AFC Club Licensing Accessment Visit ကိစ္စနှင့်စပ်လျဉ်း၍ မြန်မာနေရှင်နယ်လိဂ်မှ ကလပ်အသင်းများအား ခေါ်ယူတွေ့ဆုံဆွေးနွေး

July 10, 2018

၂၀၁၈ ခုနှစ်အတွက် ကလပ်လိုင်စင် ဆိုင်ရာ ကိစ္စရပ်များတွင် မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများ၏ ဖြည့်ဆည်းဆောင်ရွက် ထားမှုများကို လာရောက် စစ်ဆေးမည့် AFC မှ Club Licensing Administrator ဖြစ်သူ မစ္စ ဝမ်မင်စီးသည် မြန်မာနိုင်ငံသို့ ဇူလိုင် ၂၀ ရက်နေ့မှ ၂၃ ရက်နေ့ထိ လာရောက် စစ်ဆေးမှုများ ပြုလုပ်မည် ဖြစ်ရာ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများ အနေဖြင့် လိုအပ်သည်များကို ပြင်ဆင်ဆောင်ရွက်ထားနိုင်ရန်အတွက် ဆွေးနွေးပွဲ တစ်ရပ်ကို ယနေ့ နံနက်ပိုင်းက မြန်မာနေရှင်နယ်လိဂ် ရုံးတည်ရှိရာ သုဝဏ္ဏကွင်း၊ ပထမထပ်ရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးပွဲသို့ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ ကလပ်လိုင်စင် ကိစ္စရပ်များ အတွက် ကနဦး စိစစ်ရေး ကော်မတီ (FIB) ဥက္ကဌ ဦးတင်အောင်(ဂိုး)နှင့် အဖွဲ့ဝင် ဦးဇော်မင်းစိန်၊ အယူခံကော်မတီ ဥက္ကဌ ဦးလှရွှေလေး၊  မြန်မာနေရှင်နယ်လိဂ် ကလပ်လိုင်စင် မန်နေဂျာ ဦးမိုးသွင်ထွန်း၊ ကလပ်အသင်း အသီးသီးမှ အထွေထွေ မန်နေဂျာများ၊ ကလပ်လိုင်စင် အရာရှိများ၊ မီဒီယာ အရာရှိများ တက်ရောက်ခဲ့ကြသည်။

မြန်မာနေရှင်နယ်လိဂ် အမှုဆောင် အရာရှိချုပ် ဦးစိုးမိုးကျော်က အဖွင့်အမှာစကား ပြောကြားရာတွင် “မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများသည် ပရော်ဖက်ရှင်နယ် အသင်းများ ဖြစ်သည့် အတွက် AFC Club Licensing ကိစ္စရပ်များကို နှစ်စဉ် ဖြည့်ဆည်းဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ပရော်ဖက်ရှင်နယ် အဆင့် ဘောလုံးပြိုင်ပွဲ တစ်ရပ်ကို ဝင်ရောက် ယှဉ်ပြိုင်နေသည့် ကလပ်အသင်းများ အနေဖြင့် ကလပ်လိုင်စင် ကိစ္စရပ်များမှာ မဖြစ်မနေ လုပ်ဆောင်ရမည့် ကိစ္စရပ်များ ဖြစ်ကြောင်း၊ ၂၀၁၈ မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေး စည်းမျဉ်းစည်းကမ်းမှ အခန်း(၁)၊ အပိုဒ် (၃၈)၊ အပိုဒ်ခွဲ (ခ-၄) အရ ကလပ်လိုင်စင် ကိစ္စရပ်များကို ဖြည့်ဆည်းဆောင်ရွက် ထားခြင်း မရှိသော ကလပ်အသင်းများကိုလည်း အရေးယူ ဆောင်ရွက်ထားရှိ ခဲ့ပြီး ဖြစ်ကြောင်း၊ လက်ရှိတွင် ကလပ်အသင်း အချို့အနေဖြင့် အချိန်မီ ဖြည့်ဆည်းဆောင်ရွက်ရမည့် ကိစ္စရပ်အချို့ကျန်ရှိနေကြောင်း၊ အဆိုပါ အချက်များကို သတ်မှတ်ထားသော အချိန်နှင့် တပြေးညီ ဖြည့်ဆည်းဆောင်ရွက်ရမည် ဖြစ်ပြီး ကလပ်အသင်းများဘက်မှ မရှင်းလင်းသည်များ၊ သိလိုသည်များ ရှိပါက အချိန်မရွေး ဆက်သွယ် အကူအညီ တောင်းခံနိုင်ကြောင်း”စသည့်ဖြင့် ပြောကြားခဲ့သည်။

ယင်းနောက်တွင် ကလပ်လိုင်စင် ကနဦး စိစစ်ရေး ကော်မတီ (FIB) ဥက္ကဌ ဦးတင်အောင် (ဂိုး)က ကလပ်အသင်းများ၏ ကလပ်လိုင်စင် ဆောင်ရွက်မှုများကို စစ်ဆေးမှု ပြုရာတွင် တွေ့ရှိရာသည့် မှားယွင်းမှုများ၊ လိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့ပြီး သတိပြုသင့်သည်များကိုလည်း သတိပေး ပြောကြားမှု ပြုလုပ်ခဲ့သည်။ ထို့နောက် မြန်မာနေရှင်နယ်လိဂ် ငွေစာရင်းဌာန တာဝန်ခံ ဒေါ်နီလာရှိန်၊ FIB အဖွဲ့ဝင် ဦးဇော်ဝင်းစိန်နှင့် ကလပ်လိုင်စင် မန်နေဂျာ ဦးမိုးသွင်းထွန်း တို့ကလည်း လိုအပ်သည်များ၊ သိသင့်သည်များကို ရှင်းလင်းပြောကြား ခဲ့ကြပြီး ကလပ်အသင်းများကလည်း တစ်သင်းခြင်း ပြန်လည် ဆွေးနွေးမှု ပြုလုပ်ခဲ့ကြပြီးနောက် အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။