MPT U-14 Football Tournament 2018 ဘောလုံးပြိုင်ပွဲ မန္တလေးဇုန် ပြိုင်ပွဲ မဲခွဲပွဲအခမ်းအနား ကျင်းပ

July 3, 2018

အသင်းပေါင်း ၁၂ သင်းက အုပ်စု ၄ စုခွဲကာ ယှဉ်ပြိုင်သွားမည်

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ ကြီးမှူးကာ မြန်မာနေရှင်နယ်လိဂ်နှင့် အဓိက မိတ်ဖက် MPT တို့ ပူးပေါင်းပါဝင်သည့် MPT U-14 Football Tournament 2018 ဘောလုံးပြိုင်ပွဲ၏ မန္တလေးဇုန် ပွဲစဉ်များအတွက် မဲခွဲပွဲ အခမ်းအနားကို ယနေ့ ဇူလိုင် ၃ ရက် ညနေပိုင်းက မန္တလေးမြို့ ရှိ အောင်မြေသာဇံ အ.ထ.က (၁) အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ 

မြန်မာနိုင်ငံ၏ ဦးဆောင် အော်ပရေတာ MPT နှင့် မြန်မာနေရှင်နယ်လိဂ်တို့၏ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် တစ်စိတ်တစ်ပိုင်း အဖြစ် Grassroots Festival များနှင့် အသက် ၁၄ နှစ်အောက် လူငယ်ဘောလုံး ပြိုင်ပွဲများကို မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်း ဒေသကြီး (၈) ခုတွင် ကျင်းပပြုလုပ်သွားရန် စီစဉ်ထားပြီး ဖြစ်ရာ ယခုပြိုင်ပွဲမှာ ပထမဆုံး ခြေလှမ်းလည်း ဖြစ်သည်။

အဆိုပါ အခမ်းအနားသို့  ပြိုင်ပွဲဝင် အသင်းများ ဖြစ်သည့် ပြင်ဦးလွင် (က) အသင်း၊ ပြင်ဦးလွင် (ခ) အသင်း၊ မြင်းခြံ (က) အသင်း၊ မြင်းခြံ (ခ) အသင်း၊ မန္တလေး (က) အသင်း၊ မန္တလေး (ခ) အသင်း၊ မြစ်ကြီးနား (က) အသင်း၊ မြစ်ကြီးနား (ခ) အသင်း ၊ ကျောက်ဆည် ခရိုင်အသင်း၊ ညောင်ဦး ခရိုင် အသင်း၊  ရမည်းသင်း ခရိုင် အသင်းနှင့် လူမှုဝန်ထမ်းနှင့် ပြန်လည် နေရာချထားရေးမှ မန္တလေး ခရိုင်ကိုယ်စားပြု  အသင်း တစ်သင်း စသည့် အသင်းပေါင်း ၁၂ သင်းမှ အသင်းတာဝန်ရှိသူများနှင့် မြန်မာနေရှင်နယ်လိဂ်မှ Operation and Security ဒါရိုက်တာ ဦးအောင်သူမြင့်၊ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ Competition Manager နှင့် ယူ-၁၄ ပြိုင်ပွဲများ၏ ပြိုင်ပွဲကျင်းပရေး တာဝန်ခံ ဦးရဲဝင်းထွန်း၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် Grassroots တာဝန်ခံ ဦးဘုန်းညွှန့်ကို တို့နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားကို ညနေ ၄း၀၀ နာရီတွင် စတင် ကျင်းပခဲ့ပြီး မြန်မာနေရှင်နယ်လိဂ်မှ Operation and Security ဒါရိုက်တာ ဦးအောင်သူမြင့်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက်တွင် ပြိုင်ပွဲကျင်းပမည့် ပုံစံနှင့် စည်းမျဉ်းစည်းကမ်းများ ကို ရှင်းလင်းပြောကြားခြင်းများ ပြုလုပ်ခဲ့သည်။ အုပ်စုခွဲဝေမှုနှင့် ပွဲစဉ်မဲနှိုက်မှုများကို အဆိုပါ အစီအစဉ် အပြီးတွင် ဆက်လက် ပြုလုပ်ခဲ့ပြီးနောက် ပြိုင်ပွဲဝင် အသင်းများကို ပြိုင်ပွဲဝင် ထောက်ပံ့ကြေး ၁၀ သိန်းကျပ်စီနှင့် ပြိုင်ပွဲဝင် ဝတ်စုံများကို ပေးအပ်ခဲ့ကြသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်တို့ အနေဖြင့် MFF – MPT Grassroots Football Festival 2018 နှင့် MPT U-14 Football Tournament 2018 ပွဲများကို တစ်ဆက်တည်း ကျင်းပပြုလုပ်ရန် စီစဉ်ထားပြီး မနက်ဖြန် ဇူလိုင် ၄ ရက်တွင် မန္တလေးဇုန် MFF – MPT Grassroots Football Festival 2018 နှင့် MPT U-14 Football Tournament 2018 ပွဲများ၏ ဖွင့်ပွဲအခမ်းအနားများကို ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။ ယင်းနောက် ဇူလိုင် ၅ ရက်တွင် MPT U-14 Football Tournament 2018 ၏ အုပ်စုပွဲများကို စတင် ကျင်းပသွားမည် ဖြစ်ပြီး ဇူလိုင် ၁၄ ရက်တွင် ပြီးဆုံးမည် ဖြစ်သည်။

MPT U-14 Football Tournament 2018 အုပ်စု ခွဲဝေမှုနှင့် ပွဲစဉ်ဇယား