မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၆ ဆောက်သမ်း-ဧရာဝတီယူနိုက်တက်ပွဲ ဖြစ်ရပ်များအတွက် စည်း/ထိန်းမှ ပြစ်ဒဏ်ချမှတ်

June 20, 2018

ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် MPT Myanmar National League 2018 အမှတ်ပေး ဘောလုံးပြိုင်ပွဲ ပွဲစဉ် ၁၆ ၏ ပွဲစဉ်တစ်ပွဲဖြစ်သည့် ဆောက်သမ်းမြန်မာ အသင်းနှင့် ဧရာဝတီ ယူနိုက်တက် အသင်းတို့၏ ပွဲစဉ်မှ ဖြစ်ရပ်များအတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီက ပြစ်ဒဏ်များ ချမှတ်လိုက်ပြီ ဖြစ်သည်။

ဆောက်သမ်းမြန်မာ အသင်းနှင့် ဧရာဝတီ ယူနိုက်တက် အသင်းတို့သည် မော်လမြိုင်မြို့ရှိ ဆောက်သမ်းမြန်မာ အသင်း၏ အိမ်ကွင်းဖြစ်သည့် ကျောင်းသားကွင်းတွင် ပြီးခဲ့သည့် ဇွန် ၁၇ ရက်က ယှဉ်ပြိုင်ကစားခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ပွဲအတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များ အတွက် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ အနေဖြင့် ၂၀.၆.၂၀၁၈ နံနက် ၁၀ နာရီ အချိန်တွင် အစည်းအဝေး တစ်ရပ် ပြုလုပ်ကာ တာဝန်ကျ ဒိုင်လူကြီးများကို ခေါ်ယူမေးမြန်းခြင်း၊ ပြိုင်ပွဲကြီးကြပ်နှင့် ဒိုင်လူကြီးများ၏ အစီရင်ခံစာများကို ဖတ်ရှုလေ့လာခြင်း၊ မှတ်တမ်းတင် ဗီဒီယိုကို ကြည့်ရှုခြင်းများ ပြုလုပ်ပြီးနောက် အောက်ပါအတိုင်း အရေးယူရန် ဆုံးဖြတ်ခဲ့ပါသည်။

(က) ဆောက်သမ်းမြန်မာအသင်း နည်းပြချုပ် ဦးကျော်မင်းသည် MNLI & II Regulations 2018 စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ် ၁၄ အရ နည်းစနစ် ဧရိယာအတွင်း ထုတ်ပြန်ထားသည့် ဥပဒေစည်းမျဉ်းများနှင့် အညီ လိုက်နာပြုမူ နေထိုင်ခြင်း မရှိသဖြင့် အနီးစပ်ဆုံး (၂) ပွဲကို ကွင်းအတွင်း ဝင်ရောက်ကြီးကြပ်ခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေကျပ် (၅၀၀၀၀၀) ငါးသိန်း ပေးဆောင်ရန်။

(ခ) ဆောက်သမ်းမြန်မာ အသင်းမှ ကျောနံပါတ် (၁၇) ထူးထူးအောင်သည် MNLI & II Regulations 2018 စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ် ၅ အရ ပွဲရပ်နားထားစဉ် တစ်ဖက်သားအား ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သဖြင့် အနီးစပ်ဆုံး (၆) ပွဲ ပါဝင်ကစားခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေကျပ် (၆၀၀၀၀၀) ခြောက်သိန်း ပေးဆောင်ရန်။

(ဂ) ဧရာဝတီ ယူနိုက်တက် အသင်းမှ ကျောနံပါတ် (၂၈) ကတ်စီယို သည် MNLI & II Regulations 2018 စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ် ၅ အရ ပွဲရပ်နားထားစဉ် တစ်ဖက်သားအား ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့သဖြင့် အနီးစပ်ဆုံး (၆) ပွဲ ပါဝင်ကစားခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေကျပ် (၆၀၀၀၀၀) ခြောက်သိန်း ပေးဆောင်ရန်။