မကွေးကို အိမ်ကွင်းမှာ အမှားအယွင်းမရှိ အနိုင်ကစားခဲ့တဲ့ ရှမ်းယူနိုက်တက်

June 16, 2018

နည်းပြသစ် မာယန်လက်ထက်မှာ တောက်လျှောက် ရလဒ်ကောင်းတွေ ရယူထားနိုင်တဲ့ ရှမ်းယူနိုက်တက် အသင်းကတော့ အိမ်ကွင်းမှာ အမှတ်ပေးဇယား အဓိက ပြိုင်ဘက်အသင်း တစ်သင်း ဖြစ်တဲ့ မကွေးအသင်းကို အမှားအယွင်းမရှိ အနိုင်ယူပြီး တနင်္ဂနွေပွဲတွေ မကစားရခင်မှာ အမှတ်ပေးဇယားကို ယာယီ ဦးဆောင်နိုင်ခဲ့ပါတယ်။ 

ရှမ်းယူနိုက်တက် အသင်း အနေနဲ့ ခရစ္စတိုဖာ၊ ဝီလီယမ်၊ လီဟန်ကွတ် စတဲ့ နိုင်ငံခြား ကစားသမားတွေကို ပွဲထွက်လူစာရင်းထဲ ထည့်သွင်းထားခဲ့ပြီး ရန်နိုင်ဦး၊ သီဟစည်သူ၊ ထိုက်ထိုက်အောင် အစရှိတဲ့ ပုံမှန်ပွဲထွက်နေကျ ကစားသမားတွေနဲ့ ပွဲထွက်စေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပုံမှန် ပွဲထွက်နေကျ ကွင်းလယ်လူ တင်ဝင်းအောင်ကတော့ ပွဲပယ်ပြစ်ဒဏ် ရှိနေတာကြောင့် ပါဝင်လာခဲ့ခြင်း မရှိပါဘူး။ မကွေးကလည်း ကွင်းလယ်မှာ ဆက်ဖြိုးဝေကို မြတ်ထွန်းသစ်နဲ့ တွဲပေးခဲ့ပြီး စိုးလွင်လွင်ကို အရံစာရင်းမှာသာ ထားကာ နန္ဒကျော်၊ ကျော်ဇင်လွင်၊ ဝင်းမိုးကျော်၊မောင်မောင်စိုး အစရှိတဲ့ ကစားသမားတွေနဲ့ ပွဲထွက်လာခဲ့ပါတယ်။ အဓိက ဂိုးသမား ကျော်ဇင်ဖြိုးကတော့ ပွဲမတိုင်ခင်တစ်ရက် ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေး အစီအစဉ်မှာ ခါးနာသွားခဲ့တာကြောင့် အရံစာရင်းမှာတောင် ပါဝင်နိုင်ခဲ့ခြင်း မရှိဘဲ အောင်ဝေဖြိုးက ပွဲထွက်ဂိုးသမားအဖြစ် ရှမ်းယူနိုက်တက်ကို ရင်ဆိုင်ခဲ့ပါတယ်။

ပွဲကတော့ ပွဲကောင်းတစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ပထမပိုင်းမှာတော့ နှစ်သင်းစလုံး ပုံမှန်အတိုင်း ကစားခဲ့ကြပါတယ်။ ရှမ်းက အိမ်ရှင်ပီပီ ဦးဆောင်ဂိုး စတင် ရယူနိုင်ဖို့ ဖိကစားခဲ့သလို မကွေးကလည်း ဖိအားကင်းကင်းနဲ့ တုန့်ပြန်ခဲ့တာ တွေ့ရပါတယ်။ ဒါပေမဲ့ ပွဲချိန် ၁၈ မိနစ် အရောက်မှာတော့ ပြစ်ဒဏ်ဘောကတစ်ဆင့် ရှမ်းနောက်ခံလူ ဝီလီယမ်က ခေါင်းတိုက်သွင်းယူနိုင်ခဲ့တာကြောင့် ရှမ်းက ပွဲကို စောစောစီးစီး ဦးဆောင်ခွင့် ရခဲ့ပါတယ်။

ဒုတိယပိုင်း ပွဲချိန် မိနစ် ၅၀ အရောက်မှာ ရှမ်းယူနိုက်တက်ရဲ့ တိုက်စစ်ကို ဟန့်တားရင်း မကွေးတိုက်စစ် ကစားသမား အောင်မြင့်ထွန်းက ဘောလုံးကို လက်နဲ့ပုတ်မိခဲ့တာကြောင့် ကွင်းလယ်ဒိုင်က ပင်နယ်တီ သတ်မှတ်ပေးကာ အောင်မြင့်ထွန်းကို အဝါကတ်ပြား ပြသခဲ့ပါတယ်။ ဒါကို မကွေးကစားသမားတွေက ပြင်းပြင်းထန်ထန် ဝိုင်းဝန်းစောဒက တက်ခဲ့ကြတာကြောင့် ပွဲက အနည်းငယ် ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့ပြီး ဒီဖြစ်ရပ်မှာ မကွေးရဲ့ တိုက်စစ်ကစားသမား နိုင်နိုင်ကျော်က ကွင်းလယ်ဒိုင်ကို ရုန့်ရင်းစွာ ပြောဆိုခဲ့တာကြောင့် ကွင်းလယ်ဒိုင်က တိုက်ရိုက် အနီကတ်ပြသပြီး ကွင်းအတွင်းက ထုတ်ပယ်ခဲ့ပါတယ်။

ဒီပင်နယ်တီကတော့ ရှမ်းယူနိုက်တက် တိုက်စစ်မှူး ခရစ္စတိုဖာက အပိုင်ကန်သွင်းပြီး ပွဲချိန် ၅၂ မိနစ်အရောက်မှာ ရှမ်းယူနိုက်တက်က (၂-၀) ဂိုးနဲ့ ပွဲကို ဦးဆောင်နိုင်ခဲ့ပါတယ်။ လက်ကျန်မိနစ်တွေမှာ ရှမ်းယူနိုက်တက်က လူစားလဲပြီး ရလဒ်ကို ထိန်းဖို့အားထုတ်ခဲ့သလို မကွေးကလည်း စိုးလွင်လွင်၊ ချိုထွန်းတို့ကို ထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့် ရလဒ်ကို ပြောင်းလဲနိုင်ခြင်း မရှိခဲ့တာကြောင့် ပွဲအပြီးမှာ ရှမ်းယူနိုက်တက်ကပဲ ၂-၀ ဂိုးနဲ့ အနိုင်ရသွား ခဲ့ပါတယ်။