ပင်နယ်တီအဆုံးအဖြတ်ဖြင့် ဧရာဝတီယူနိုက်တက်ကို အနိုင်ယူခဲ့သည့် မကွေးအက်ဖ်စီ

June 13, 2018

ဆီမီးဖိုင်နယ်တွင် ရန်ကုန်ယူနိုက်တက်နှင့် မကွေးအက်ဖ်စီအသင်း တွေ့ဆုံ

—————————————————————————-

General Aung San Shield 2018 ရှုံးထွက်ဘောလုံးပြိုင်ပွဲ ကွာတားဖိုင်နယ်ပွဲစဉ်တစ်ပွဲအဖြစ် ဧရာဝတီယူနိုက်တက်အသင်းနှင့် မကွေးအက်ဖ်စီအသင်းတို့ ယနေ့ညနေ သုံးနာရီခွဲက အောင်ဆန်းကွင်းတွင် ယှဉ်ပြိုင် ကစားခဲ့ကြပြီး နှစ်ဂိုးစီသရေကျခဲ့သည့်အတွက် ပင်နယ်တီအဆုံးအဖြတ် ကစားခဲ့ရာ မကွေးအသင်းက ၁၂-၁၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။


အဆိုပါပွဲစဉ် ပထမပိုင်းတွင် နှစ်သင်းစလုံးမှ ဘောလုံးအပျက်များခဲ့ပြီး မိနစ် ၄၃ မိနစ်အထိ ဂိုးသွင်းနိုင်ခြင်းမရှိခဲ့ပေ။ သို့သော် ပွဲချိန် ၄၄ မိနစ်တွင် မကွေးအသင်းမှ ဦးဆောင်ဂိုးရခဲ့ပြီး ဇေယျာနိုင်က သွင်းယူပေးခဲ့သည်။ပထမပိုင်းအပြီးတွင် မကွေးအသင်းက တစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ခဲ့သည်။
ဒုတိယပိုင်းပြန်လည်စတင်ရာတွင် ဧရာဝတီအသင်းမှ ကစားပုံပိုမိုကောင်းမွန်လာခဲ့သော်လည်း ပွဲချိန် ၅၇ မိနစ်တွင် မကွေးအသင်းက ဒုတိယဦးဆောင်ဂိုး ထပ်မံရခဲ့သည်။ အဆိုပါဂိုးကို မောင်မောင်စိုးက ပိတ်သွင်းပေးခဲ့သည်။ နောက်ထပ် နှစ်မိနစ်အကြာတွင် ဧရာဝတီအသင်းမှ ချေပဂိုး တစ်ဂိုး ပြန်လည်ရခဲ့ပြီး တိုက်စစ်မှူး ကတ်ဆီယိုက သွင်းပေးခဲ့သည်။ ပထမချေပဂိုးရခဲ့ပြီးနောက် ဧရာဝတီအသင်း ကစားအား ပိုမိုတက်လာခဲ့သည်။


ပွဲချိန် ၇၅ မိနစ်တွင် ဧရာဝတီအသင်းမှ ဒုတိယ ချေပဂိုးရခဲ့ပြီး သီဟဇော်က သွင်းယူပေးခဲ့သည်။ ပွဲကစားချိန် မိနစ် ၉၀ အပြီးတွင် နှစ်ဂိုးစီ သရေကျခဲ့သည့်အတွက် အချိန်ပို ပင်နယ်တီ ဆက်လက်ကစားခဲ့သည်။
နာရီဝက်ထပ်မံကစားခဲ့သည့် အချိန်ပိုတွင်လည်း သရေကျနေသည့်အတွက် ပင်နယ်တီ ဆက်လက်ကန်သွင်းခဲ့သည်။ ပင်နယ်တီ အဆုံးအဖြတ် ကန်သွင်းပြီးနောက်တွင် မကွေးအသင်းက ဧရာဝတီအသင်းကို ၁၂-၁၁ ဂိုးဖြင့်
အနိုင်ရကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်သွားခဲ့သည်။ ဆီမီးဖိုင်နယ်တွင် မကွေးအသင်းသည် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဆက်လက်ကစားရမည်ဖြစ်သည်။