ရခိုင်-စစ်ကိုင်း၊ ဂျီအက်ဖ်အေ-ဆောက်သမ်းမြန်မာ ပွဲစဉ်များနှင့် စောင့်ကြည့်ချင်စရာ ရက်သတ္တပတ်

May 25, 2018
ယခုတစ်ပတ် MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-13) ပွဲစဉ်တွင် ရခိုင်ယူနိုက်တက်-စစ်ကိုင်းယူနိုက်တက်၊ ဂျီအက်ဖ်အေ-ဆောက်သမ်းမြန်မာ အသင်းတို့ ပွဲစဉ် နှစ်ပွဲသာလျင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။
အခြားသော ပွဲစဉ်များသည် မြန်မာ့လက်ရွေးစင်အသင်း၏ နိုင်ငံတကာခြေစမ်းပွဲကြောင့် ဇူလိုင်လသို့ ပြောင်းရွှေ့ထားသောကြောင့် ဖြစ်ပါသည်။
သို့သော်လည်း အထက်ပါ အသင်းများ၏ လတ်တလော ရပ်တည်မှု အနေအထားများကြောင့် စောင့်ကြည့်ချင်စရာ ပွဲစဉ်များ ဖြစ်လာမည်မှာ အသေအချာဖြစ်သည်။
 
ရခိုင်ယူနိုက်တက်-စစ်ကိုင်းယူနိုက်တက်
 
ရခိုင်ပြည်နယ်၊ စစ်တွေမြို့တော်ရှိ ဝေသာလီကွင်းတွင် ယှဉ်ပြိုင်သွားမည့် ပွဲစဉ်ဖြစ်သည်။ ပထမအကျော့ မုံရွာကွင်းတွင် ဂိုးမရှိသရေကျခဲ့ပြီး ယခုတစ်ကြိမ်တွင်မူ နှစ်သင်းစလုံး၏ လက်ရှိအနေအထားကြောင့် အလားတူ ရလဒ်မျိုး ထပ်မံမျှော်လင့်နိုင်စရာ မရှိနိုင်ပေ။ အိမ်ရှင် ရခိုင်အသင်းက အိမ်ကွင်းဆိုလျင် ရလဒ်ကောင်းလေ့ရှိသည့် အသင်းဖြစ်သည်။ ထို့အတူ နိုင်ပွဲရခဲ့လျင် အမှတ်ပေးဇယား အဆင့် ၅ နေရာအထိ တက်လှမ်းခွင့်ရမည့် အခွင့်အရေးကလည်း အိမ်ရှင်အသင်းဘက်တွင် ရှိနေသည်။ ဧည့်သည့် စစ်ကိုင်းယူနိုက်တက်အသင်းက ပွဲစဉ်(၁၂) တွင် အမှတ်ပေးဇယားထိပ်ဆုံးက မကွေးအသင်းကို တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်အောင် ကစားထားခဲ့သည်။ ထို့အပြင် တန်းဆင်းဇုန်ရုန်းအား နှင့် ကစားသမားအပြောင်းအလဲများ ပြုလုပ်ထားခြင်းကလည်း စစ်တွေကွင်း၌ ထပ်မံ စောင့်ကြည့်ချင်စရာဖြစ်သည်။ ထို့ကြောင့် နှစ်ဖက်အပြန်အလှန်သွင်းဂိုးများဖြင့် စောင့်ကြည့်ချင်စရာ ပွဲစဉ်တစ်ပွဲ ဖြစ်လာမည်ဟု ယူဆမိသည်။
 
ဂျီအက်ဖ်အေ-ဆောက်သမ်းမြန်မာ
 
အဆင့် ၁၁ နေရာက ဂျီအက်ဖ်အေအသင်းနှင့် အဆင့် ၉ နေရာက ဆောက်သမ်းမြန်မာအသင်းတို့ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်သွားမည့် ပွဲစဉ်ဖြစ်သည်။ ပွဲစဉ်(၁၂) အပြီး ရမှတ် ကိုးမှတ်သာ ရရှိထားသည့် အိမ်ရှင်အသင်း ဖိအားများနှင့် ရင်ဆိုင်နေရချိန်ဖြစ်သည်။ တန်းဆင်းဇုန်အတွင်း ရတက်မအေး ဖြစ်နေရချိန်တွင် အသစ်ခေါ်ယူထားသည့် တိုက်စစ်မှူး ကာမာရာ နှင့် အသင်းသားများ ခြေစွမ်းပြနိုင်မလား စောင့်ကြည့်ရမည်ဖြစ်သည်။ ပထမအကျော့ အိမ်ကွင်းတွင် ၀ါရင့်ကွင်းလယ်လူ အောင်မိုး၏ တိုက်ရိုက်ပြစ်ဒဏ်ဘောကန်ချက်ဖြင့် နိုင်ပွဲ ရရန် နီးစပ်ခဲ့သော်လည်း ဇော်လင်း၏ ချေပဂိုးကြောင့် ဆောက်သမ်းအသင်းတို့ နစ်နာခဲ့ရသည်။ ဆောက်သမ်းအသင်းအနေဖြင့် ပြည်ပ တိုက်စစ်မှူး ၀ီလျံနှင့်လည်း လက်တွဲဖြုတ်ခဲ့ပြီဖြစ်သည်။ သို့သော် ရှမ်းယူနိုက်တက်အသင်းမှ နန်းမင်းအောင်နှင့် ဖြိုးပိုင်စိုးတို့ကို ခေါ်ယူအားဖြည့်ထားသဖြင့် စောင့်ကြည့်ချင်စရာဖြစ်သည်။ ယခုပွဲစဉ်တွင် အထက်ပါ နှစ်သင်းကြား ခြေစွမ်း ကွာဟမှု ကြီးကြီးမားမား မရှိဘဲ အမှားများသည့်အသင်းက ပေးဆပ်သွားရမည့် အခြေအနေရှိသည်။
 
Week 13
26-5-2018
Rakhine Utd Vs Sagaing Utd- 3:30 (Waitaharli),Live On- MNL FB
26-5-2018
GFA FC Vs Southern Myanmar – 4:00(Thuwunna),Live On- MNL Web TV FB