးစားကစားသွားမှာပါ။ ကျွန်တော့်မှာ ရှိတဲ့ အင်အားအကုန်လုံးကို ရှမ်းယူနိုက်တက်အသင်းအတွက် ကစားပေးသွားမှာပါ”  ဟု ရှမ်းအသင်းသို့ ပြောင်းရွှေ့ဖြစ်ခဲ့ပြီးနောက် ပြောသည်။

၂၀၁၅ စင်ကာပူဆီးဂိမ်းပြိုင်ပွဲဝင် မြန်မာယူ-၂၃ အသင်းနှင့်အတူ ငွေတံဆိပ်ဆု ရယူနိုင်ခဲ့သည့် ဇွန်မိုးအောင်မှာ ယခင်ကလည်း ဇွဲကပင်ယူနိုက်တက်အသင်းသို့ အငှားဖြင့် သွားရောက်ကစားခဲ့ဖူးပြီး ယခုအခါ အပြီးသတ် ပြောင်းရွှေ့သွားခြင်းဖြစ်ကြောင်း သိရသည်။