ဝင်းနိုင်စိုး၏ နောက်ကျ သွင်းဂိုးကြောင့် စစ်ကိုင်း၏ ရှုံးပွဲကို အခွင့်အရေး မယူနိုင်ခဲ့သည့် ဂျီအက်ဖ်အေ

July 16, 2018

MPT Myanmar National League II 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-20) ပွဲစဉ်တစ်ပွဲအဖြစ် ဇွန်လ ၁၅ ရက် (ယနေ့) ညနေ(၄း၀၀)တွင် ရတနာပုံအသင်းနှင့် ဂျီအက်ဖ်အေ အသင်းတို့ မန္တလာသီရီကွင်း၌ ယှဉ်ပြိုင်ကစားခဲ့ရာ ဂျီအက်ဖ်အေ အသင်း အနေဖြင့် အထူးခြေစွမ်းပြ ကစားနိုင်ခဲ့သော်လည်း ရတနာပုံ တိုက်စစ်ကစားသမား ဝင်းနိုင်စိုး၏ ပွဲချိန် မိနစ် ၉၀ သွင်းဂိုးကြောင့် ရတနာပုံကို အရှုံးပေးခဲ့ရပြီး အဖိုးတန် သရေတစ်မှတ်ကို လက်လွှတ်ခဲ့ရသည်။

တန်းဆင်းဇုန် အတွင်းမှ ရုန်းထွက်ရန် ကြိုးစားနေသည့် ဂျီအက်ဖ်အေ အသင်းသည် ယခုပွဲတွင် ဦးဆောင်ဂိုးများ ပေးခဲ့ရပြီး ရတနာပုံ၏ ဖိအားပေးမှုကို ပထမပိုင်း တစ်ပိုင်းလုံး ခံခဲ့ရသော်လည်း ဒုတိယပိုင်းတွင် ချေပဂိုးများ ပြန်လည် ရယူနိုင်ခဲ့သည်။ ရတနာပုံအသင်းနှင့် ဂျီအက်ဖ်အေ အသင်းတို့သည့်တစ်ဖက်နှင့်တစ်ဖက် ဂိုးရရှိရေးအတွက် အပြန်အလှန် တိုက်စစ်ဆင် ကြိုးစား ကစားခဲ့ပြီး ရတနာပုံအသင်းမှ ပထမပိုင်း ပွဲကစားချိန် ၆ မိနစ်မှာပင် စည်သူအောင်၏ သွင်းဂိုးဖြင့် ပွဲကို ဦးဆောင် နိုင်ခဲ့သည်။ ဂျီအက်ဖ်အေအသင်း အနေဖြင့် ချေပဂိုးရှိရေးအတွက် တိုက်စစ်ဆင် ကစားခဲ့သော်လည်း ပွဲကစားချိန် ၄၅ မိနစ် အရောက်တွင် ဝင်းနိုင်စိုးမှ ရတနာပုံ အတွက် ဒုတိယဂိုး သွင်းယူကာ ပထမပိုင်း အပြီးတွင် ရတနာပုံ အသင်းက ပွဲကို ဦးဆောင် နိုင်ခဲ့သည်။

ဒုတိယပိုင်းတွင် ဂျီအက်ဖ်အေ အသင်း အနေဖြင့် ချေပဂိုးရရှိရန် အစွမ်းကုန် တင်ကစားလာခဲ့သည်။ ထို့ကြောင့် ပွဲချိန် ၅၄မိနစ်တွင် ဂျော်ဒန်က ပယ်နယ်တီမှ တဆင့် ဂျီအက်ဖ်အေ အသင်းအတွက် အဖွင့်ဂိုး သွင်းယူနိုင်ခဲ့သည်။ ရတနာပုံ အနေဖြင့် ချေပဂိုး တစ်ဂိုး ပေးလိုက်ရပြီး နောက်တွင် ဂိုးထပ်မပေးရရေးအတွက် ခံစစ်အားပြု ကစားလာ ခဲ့သည်။ သို့သော် ဂျီအက်ဖ်အေ၏ တိုက်စစ်ကို ထိန်းချုပ်နိုင်ခြင်း မရှိခဲ့ဘဲ ၇၈ မိနစ်တွင် အီမန်ယူရယ်၏ သွင်းဂိုးကို ခွင့်ပြု ခဲ့ရသည်။

လက်ကျန် မိနစ်များတွင် အနိုင်ဂိုး သွင်းယူနိုင်ရေး အတွက် နှစ်သင်းစလုံး အားထည့် ကျိုးပမ်းခဲ့သည့် အတွက် ပွဲက ပိုမိုစိတ်လှုပ်ရှားစရာ ကောင်းလာခဲ့သည်။ ပွဲချိန် မိနစ် ၉၀ တွင်မူ ရတနာပုံ အတွက် အဖိုးတန် အနိုင်ဂိုး ရရှိခဲ့သည်။ ယင်းဂိုးကို ဝင်းနိုင်စိုးက သွင်းယူပေး ခဲ့ခြင်း ဖြစ်သည်။ ဂျီအက်ဖ်အေ အနေဖြင့် ယခုပွဲ ရှုံးနိမ့်မှုကြောင့် တစ်ဘက်မှ စစ်ကိုင်းယူနိုက်တက်၏ ရှုံးနိမ့်မှုကို အခွင့်ကောင်း မယူနိုင်ခဲ့ဘဲ လက်ကျန် ပွဲများတွင် ပိုမိုရုန်းကန် ရတော့မည် ဖြစ်သည်။