ဟံသာဝတီယူနိုက်တက်အသင်းအား အနိုင်ကစားခဲ့သည့် ဧရာဝတီယူနိုက်တက်

August 6, 2018

MPT Myanmar National League (U-19) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပွဲစဉ်တစ်ပွဲအဖြစ် သြဂုတ် ၆ ရက်(ယနေ့) ညနေက စလင်းကွင်းတွင် ဧရာဝတီ ယူ-၁၉ အသင်းနှင့် ဟံသာဝတီ ယူ-၁၉ အသင်းတို့ ကစားခဲ့ရာ ဧရာဝတီအသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့ သည်။

ဧရာဝတီအသင်းသည် ဦးဆောင်ဂိုးရယူရန် ဟံသာဝတီအသင်းဘက်သို့ ဖိအားပေးကစားခဲ့ပြီး ပွဲချိန် ၁၉ မိနစ်တွင် စတင်ဂိုးရခဲ့သည်။ အဆိုပါဂိုးကို စောဦးလှိုင်က ခေါင်းတိုက်သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ဧရာဝတီအသင်း၏ ဦးဆောင်ဂိုးသွင်းယူအပြီး လေးမိနစ်အကြာ တွင် ဟံသာဝတီအသင်းမှ ချေပဂိုး ပြန်လည်ရခဲ့သည်။ အဆိုပါဂိုးကို သန့်ဇင်ဖြိုးက အလွတ်တည်ကန်ဘောမှတစ်ဆင့် တိုက်ရိုက် သွင်းယူသွားခဲ့ခြင်းဖြစ်သည်။ ပထမပိုင်းအပြီးတွင် တစ်ဖက်တစ်ဂိုးစီဖြင့် သရေကျနေခဲ့သည်။

ဒုတိယပိုင်း ပြန်လည်စတင်ရာတွင် နှစ်သင်းစလုံးမှ ထပ်မံဦးဆောင်ဂိုးများရရှိရန် အကြိတ်အနယ် ကြိုးပမ်းခဲ့ပြီး ပွဲချိန် ၆၃ မိနစ်တွင် ဧရာဝတီအသင်းမှ ဒုတိယဦးဆောင်ဂိုးထပ်မံရခဲ့သည်။ အဆိုပါဂိုးကို Arnt Kaung Mon က ပိတ်သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ပွဲပြီးခါနီး မိနစ်များတွင် ဧရာဝတီအသင်းမှ ဂိုးရရှိစေမည့် အခွင့်အရေးအချို့ထပ်မံရခဲ့သော်လည်း ဂိုးအဖြစ် ထပ်မပြောင်းနိုင်ခဲ့သည့်အတွက် ၂-၁ ဂိုးဖြင့်သာ အနိုင်ရသွားခဲ့သည်။